ဝတ်ပြုကိုးကွယ်ချိန်လာရောက်အကြမ်းဖက်သူတွေပေါ်တပ်ထားတဲ့ပုဒ်မ အမှုဖွင့်သူတွေမကျေနပ်

 

ဓမ္မဆရာ ဦးလင်းယုန်

ခရစ်ယာန် ဘာသာဝင်တွေဝတ်ပြုကိုးကွယ်ချိန်လာရောက်အကြမ်းဖက်သူတွေပေါ်တပ်ထားတဲ့ပုဒ်မ အမှုဖွင့်သူတွေမကျေနပ်

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကန်းဒိတ်ကျေးရွာမှာ ခရစ်ယာန်ဘာသာဝင်တွေဝတ်ပြုကိုးကွယ်ချိန်မှာ တစ်ရွာသားချင်း ရခိုင်၊ ဗုဒ္ဓဘာသာဝင်လူတစ်စုက လာရောက်ရိုက်နှိပ်မှု ဇွန်လ (၂)ရက် ည ၈ နာရီလောက်မှာဖြစ်ပွားပါတယ်။

ယင်းကိစ္စကို အိမ်ရှင် ဦးချောင်က ဇွန်လ ၃ ရက်တွင် အမ်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပြီး ဇွန်လ ၄ ရက်နေ့မှာ ရဲစခန်းကအမှုဖွင့်ပေးပါတယ်။ အမ်းမြို့မရဲစခန်းက လာရောက်ရိုက်နှိပ်တဲ့ လူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၃၆ (အခြားသူ၏ အသက်ကို (သို့) လုံခြုံရေးကိုဘေးစေသောပြုလုပ်မှု (ငွေဒဏ် ငါးသောင်းမှ ထောင်ဒဏ် ၁ နှစ်)၊ ၄၄၇(ရာဇဝတ်မကင်းသော ကျော်နှင်းမှုအတွက်ပြစ်ဒဏ် (အများဆုံးဒဏ်ငွေ ငါးသောင်း) ၊ ၄၂၇ အကျိုးဖြတ်ဆီးမှု (ဒဏ်ငွေ သုံးသောင်း)၊ ၃၂၃ (မိမိအလိုအလျှောက်နာကျင်စေမှုအတွက်ပြစ်- ဒဏ်ငွေသုံးသောင်း မှ ငါးသောင်း)၊ ၁၁၄ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ စသည်တို့နဲ့အမှုဖွင့်ထားပါတယ်။

