ရန်ကုန် UG ရဲဘော်တစ်ဦး တာဝန်ထမ်းဆောင်စဉ် မိုင်းမတော်တဆမှုကြောင့် မသန်စွမ်းဘဝ ရောက်ခဲ့ရ

မြို့ပြပြောက်ကျားရဲဘော်တစ်ဦ. တာဝန်ထမ်းဆောင်နေစဉ် မတော်တဆမိုင်းပေါက်ကွဲခဲ့ရာမှ သေမလိုဖြစ်ခဲ့ရာကနေ မသန်စွမ်းဘဝကို ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

လက်ရှိ၌ လွတ်မြောက်နယ်မြေတစ်နေရာမှာ ဆေးကုသနေရဆဲဖြစ်သည့် အဆိုပါရန်ကုန် UG ရဲဘော်မှာ အသက် ၂၀ သာရှိသေးပြီး ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ညပိုင်းက တတိယမြောက် မစ်ရှင်တာဝန်ကို ထမ်းဆောင်နေချိန် မမျှော်လင့်ဘဲ မိုင်းပေါက်ကွဲခဲ့ရာမှ တစ်ကိုယ်လုံးဒဏ်ရာအပြည့် ရရှိသွားခဲ့ရသူဖြစ်သည်။

“၈ လပိုင်းတုန်းက ပထမဆုံးမစ်ရှင်အောင်မြင်ခဲ့တယ်။ ဒုတိယတစ်ခေါက် သီတင်းကျွတ်မှာလည်း ဒလန်ရှင်းလင်းရေးမစ်ရှင်အောင်မြင်ခဲ့တယ်။ နောက်ဆုံးတစ်ခေါက်မစ်ရှင်က ညအချိန်မိုင်းထောင်ဖို့လုပ်နေချိန် လူလာလို့ ထောင်ထားတဲ့မိုင်းပြန်ကောက်တာကနေ ပေါက်ကွဲသွားတာ”ဟု အဆိုပါရဲဘော်က ပြောသည်။

နွေဦးတော်လှန်ရေးကနဦးက ဆန္ဒပြတော်လှန်ရေးပါဝင်နေချိန် ဖြိုခွင်းခံရမှုကြောင့် စစ်ကောင်စီ၏ဖမ်းဆီးခံရာမှ ရက်ပိုင်းအတွင်းပြန်လွှတ်လာပြီးနောက် လက်နက်ကိုင်တော်လှန်ဖို့ဆုံးဖြတ်ကာ ၁ လခွဲကြာလွတ်မြောက်နယ်မြေတစ်နေရာသို့ သင်ကြားခဲ့ရကြောင်း၎င်းက ဆိုသည်။

“အဖေတော့မရှိတော့ဘူး။ အဖမ်းခံရလို့ ပြန်လွှတ်လာချိန်မှာ စစ်အာဏာရှင်ကို တော်တော်မုန်းသွားပြီ။ လက်နက်ကိုင်တော်လှန်မှရမယ်ဆိုပြီး အမေနဲ့ညီမလေးတို့ရဲ့ခွင့်ပြုချက်နဲ့ သင်တန်းတက်လိုက်တာ။ ၁ လခွဲအကြာမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ”ဟု ဆိုသည်။

ဒဏ်ရာရရှိချိန်၌ အတူနေရဲဘော်ရဲဘက်များ၏ ပြုစုမှုနှင့်အတူ CDM ဆရာဝန်၏ကုသပေးမှုကြောင့် အသက်ရှင်ခဲ့ကြောင်း၊ ယင်းနောက်ကုသမှုကို ၁ နှစ်ကျော်ကြာယနေ့အထိ မငြီးငြူဂရုစိုက်မှုများကြောင့် သက်သာလာပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး၌ သေရာပါဒဏ်ရာများပြည့်နှက်နေသည့်အပြင် လက်နှစ်ဖက်စလုံး လှုပ်ရှားကိုင်တွယ်၍မရတော့ကြောင်း သိရသည်။

“သူက စိတ်ဓာတ်တော်တော်ကြံ့ခိုင်တဲ့အထဲပါတယ်။ တစ်နှစ်ကျော်ကြာတဲ့ အထိဆေးကုသနေချိန် တစ်ရက်မှစိတ်ပျက်သွားတာမျိုး လုံးဝ မရှိဘူး” ဟု ၎င်းကိုပြုစုပေးနေသော အတူနေရဲဘော်ကလည်း ပြောသည်။

တော်လှန်ရေးခေါင်းဆောင်များကလည်း ရဲဘော်ရဲဘက်ညီအစ်ကိုစိတ်ဓာတ်ဖြင့် အမြုဲဂရုစိုက်သည့်အပေါ်ကျေးဇူးတင်ကြောင်းနဲ့ မြို့ပြပြောက်ကျားများ၏ အခက်အခဲများစွာထဲတွင် လက်နက်အင်အားချို့တဲ့မှုမှာ အဓိကလိုအပ်ချက်ဟု ၎င်းက ဆိုသည်။

ထို့ပြင် တော်လှန်ရေးမုချအောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုရာတွင် “အောင်ကိုအောင်မြင်မှာ၊ အောင်မြင်မှာမို့လို့လည်း ကျွန်တော်တို့ ဒီလမ်းရွေးခဲ့တာ” ဟု အဆိုပါရဲဘော်က ပြောသည်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်