သုံးစရာမရှိ၍ ကျသည်လား၊ စီးပွားရေးကျဆင်းမှုကြောင့် ကျသည်လား

ကိုဗန်(တောင်ပေါ်မြေ)
စစ်ကောင်စီအုပ်စုသည် ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီကို အပြောင်းအလဲထပ်မံပြုလုပ်ရန် ပြင်ဆင်နေသည်။
ငွေကြေးလဲလှယ်မှုနှုန်းကို လက်ရှိ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်(၂၁၀၀)ဝန်းကျင်မှ ကျပ်(၃၀၀၀)ဝန်းကျင်သို့ ပြောင်းလဲဖွယ်ရှိသည် ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းပြောဆိုသည်။ ထိုအချက်ကြောင့် ရက်ပိုင်း ခဏ ‌ငွေဈေးနှင့် ရွှေဈေးမှာ အနည်းငယ် အေးသွားခဲပြီး ဈေးနှုန်းကျဆင်းနေသည်။

ဈေးနှုန်းကျဆင်းရခြင်း အကြောင်းမှာ ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား ပိုများလာသည့်အတွက် ဈေးကျဆင်းလာခြင်း ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ပြင်ပဈေးကွက်တွင် ငွေဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်(၃၇၀၀)ဝန်းကျင်၊ရွှေဈေးနှုန်းမှာ တစ်ကျပ်သားကို ကျပ်(၂၉)သိန်းဝန်းကျင်တွင် ရှိနေကြောင်း ဖော်ပြနေသည်။ လက်ရှိအချိန်ထိ ဗဟိုဘဏ ငွေလဲနှုန်း ရည်ညွန်းကိန်းမှာ တစ်ဒေါ်လာလျှင် ကျပ်(၂၁၀၀) ဖြစ်ပြီး ရွှေဈေးမှာ ကျပ်သိန်း(၂၀)ဝန်းကျင် ဖြစ်သည်။

ဗဟိုဘဏ် ပေါ်လစီအပြောင်းအလဲ လုပ်ရန် ပြင်နေ
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ပေါ်လစီကို ထပ်မံအပြောင်းအလဲ ပြုလုပ်မည် ဟု အသံထွက်ပေါ်နေသည်။ ထိုအချက်ကြောင့် ရက်ပိုင်အတွင်း ရွှေဈေး နှင့် ငွေဈေးနှုန်း အေးသွားပြီး အရောင်းအဝယ်ပြန်ကျဆင်းလာခဲ့သည်။ ရွှေနှင့် ငွေကြေးဈေးကွက် ခိုင်မာတည်ငြိမ်စေရေးအတွက် ဗဟိုဘဏ်ဥက္ကဌ နှင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်လုပ်ငန်းကော်မတီတို့သည် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း‌ထုတ်ပြန်ထားသည်။

ထိုဆွေးနွေးမှုထဲတွင် ရွှေတုံး၊ရွှေခဲများ ရောင်းဝယ်သည့်အခါ ဘဏ်စနစ်ဖြင့်သာ ပေးချေရမည့် အချက် ပါဝင်လာနေပြီး ဈေးကွက်ကို ပိုထိန်းချုပ်ရန်ကြိုးစားလာနေသည်။ ဗဟိုဘဏ်သည် ငွေကြေးဈေးကွက်ကိုသာမက ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်မှုများကို ပိုမိုထိန်းချုပ်လာရန် ပြင်ဆင်နေသည်။
ဈေးကွက် ပကတိအခြေအနေနှင့် မကိုက်ညီသည့် ငွေ‌လဲနှုန်း ရည်ညွန်းကိန်းကိုလည်း ထပ်မံတိုးမြင့်ရန် ပြင်ဆင်နေပြီး ငွေလဲနှုန်းကို ကျပ်(၂၇၀၀) (သို့) (၃၀၀၀)ကျပ် ဝန်းကျင်သို့ တိုးမြင့်မည် ဟု ခန့်မှန်းထားကြသည်။

