လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသော မဏီပူရ်ပြည်နယ် တိုင်းရင်းသားများအကြားက အဓိကရုဏ်း

မာမန်းဟာ အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင်ရှိသော သူ့ရဲ့ ရွာ တိုက်ခိုက်ခံရပြီးနောက် တောထဲမှာပဲ ၃ ရက်တာ ပုန်းအောင်းခဲ့ရပါတယ်။ လက်ရှိအချိန်အထိ မဏီပူရ်ပြည်နယ်မှာ အဓိကရုဏ်းကြောင့် လူပေါင်း အနည်းဆုံး ၅၄ ဉီးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနယ်နိမိတ်နဲ့ နီးစပ်နေသော နေရာတွင် ပြီးခဲ့တဲ့ အပတ်မှာပဲ တိုင်းရင်းသား လူမျိုးစုနှစ်ခုအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၃,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပြီ ဖြစ်ပါတယ်။

နောက်ဆုံး ဖြစ်ပွားခဲ့သော အဓိကရုဏ်းဟာ ဒေသခံအများစုဖြစ်ကြတဲ့ ဟိန္ဒူဘာသာအများစု ကိုးကွယ်ကြတဲ့ ကသည်း ခေါ် မေတဲ လူမျိုးများနှင့် ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြသော ကူကီးလူမျိုးများအကြား အဓိကရုဏ်းဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“ကသည်း (ခ)မေတဲတွေက အစမှာ အိမ်ပေါင်း ၂၆ လုံး ဒါမှမဟုတ် ၂၇ လုံးကို မီးရှို့ခဲ့ကြတယ်” ဟု မာမန်းကတော့ ပြောပါတယ်။ မာမန်းဟာ ကလေး ၅ ယောက်ရှိသော ဖခင်တစ်ဉီးဖြစ်ပြီး သူဟာ ခုတော့ သူ့လိုပဲ ထွက်ပြေးလာသောသူပေါင်း ၉၀၀ ခန့်နဲ့ ကွင်းပြင်ကြီးမှာ တဲထိုးနေထိုင်နေပါတယ်။

“သူတို့လာပြီးတော့ အိမ်ပေါင်း ၉၂ လုံးကို ဖျက်ဆီးခဲ့ကြတယ်၊ ဘုရားကျောင်းကိုလည်း ဖျက်ဆီးခဲ့ကြတယ်၊ အကောင်းတိုင်း ရှိတဲ့ ကျောင်းသုံး ပစ္စည်းတွေအားလုံးကို ဖျက်ဆီးခဲ့ကြတယ်” ဟု အသက် ၅၄ နှစ်အရွယ်ရှိတဲ့ မာမန်းက ပြောပါတယ်။ သူ့ရဲ့ဘေးမှာလည်း မောပန်းနေပြီး စိတ်ဒဏ်ရာ ရနေကြသော အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများစွာလည်း ရှိပါတယ်။

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်းအဖျားမှာ ရှိတဲ့ မဏီပူရ်ပြည်နယ်မှာတော့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာ တို့အကြား ကြပ်ညှပ်ပြီး တင်းမားမှုများရှိနေသော ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။

နောက်ဆုံး ဖြစ်ပွားခဲ့သော အဓိကရုဏ်းအကြောင်းအရင်းကတော့ ကသည်း (ခ) မေတဲမျိုးနွယ်ကို “scheduled tribe” လို့ခေါ်တဲ့ တိုင်းရင်းသားလူနည်းစုအဖြစ် သတ်မှတ်ရန် စီစဉ်သောကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ scheduled tribe အဖြစ် ဗဟိုအစိုးရ သတ်မှတ်ပါက သူတို့ဟာ အစိုးရအလုပ် နှင့် ကော်လိပ်ကျောင်းများတွင် အခွင့်ထူးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

မဏီပူရည်ပြည်နယ်ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းရှိတဲ့ ကသည်းလူမျိုးတွေက ပြည်နယ် နယ်မြေ ၁၀ ရခိုင်နှုန်း မှာ စုပြုံနေထိုင်ကြတယ်။ ပြည်နယ် နယ်မြေ ၉၀ ရာခိုင်နှုန်းမှာ scheduled tribeလို့ခေါ်တဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ နယ်မြေဖြစ်ပြီး အဆိုပါ နယ်မြေများကို ကသည်းတို့က ဝယ်ယူလို့မရပါ။

 အကြောင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၁C နှင့် ၎င်းမှာပါရှိသော အချက်များဖြင့် အကာအကွယ်ပေးထားတယ်။

ဆိုတော့ကာ တောင်ပေါ်ဒေသရှိ လူနည်းစုတိုင်းရင်းသားတွေရဲ့ မြေကို မဝယ်နိုင်တော့ဘဲ ငါးရှဉ့်ကန်မျှသာ ကျယ်ဝန်းတဲ့ ချိုင့်ခွပ်ကြီးထဲမှာ ရေရှည် ဘယ်လိုရပ်တည်မလဲဆိုတာဟာ သူတို့တွက်လည်း ပေါ့သေးသေးမဟုတ်ပါဘူး ဖြေရှင်းရခတ်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေတယ်။

တစ်ဖက်မှာလဲ ST Tribals ဖြစ်တဲ့ ကူကီးနဲ့ နာဂတွေ ဟာ မိမိနယ်မြေတွေကို သတ်မှတ်ကာကွယ် ပြဠာန်းဖို့ ဗဟိုအစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုများ တစ်ရွေ့ရွေ့နဲ့ အဆုံးပိုင်းတွေကို ရောက်လာပြီလို့ သိရတယ်။

