ဟားခါးတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမယ့် နေရာကို ဝန်ကြီးဦးစိုးထက်သွားရောက်ကြည့်ရှု

ဟားခါးမြို့လယ် ခုစီလိုဘိုတောင်ထိပ် ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးခဲ့တဲ့ ချင်းခေါင်းဆောင် (၃)ဦးတို့ရဲ့ ကြေးရုပ်စိုက်ထူမယ့်မြေနေရာကို စည်ပင်ဝန်ကြီး ဦးစိုးထက်၊ မြို့မိမြို့ဖ၊ စည်ပင်ကော်မတီအဖွဲ့ဝင်တွေက ဒီကနေ့ သွားရောက်ကြည့်ရှုကြပါတယ်။

ခုစီလိုဘို ပန်းခြံဟာ GTI ကျောင်းအထက်တွင်တည်ရှိပြီး မြေဧက (၄ ဒသမ ၉၅) ကျယ်ဝန်းပါတယ်။

ဝန်ကြီးဦးစိုးထက်က “အရင်ကတော့ ရှုခင်းသာနားက လျှပ်စစ်ဝန်းမှာပန်းခြံလုပ်ပြီးတော့ လွတ်လပ်ရေးကျောက်တိုင် နဲ့ ကြေးရုပ်တွေစိုက်ထူဖို့စီစဉ်ပေမယ့် အဲ့နေရာ ဖို့မြေဆိုတော့ အဆင်မပြေဘူး။ ဒါကြောင့် အဆင်ပြေနိုင်မယ့် ခုစီလိုဘိုတောင်မြေနေရာကို သွားကြည့်တာဖြစ်တယ်။ အဲ့ဒီပန်းခြံက ၂၀၁၈-၂၀၁၉ တုန်းကပန်းခြံလုပ်ထားတယ်ဆိုတော့ အဆင်ပြေတယ်။ ကြေးရုပ်တွေစိုက်ရုံပဲ” လို့ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက “ဗိုလ်ချုပ်ကြေးရုပ်ကတော့ ၆ ပေလောက်မြင့်မယ်။ လွတ်လပ်ရေးကျောက်တိုင်နဲ့ အချိုးညီမယ်။ သူက အလှူရှင်တစ်ဦးကလှူထားတာ။ ပြီးတော့ ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးတဲ့ ချင်းခေါင်းဆောင် ၃ ယောက်ရဲ့ကြေးရုပ်အတွက်တော့ အလှူရှင်မပေါ်သေးဘူး။ သူတို့ကတော့ ကိုယ်တစ်ပိုင်းဖြစ်ဖို့များတယ်။ သူတို့မိသားစုဝင်တွေဆီမှာအလှူခံမယ်။ ဖလမ်းကတော့ အဆင်ပြေတယ်။ ဟားခါး နဲ့ တီးတိန်ကတော့ အဆင်မပြေသေးဘူး” လို့ပြောပါတယ်။

ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးတဲ့ ချင်းခေါင်းဆောင်သုံးဦးကတော့ တီးတိန်မြို့နယ်မှ ပူးထောင်းဇခုပ် (Pu Thawng Za Khup)၊ ဖလမ်းမြို့နယ်မှ ပူးဟလှူရ်မှုန် (Pu Hlur Hmung)၊ ဟားခါးမြို့နယ်မှ ပူးကီယိုမန် (Pu Kio Mang) တို့ဖြစ်ပါတယ်။

ဟားခါးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အစိုးရကပြင်ဆင်တဲ့ချိန်မှာ ဒေသခံတွေကြားအမြင်ကွဲလွဲတာတွေရှိပြီး အစိုးရ၊ ဒေသခံတွေနဲ့ ဟားခါးမြို့မိမြို့ဖတွေအစည်းအဝေးထိုင်ကာ ဗိုလ်ချုပ်ကြေးရုပ်နားတွင် ပင်လုံစာချုပ်တွင် ပါဝင်တဲ့ ချင်းခေါင်းဆောင် ၃ ဦးရဲ့ ကြေးရုပ်လည်းစိုက်ထူဖို့သဘောတူညီကြပါတယ်။

ထန်တလန်မြို့မှာတော့ ဗိုလ်ချုပ်ကြေးစိုက်ထူဖို့ ဒေသခံကန့်ကွက်တာကြောင့် ပြန်လည်ဖျက်သိမ်းလိုက်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်