အကယ်၍ အဆိုပါ ပေါ်လစီ အပြောင်းအလဲ ဖြစ်လျှင် ငွေကြေးနှင့် ရွှေဈေးကွက် အနည်းငယ် အေးသွားပြီး ပို့ကုန်ကဏ္ဍမှာ ပိုတိုးတက်လာဖွယ်ရှိကြောင်း လုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းသည်။

Wave money နှင့် Kpay ကို ပိုတင်းကြပ်လာ
မကြာသေးမှီက wave money ငွေလွဲပြောင်းရာတွင် မှတ်ပုံတင်ယူဆောင်လာရမည် ဖြစ်ပြီး တစ်ရက်အတွင်း ငွေထုတ်ရမည် ဖြစ်ကြောင်း ကန့်သတ်ခဲ့သည်။ ထိုအတူ Kpay သည်လည်း ပြည်ပနိုင်ငံရောက်သည့်အခါ အသုံးပြု‌နိုင်တော့မည် မဟုတ်ကြောင်း အသိပေးစာ ထွက်ပေါ်လာနေသည်။ ထိုအချက်များအရ စစ်ကောင်စီအုပ်စုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် NUG အစိုးရသည် Kpay နှင့် wave moneyကို အသုံးပြုကာ ငွေလွဲပြောင်းနေသည် ဟု ယူဆကာ ပိုထိန်းချုပ်လိုဟန် တူသည်။ ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်မှာ ပိုထိန်းချုပ် တင်းကြပ်လေလေ ဈေးကွက် ပိုပျက်ဆီးလေလေ ဖြစ်သည် ကို ဗဟိုဘဏ်နှင့် စစ်ကောင်စီက ဂရုစိုက်ဟန် မတူချေ။ စစ်ကောင်စီသည် Kpay နှင့် wave money ကိုပါ ဖျက်သိမ်းပစ်ချင်နေသည့် အခြေအနေတွင် ရှိနေသည်။

စစ်ကောင်စီကို ထောက်ခံနေသူ အများစုသည် Wave Money နှင့် Kpay ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေမှုတို့ ရှိနေပြီး ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများနှင့် ပေါ်လစီကြောင့် မဖျက်သိမ်းနိုင်သော်လည်း ပိုတင်းကြပ်လာကာ အသုံးပြုသူ နည်းပါးသွားစေရန် ကြိုးစားနေသည် ဟု ယူဆရသည်။ ဗဟိုဘဏ်ဆိုသည်မှာ လွှက်လပ်ပြီး အမှီအခို ကင်းရမည့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူ ဖြစ်သော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီအလိုကျ တဝေမတိမ်းလိုက်ပါဆောင်‌ရွက်ပေးနေပြီး ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို သမာတမတ်ကျကျ မလုပ်ဆောင်ပေးနိုင်တော့သည်ကို တွေ့ရှိရသည်။

ထိုအချက်ကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး ရွှေနှင့် ငွေကြေးဈေးကွက်၊ဘဏ္ဍာရေးဆိုင်ရာ ပေါ်လစီနှင့် စီမံခန့်ခွဲမှုအားလုံးကို ဖြိုချလိုက်ပြီ ဖြစ်ရာ မှောင်ခိုဈေးကွက်မှာ တဟုန်ထိုး ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ NUG အစိုးရသည် ငွေလွဲပြောင်းရန်အတွက် ကိုယ်ပိုင် NUG pay ကို စတင်အသုံးပြုနေပြီး ဈေးကွက် ငွေလဲနှုန်းနှင့် မတိမ်းမယိမ်း ဈေးနှုန်းဖြင့် ဆောင်ရွက်နေသည်။ လက်ရှိကနဦး ခြေလှမ်းအစဖြစ်နေသော်လည်း အောင်မြင်လာဖွယ် ရှိနေသည်။