ဒါကြောင့် ပြည်နယ်အစိုးရဟာ သူ့လုပ်ပိုင်ခွင့်အောက်မှာ ရှိတုန်း နေ့မအား ညမအား စီမံကိန်းလုပ်ငန်းတွေ စဆွဲပါတော့တယ်။ ကြိုးမဲ့တောဝိုင်းသစ်တောတို့ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဒေသခံတွေကို မောင်းထုတ်ပြီး တောင်တန်းဒေသတွေကို ကောင်းကောင်းစမွှေပြီး လက်စွမ်းပြတော့တယ်။ အဆိုးဆုံးက ကသည်းတွေဟာ ST ကို တောင်းဆိုလာကြတယ်။

တစ်ဖက်က ပြည်နယ်ရဲ့ တရားရုံးကလဲ ပုလင်းတူ ဗူးစို့တွေဆိုတော့ နှစ်ခါမေးစရာတောင်မလိုဘဲ ခွင့်ပြုချက်ပေးလိုက်တယ်။ ဒါကြောင့် လူနည်းစုတိုင်းရင်းသားတွေဟာ အသေခံ ကန့်ကွက်လာခဲ့ကြတယ်။ အဲ့မှာ ကသည်းတို့ရဲ့ တန်ပြန် ဆန့်ကျင်မှုဖြင့် ST ဆူပူမှုကြီးလဲ ထွက်ပေါ်လာရတယ်။ ဒါဟာ ပြည်တွင်း မီးစလောင်တဲ့ အကြောင်းရင်း ဖြစ်လာပါတယ်။

အဓိကရုဏ်းဟာ ပြည်နယ်မြို့တော်ဖြစ်တဲ့ အင်ဖာလ်မှာလည်း ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်တစ်ချို့နှင့် အဆောက်အဉီးတစ်ချို့ကို မီးရှို့မှုလည်း ဖြစ်ပွားခဲ့ပါတယ်။ ရွာသားများရဲ့ ပြောဆိုချက်အရ ကသည်း (ခ) မေတဲမျိုးနွယ်များဟာ သေနတ်နှင့် လောင်စာဆီများ ကိုင်ဆောင်ကြပြီး ကူကီးလူမျိုးစုများကို တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။

အစိုးရကတော့ စစ်တပ်ကို ချထားပြီး ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေ တစ်ချို့တွင် ပစ်မိန့်ကိုလည်း ပေးထားပါတယ်။ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားပြီး အင်တာနက်ကိုလည်း ဖြတ်တောက်ထားပါတယ်။

မာမန်းကတော့ အိုးအိမ်မဲ့ တစ်ယောက်အဖြစ် နေလာတာ ၅ ည ခန့်ရှိလာပြီဖြစ်ပါတယ်။ သူဟာ စစ်တပ်က ဘေးကင်းရာကို ခေါ်ဆောင်လာသော လူပေါင်း ၂၃၀၀၀ တွင် တစ်ဉီးဖြစ်ပါတယ်။

မေလ ၄ ရက်နေ့မှာ သူဟာ သူ့ရဲ့ ရွာဖြစ်တဲ့ ကာမူချင်းကနေ ထွက်ပြေးလာခဲ့ဖြစ်ပါတယ်။ ထိုရွာဟာ လူဉီးရေ ၅၀၀ ခန့်ရှိခဲ့ပါတယ်၊ သူဟာ ကြီးမားသော လူအုပ်က ရွာကို တိုက်ခိုက်လာပြီးနောက် ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

“အရာအားလုံးက မီးလောင်နေတာ၊ ကျွန်တော်တို့ ထွက်ပြေးခဲ့တယ်၊ အားလုံးက တောထဲကို ထွက်ပြေးခဲ့ကြတယ်၊ အသက်ရှင်ဖို့အတွက်ပဲ ထွက်ပြေးခဲ့ကြတာ” ဟု မာမန်းက ပြောပြပါတယ်။

အများစုကတော့ သူတို့ရဲ့ပိုင်ဆိုင်မှု အနည်းငယ်ကိုပဲ ယူနိုင်ခဲ့ပြီး အဝတ်အစား အနည်းငယ်ကိုပဲ ယူနိုင်ခဲ့ပါတယ်၊ သူတို့ရဲ့ ဖုန်းကိုလည်း ယူနိုင်ခဲ့ပေမယ့် ခုတော့ တစ်ပြည်နယ်လုံး အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပါတယ်။

“ဒီမှာရှိတဲ့ လူတိုင်းက စိုးရိမ်နေကြတယ်၊ သေဆုံးမှုအတွက် စိုးရိမ်နေကြတယ်” ဟု အသက် ၅၀ အရွယ်ရှိသော အလွန်ဗိုင်ဖေက ပြောပါတယ်။ သူကတော့ ကိုတန်ကို့ရွာက ကူကီးမျိုးနွယ်တစ်ဉီး ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ အသက်အတွက် အာသန်ရိုင်ဖယ်တပ်ကို ကျွန်တော်တို့ ဆက်သွယ်ခဲ့တယ်၊ သူတို့ကပဲ ကျွန်တော်တို့ ပုန်းတဲ့ နေရာကနေ ကယ်ထုတ်ခဲ့ကြတယ်” ဟု သူက ပြောပါတယ်။

နောက်ဆုံးသတင်းရထားတဲ့ မေလ ၉ ရက်အထိ မဏီပူရ်ပြည်နယ်မှာ အရပ်သားသေဆုံးသူ ၅၆ ဦး၊ ၂ ဦးပျောက်ဆုံးနေ ၁၂၀ ဒဏ်ရာရရှိပြီး ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်