လိုင်လင်းပီလေယာဉ်ကွင်း တည်ဆောက်မှု (၃၄)ရာခိုင်နှုန်းပြီးစီးပြီး လေးလအတွင်းလုပ်ငန်းပြီးနိုင်ဖို့မျှော်မှန်း

မတူပီမြို့နယ် လိုင်လင်းပီလေယာဉ်ကွင်းတည်ဆောက်မှုလုပ်ငန်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ ထိ ၃၄ ရာခိုင်နှုန်းပြီးနေပြီး လာမယ့် လေးလအတွင်း လုပ်ငန်းပြီးစီးဖို့မျှော်မှန်းထားကြောင်းသတင်းရရှိပါတယ်။

မတူပီမြို့နယ် လိုင်လင်ပီးမြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့တာဝန်ရှိသူတွေက ၂၀၁၉ ခုနှစ် ဧပြီလ(၄)ရက်နေ့မှာ ပိန္နက်ရိုက်အခမ်းအနားကျင်းပခဲ့ပါတယ်။

Health and Hope Myanmar ကဆက်သွယ်အကူအညီတောင်းတာကြောင့် Mission Aviation Fellowship International (MAFI) ကအမေရိကန်ဒေါ်လာ ၂ သန်းကျော်ထောက်ပံ့ကူညီထားပါတယ်။

Health and Hope Myanmar အဖွဲ့က ဒါရိုက်တာ ဒေါက်တာဆာဆာက “သတ်မှတ်ကာလမှာအကုန်ပြီးနိုင်မယ်။ နေ့ရောညရော မိုးရွာရင်လည်း လုပ်နေတာပဲ။ အကုန်လုံးကြိုးကြိုးစားစားလုပ်နေကြတာပဲ။ မေလကုန်မှာ လုပ်ငန်းကိုပြီးစီးပြီးတော့ လေယာဉ်ကိုလည်း တစ်ခါထဲ ဆင်းပြီးတော့ ဖွင့်ပွဲလုပ်ပြီးတော့ တစ်နိုင်ငံလုံးကိုမှီစေချင်တယ်။ ပြေးလမ်းခင်းဖို့ကျောက်ခဲတွေလည်းလုပ်နေကြပြီ” လို့ပြောပါတယ်။
လိုင်လင်းပီလေယာဉ်ကွင်း တည်ဆောက်ရန် ၂၀၁၇ ခုနှစ်ဇူလိုင်လတွင် လေကြောင်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပါတယ်။ MAF (International) ဟာ အမြတ်အစွန်းအတွက်ရည်ရွယ်သည့် အဖွဲ့အစည်းအဟုတ်ပဲ လူသားချင်းစာနာထောက်ထားမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကမ္ဘာပေါ်ရှိ ဝေးလံခေါင်သီဒေသများသို့ လုံခြုံမှုရှိစွာ လေကြောင်းဝန်ဆောင်မှုပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ လေယာဉ်ကွင်းတည်ဆောက်မှုပြီးစီးပါက လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်မယ်လို့သိရပါတယ်။

ဒေါက်တာဆာဆာက “လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ကလေးတွေဆေးရုံမရောက်နိုင်လို့သေနေတာလည်းတွေ့တယ်။ ကလေးမမွေးနိုင်လို့ သေတဲ့ ကလေးအမေတွေလည်း ကျနော်တွေ့ခဲ့တယ်။ တကယ်လို့သာ လေယာဉ်ကွင်းတွေရှိမယ်ဆိုရင် ရန်ကုန်ဆေးရုံတို့ မန္တလေးဆေးရုံတို့ လူနာကိုအမြန်ဆုံးပို့နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ တကယ်လို့ လေယာဉ်ကွင်းမရှိရင် ရန်ကုန်ဆေးရုံတို့ကိုလာမယ်ဆိုရင် တစ်ပတ်နှစ်ပတ်လောက်ကြာမှာပေါ့။ ဆိုင်ကယ်လမ်းတွေက လုံးဝအဆင်မပြေဘူး။ ဒါပေမယ့် လေယာဉ်သာရှိခဲ့သော် မိနစ် ၉၀ နဲ့ရန်ကုန်ဆေးရုံကိုပို့နိုင်မယ်။ ၁ နာရီနဲ့ မန္တလေးဆေးရုံကိုပို့နိုင်မယ်ဆိုရင် အသက်အသက်ပေါင်းများစွာ ကယ်တင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေယာဉ်ကွင်းကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့စိတ်ကူးယဉ်ခဲ့တာပါ။ ဒုတိယအချက်အနေနဲ့ ကျန်းမာရေးသာမက လေယာဉ်ကွင်းသာရှိခဲ့မယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်ဟာ ရွှေတွေငွေတွေမထွက်ပေမယ့် သဘာဝအလှတွေအများကြီးရှိတယ်။ တောင်တန်းတွေတကယ်လှပပါတယ်။ တောင်ဇလပ်ပန်းတွေ သစ်ခွပန်းတွေအမြဲတမ်းရှိနေပါတယ်။ တကယ်လို့ လေယာဉ်ကွင်းဖောက်ခြင်းအားဖြစ် နိုင်ငံခြား ဧည့်သည်တစ်သိန်းနှစ်သိန်းအလည်လာနိုင်ခဲ့သော် ဒါဟာချင်းပြည်နယ်အတွက် ဝင်ငွေအကြီးကြီး ရရှိစေမှာဖြစ်တယ်” လို့ပြောပါတယ်။

လိုင်လင်းပီလေယာဉ်ကွင်း ပြေးလမ်းအကျယ်အဝန်းမှာ ပေ ၃၀၀၀၊ ပေ ၁၅၀ ရှိပြီး ၂၀၂၀ ခုနှစ် မေလ ကုန်တွင်းလုပ်ငန်းပြီးစီးနိုင်ဖို့ ရည်မှန်းထားပါတယ်။

ဖလမ်းမြို့နယ်တွင်လည်း နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြစ် ၂၀၁၅ ခုနှစ်တွင် လေယာဉ်ကွင်းစတင်တည်ဆောက်ပြီး ၂၀၂၀ ခုနှစ် ဇွန်လတွင်ဖွင့်လှစ်နိုင်ရန်ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်