သူ့အတွက် အဓိက လိုအပ်ချက်မှာ အသုံးပြုမည့် ဈေးကွက် ပိုကြီးထွားလာရန် ဖြစ်ပြီး NUG အစိုးရအနေနှင့် ၎င်း ထိန်းချုပ်စီုးမိုးရာ နယ်မြေ ကြီးထွားလာလေလေ NUG pay အသုံးပြုမှုနှုန်း ပိုမြင့်တက်လာလေလေ အခြေအနေမျိုး ရရှိလာနိုင်မည် ဖြစ်သည်။

ယခုရက်ပိုင်း ဘာကြောင်း ရွှေ၊ငွေဈေးကျဆင်းလဲ
ယခုရက်ပိုင်းအတွင်း အမြင့်ဆုံးထိ ရောက်ရှိနေသော ရွှေဈေးနှင့် ငွေဈေးနှုန်း ပြန်ကျဆင်းရခြင်းမှာ ရောင်းလိုသူပြန်များလာသည့် အခြေအနေကြောင့်ဟု ဈေးကွက်က ဆိုသည်။ ယခင်က မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခြင်းကြောင့် အများစုသည် အမေရိကန်ဒေါ်လာနှင့် ရွှေတို့ကို ဝယ်လိုအားမြင့်လာခဲ့သလို ဈေးနှုန်းမှာလည်း ဆက်တိုက် မြင့်တက်လာခဲ့သည်။

ပြင်‌ပ‌မှောင်ခိုဈေးကွက်တွင် ရွှေဈေးမှာ ကျပ်သိန်း(၃၇)သိန်းဝန်းကျင်အထိ ရောက်ရှိခဲ့သလို ငွေလဲလှယ်မှုနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ်(၄၅၀၀)ဝန်းကျင်အထိ ပေါက်ဈေးရောက်ရှိခဲ့သည်။ သို့သော် နိုင်ငံစီးပွားရေးကျဆင်းမှု၊လုပ်ငန်းလုပ်ကိုင်ရန် ခတ်ခဲမှု၊ပြည်တွင်း ကုန်ဈေးနှုန်း မြင့်တက်လာမှုတို့ကြောင့် နိုင်ငံခြားငွေ နှင့် ရွှေ ပြောင်းကိုင်ထားသူများသည် ငွေသားပြန်ဖော်လိုလာကြသည်။ ရွှေ၊ငွေကို သုံးစရာမရှိတော့၍ ပြန်ရောင်းချလာကြသည့် အနေအထားမှာ စီးပွားရေးကျဆင်းမှု၏ ထင်ရှားသည့် လက္ခဏတစ်ခု ဖြစ်သည်။

ရွှေ၊ငွေ ပိုင်ဆိုင်သူများသည် ၎င်းတို့အတွက် လိုအပ်သော ကျပ်ငွေပြန်ဖော်လိုမှု၊ကုန်သွယ်ရေးကျဆင်းပြီး အကုန်လုံးနီးပါးကို စစ်ကောင်စီအုပ်စုက ထိန်းချုပ်ကန့်သတ်မှုတို့ကြောင့် ဒေါ်လာအဖြုန်းနည်းလာမှု နှင့် ဈေးနှုန်းဆက်ကျဆင်းမည် ဟု စီုးရိမ်သည့် အချက်များကြောင့် ခဏတာ ဈေးပြန်ကျဆင်ရခြင်း ဖြစ်သည်။ သွင်းကုန်ကဏ္ဍကို ထိန်းချုပ်ကန့်သတ်လိုက်သည့်အတွက် ကုန်စည်မတင်သွင်းနိုင်ကြသည့် အခြေအနေရောက်ရှိလာသဖြင့် ယခင်ဝယ်လိုအားကောင်းသည့် နိုင်ငံခြားငွေ လိုအပ်ချက်လျော့ကျသွားခြင်း ဖြစ်သည်။