ကန်းဒိတ်ကျေးရွာ ဧဝံဂေလိအသင်းတော် တာဝန်ခံ ကိုရဲအောင်က “ဒီပုဒ်မလောက်နဲ့တော့မကျေနပ်နိုင်ဘူး။ ဒီကစ္စက သာမန်မဟုတ်ဘူး လူသေစေမှုထိဖြစ်တယ်။ ဒါက ဘာသာရေးစော်ကားမှုလေ။ ဝန်ကြီးချုပ်နဲ့ ချင်းရေးရာဝန်ကြီးဆီမှာလည်းစာတင်မယ်” လို့ပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂ ရက် ညနေ ၇ နာရီတွင် ကန်းဒိတ်ရွာထိပ် သီဟိုဠ်စိုက်ခင်းထဲရှိ ဦးချောင်နေအိမ်တွင် ဓမ္မဆရာ ဦးလင်းယုန်မှ မိသားစုဆုတောင်းခြင်းအစီအစဉ်ပြုလုပ်ခဲ့တယ်။ ဆုတောင်းခြင်းအစီအစဉ်ပြုလုပ်ပြီး ၉ နာရီခန့်တွင် ကန်းဒိတ်ရွာရှိ ရခိုင်၊ ဗုဒ္ဓဘာသာဝင် ဦးခင်အောင်၊ ဦးမြင့်မောင်၊ ဦးထွေးလှ၊ ဦးညွှန့်မောင်တို့ဦးဆောင်တဲ့ လူ (၂၅)ယောက်ခန့်က ဦးချောင်နေအိမ်သို့ လောက်လေး၊ ဝါးလုံး၊ တုတ်၊ ဓားတွေကိုင်ဆောင်ပြီးရောက်လာကြပါတယ်။ လက်နက်ကိုင်လူအုပ်ကြီးက ဦးချောင်ရဲ့ ခြံဝန်းထဲသို့ဝင်ရောက်လာပြီး ဓမ္မဆရာ ဦးလင်ယုန်ကို ဝါးလုံးဖြင့်ရိုက်ပြီး လောက်လေးဖြင့်ပစ်ကြတာကြောင့် ညာလက်မျက်နှာ၊ လည်တိုင်၊ ဘယ်ရင် အုပ်၊ ညာရင်အုပ်တို့တွင် ဒဏ်ရာရရှိသွားပါတယ်။ ယင်းအခင်းဖြစ်ပွားတဲ့ချိန်ဗီဒီယိုဖိုင်မှာ ‘သေအောင်ရိုက်သတ်ကွာ’လို့ပြောသံလည်းကြားရပါတယ်။ ဓမ္မဆရာ ဦးလင်းယုန်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှ အသက်ပြေးထွက်ပြေးခဲ့ပါတယ်။ ၎င်း အပြင် ဦးချောင်အိမ်ထဲသို့ ကျောက်ခဲများပစ်ခြင်း၊ လောက်လေးဖြင့်ပစ်ခြင်း၊ ခြံစည်းရိုး များ လှဲပြိုခြင်း၊ အိမ်နံရံများအားရိုက်ခြင်း၊ ဆိုလာအားရိုက်ခွဲခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြတယ်။ ရဲစခန်း သို့ ဦးလင်းယုန်မှ ဖုန်းဆက်တိုင်ကြားခဲ့သော်လည်း အခင်းဖြစ်သည့် အိမ်သို့သွားရောက်ကြည့်ရှုခြင်းမရှိဘဲ ကန်းဒိတ်ကျေးရွာ ဘုန်းကြီး ကျောင်းအနီးထိသာရောက်လာပြီး ဦးချောင်နဲ့ ဦးလင်းယုန်အား ၎င်းနေရာ၌သာ ရဲမှတွေ့ဆုံစကားပြောပြီး ပြန်သွားပါတယ်။

ဓမ္မဆရာ ဦးလင်းယုန်(၄၈ နှစ်)က “ဆေးစားတော့ ဒဏ်ရာတွေက အခုနည်းနည်းတော့သက်သာတယ်။ ဝါးလုံးနဲ့ လေးချက်အရိုက်ခံရတယ်။ သူတို့ဘာဖြစ်လို့ ဝတ်ပြုတာလဲ။ သီချင်းဆိုတာလဲလို့မေးတယ်။ နောက်တခါ ဒီလိုမကိုးကွယ်ရဘူးလို့ပြောထားတာမသိဘူးလာတဲ့။ ကျနော်က နိုင်ငံတော်ကလက်ခံထားတဲ့ ဘာသာကိုကိုးကွယ်တာ။ တကယ်လို့ခွင့်မပြုရင် ကန့်ကွက်စာပြပါလို့ပြောတယ်။ ကျနော်တို့ကတော့ ဆက်ပြီးတော့ ဝတ်ပြုနေအုံးမှာပဲ” လို့ပြောပါတယ်။

အရင်နှစ် ဇွန်လတွင်းမှာလည်း ကန်းဒိတ်ကျေးရွာ ဦးလင်းယုန်နေအိမ်တွင် ခရစ်ယာန်ဘာသာဝင်ဝတ်ပြုချိန်မှာ နေအိမ်ကို ကျောက်ခဲနဲ့ထုတာခံရပြီး၊ ယင်းကိစ္စကို မြို့နယ်အုပ်ချုပ်ရေးရုံးထံအကြောင်းကြားပေမယ့် အရေးယူခြင်းမရှိပါ။

ကိုရဲအောင်က “ဓမ္မဆရာ ဦးလင်းယုန်က မထွက်ပြေးရင်သေမှာ။ ကလေးတစ်ယောက်တောင်နည်းနည်းပါးပါးထိတယ်။ အမျိုးသမီးတစ်ယောက်လည်း ကြောက်လန့်လို့နှလုံးရောဂါထပြီး အခုဆေးရုံတက်နေတယ်။ အခင်းဖြစ်တဲ့ချိန် ရဲခေါ်တယ်။ ဒါပေမယ့် သူတို့ချက်ချင်းမရောက်လာဘူး။ ပြီးမှရောက်လာကြတယ်။ ကန်းဒိတ်ရွာနဲ့ မြို့က လေးဖာလုံလောက်ပဲဝေးတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်