လက်ရှိ ရွှေဈေးနှင့် ငွေဈေး ကျဆင်းရခြင်းမှာ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်း မဟုတ်ပဲ စီးပွားရေးကျဆင်းကာ လုပ်ငန်းများ မလည်ပတ်နိုင်တော့သည့်အတွက် ဖြစ်သည်။ နိုင်ငံတခု၏ ငွေကြေးဈေးကွက်သည် နိုင်ငံရေးအခြေအနေ၊ကုန်သွယ်မှုအခြေအနေ၊ လုပ်ငန်းများကန့်သတ်ခံရခြင်း၊လွှက်လပ်ခြင်း အခြေအနေနှင့် စီးပွားရေးတိုးတက်မှု ရှိမရှိအခြေအနေများပေါ် မူတည်ကာ အပြောင်းအလဲရှိနိုင်ပြီး နိုင်ငံခြားငွေကြေးသုံးစရာ မရှိတော့သည့်အခြေအနေတွင်လည်း ငွေဈေးကျတက်သည်ကို သတိပြုသင့်သည်။

သို့သော်လည်း မြန်မာသည် အဆက်ဆက် ကန့်သတ်ထိန်းချုပ်မှုတို့ကြောင့် ပြည်ပသွင်းကုန်ကို မှီခိုနေရပြီး မသွင်းနိုင်တော့လျှင် ပိုအခြေအနေဆီုးဝါးလာသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
မြန်မာသည် Failed state ဖြစ်လာတော့မည့် အခြေအနေမျိုးမဟုက်ပဲ ဖြစ်ကို ဖြစ်နေသည့် အခြေအနေမျိုးကို သက်ရောက်နေပြီး လက်ရှိကာ ဈေးနှုန်းကျဆင်းမှုသည် စီးပွားရေးပြိုဆင်းရန် လက္ခဏာတစ်ခုလည်း ဖြစ်နေသည် ဟု ခန့်မှန်းရသည်။

ပေါ်လစီနှင့် ထိန်းချုပ်လေလေ ဈေးကွက်အီကာ ပြယ်လေလေ‌ ဖြစ်လာ
မြန်မာနိုင်ငံသည် ၂၀၂၂ခုနှစ် ကမ္ဘာ‌တွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံး အဆင့်(၅)နေရာတွင် ရပ်တည်နေပြီး (၁၂၇)ရာခိုင်နှုန်း ငွေကြေးဖောင်းပွနေသည် ဟု John’s Hopkins တက္ကသိုလ်က ဆိုသည်။
၎င်းတို့ ခန့်မှန်းချက်သည် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များကို မှီကာ ထုတ်ပြန်ခြင်း ဖြစ်ပြီး လက်ရှိ ငွေကြေးဈေးကွက်တွင် ပေါက်နေသည့် ငွေလဲနှုန်းဖြင့် တွက်လျှင် ရာခိုင်နှုန်း ပိုများလာဖွယ်ရှိနေသည်။

စစ်ကောင်စီ အာဏာမသိမ်းမှီက ပြည်တွင်းငွေလဲလှယ်မှုနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်(၁၃၀၀)ဝန်းကျင်သာ ဖြစ်ပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလလယ်တွင် တစ်ဒေါ်လာလျှင် ကျပ်(၃၇၀၀)ဝန်းကျင်တွင် ရှိနေသည်။ ထိုအချက်အရ ငွေလဲနှုန်းသည် (၂၄၀၀)ကျပ် ဈေးမြင့်တက်လာသည် ဖြစ်ရာ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းကို ခန့်မှန်းနိုင်သည်။

လက်ရှိ ငွေနှင့် ရွှေ ဈေးကွက်အခြေအနေမှာ ဗဟိုဘဏ်၏ ပေါ်လစီအပြောင်းအလဲကို စောင့်ကြည့်ခြင်းနှင့် ပွင်းလင်းရာသီမတိုင်မှီ ‌ငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ငွေလဲနှုန်းကို လျော့ချဝယ်ယူနေကြခြင်း၊ဈေးကွက်မှာ အီနေသည်မှာ ကြာမြင့်ပြီး နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားသူများသည် လိုအပ်ချက်ကြောင့် ထုတ်ရောင်းချလာမှုတို့ကြောင့် ဈေးကွက် အေးလာခြင်း ဖြစ်သည် ဟု ယူဆရသည်။
တောင်သူများအနေနှင့် စိုက်ပျိုးရေးနှင့် အသုံးစရိက်အတွက် ရွှေရောင်းချလာကြခြင်း၊ပြည်တွင်း ဒေါ်လာဝယ်စုဆောင်းသူများသည် လုပ်ကိုင်စရာ စီးပွားရေးမရှိသော်လည်း ကုန်ဈေးနှုန်း၊ငွေကြေးလိုအပ်ချက်တို့ကြောင့် ပြန်ရောင်းချလာခြင်း၊ကုန်သည်တို့သည် လာမည့် သီတင်းကျွက်၊တန်ဆောင်တိုင်း ပွင့်လင်းရာသီမရောက်မှီ ‌ငွေအကျဈေးဖြင့် ဝယ်ယူစုဆောင်းလိုခြင်းတို့ကြောင့် ခဏတာ ကျဆင်းလာနေခြင်း ဖြစ်သည်။

ထိုအချက်က နိုင်ငံ၏ စီးပွားရေးမှာ တရိပ်ရိပ်ထိုးကျဆင်းနေသည်ကို ဖော်ပြနေသည့် လက္ခဏတခု ဖြစ်နေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီအုပ်စုသည် စီးပွားရေးကို ပြန်အဖက်ဆယ်ရန် မစွမ်းဆောင်နိုင်သေးသည့်အပြင် ရှိနှင့်ပြီးသား စီးပွားရေးများကိုပင် ဖြိုချနေသည်ကို တွေ့ရှိရသည်။ လက်ရှိ ငွေကြေးနှင့် ရွှေဈေးကွက်အခြေအနေမှာ အကျဘက်ကို ဦးတည်နေသော်လည်း ခဏတာ အပြောင်းအလဲသာဖြစ်ပြီး မကြာမှီ မူရင်း ရှိသင့်သည့် နေရာကို ပြန်လည်ရောက်ရှိလာမည် ဟု ခန့်မှန်းရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် အမေရိကန်ငွေလဲနှုန်း ရည်ညွန်းကိန်းကို တစ်ဒေါ်လာလျှင် ကျပ်(၂၁၀၀)မှ ကျပ်(၃၀၀၀)ဝန်းကျင်သို့ ပြောင်းလဲလျှင် ဆန်နှင့် ဆန်ကွဲ၊ပဲ၊ပြောင်း၊ရာဘာတင်ပို့သည့် ပို့ကုန်ကဏ္ဍအတွက် ထိုက်သင့်သော အကျိုးအမြတ်တခု ရရှိလာဖွယ်ရှိနေပြီး ပို့ကုန်လုပ်ငန်းရှင်အများစုသည်လည်း စောင့်ကြည့်နေကြသည်။

ထိုသို့ အပြောင်းအလဲမလုပ်လျှင်လည်း ဈေးကွက်မှာ ပြန်လည် လှုပ်ရှားလာပြီး လာမည့် အောက်တိုဘာလတွင်မှ အရောင်းအဝယ် ပြန်သွက်လာမည် ဟု ခန့်မှန်းရသည်။ ထိုကြောင့် လက်ရှိ ရွှေဈေးနှင့် ငွေဈေးကျဆင်းခြင်းသည် ပေါ်လစီထိန်းကောင်း၍ မဟုက်၊စီးပွားရေးပြန်ကောင်း၍ မဟုက်ပဲ နိုင်ငံ၏ အရာရာကျဆင်းနေသည့် အရှိန်ကြောင့် လိုက်ပါကျဆင်းနေခြင်း ဖြစ်ကြောင်းဖော်ပြနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်