ဟားခါးမြို့ ကျူးကျော်နေအိမ်ဖျက်သိမ်းမယ့်အပေါ် ကန့်ကွက်ဆန္ဒပြမယ်

ဟားခါးမြို့ ကျူးကျော်နေအိမ်ဖျက်သိမ်းမယ့်အပေါ် ကန့်ကွက်ဆန္ဒပြမယ်

ဟားခါးမြို့သစ်စီမံကိန်း ဧရိယာတွင် ကျူးကျော်တွေလို့ အစိုးရသတ်မှတ်ပြီး ဖျက်သိမ်းဖို့စီစဉ်နေလို့ ယင်းနေရာတွင်နေထိုင်တဲ့ပြည်သူတွေက ဇူလိုင်လ (၃၁)ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၌ကန့်ကွက်ဆန္ဒပြမယ်လို့သတင်းရရှိပါတယ်။

ဆန္ဒဖော်ထုတ်ဖို့ ဇူလိုင် (၂၆)ရက်တွင် မြို့နယ်ရဲစခန်းတွင် လူ (၅၀၀)ခန့်ပါဝင်ဖို့ စာတင်ထားပြီဖြစ်ပါတယ်။ စုရပ်ကို ဖလမ်း၊ထန်တလန်လမ်းကွေ့လမ်းစုံသတ်မှတ်ထားပြီး ယင်းနေရာမှ ဝမ္မသူမောင်အားကစားကွင်းအထိလမ်းလျှောက်ကြမှာဖြစ်ပတယ်။

ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း Pi Za Tlem က “ဟားခါးကလူတွေပဲလမ်းလျှောက်ဆန္ဒပြမှာမဟုတ်ဘူး။ ဖလမ်းမြို့နယ်က လိုင်ဇိုးတွေရယ်၊ ၂၀၁၆ ခုနှစ်တုန်းကဖျက်ဆီးခံရတဲ့ ဘွာလ်ပီးကလူတွေပါတယ်။ ပြီးတော့ အသင်းတော်တိုင်းကိုလည်း တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့ပြည်သူဘယ်သူမဆိုပါဝင်နိုင်တယ်လို့စာနဲ့ဖိတ်ထားတယ်။ ကျမတို့မြေကို အစိုးရပိုင်မြေလို့ပြောပြီး နေအိမ်တွေကို စက်ကြီးနဲ့ဖျက်မယ်လို့အစိုးရကပြောထားတယ်။ ကျမတို့က လူနေအိမ်တွေမဖျက်ဖို့တောင်းဆိုနေတာပါ။ အခုအစိုးရက ကျမတို့ဘိုးဘွားပိုင်မြေကို မြေကွက်ရိုက်ပြီး သိန်း ၃၀၊ ၅၀၊ ၇၀ နဲ့ရောင်းနေကြတယ်” လို့ပြောပါတယ်။

အစိုးရခွင့်ပြုချက်မရှိပဲ ကျူးကျော်ဆောက်လုပ်ထားတဲ့အများဆုံးနေရာကတော့ဟားခါး ဂေါက်ကွင်းအနီး ဧက ၆၀၀ ပေါ်တွင်ဖြစ်ပါတယ်။ ယင်းနေရာတွင် အခု လူနေအိမ် ၁၃၀ ကျော်ဆောက်လုပ်ထားတယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။

ဝန်ကြီး ဦးစိုးထက်က “သူတို့ကို သတိပေးစာ သုံးကြိမ်ပေးထားပြီ။ နေအိမ်တွေဖျက်ဖို့ရက်ပေါင်း ၆၀ အချိန်ပေးထားတယ်၊ အဲ့ချိန်မှမဖျက်ဘူးဆိုရင် အစိုးရ အင်အားသုံးဖျက်စီးမယ်။ ရက်ပေါင်း ၆၀က သြဂုတ်လ ရှစ်ရက်နေ့ဆိုပြည့်ပြီ။ မြို့သစ်ဧရိယာမသတ်မှတ်ခင်မှာတော့ အဲ့နေရာတဝိုက်မှာ လူနေအိမ် ရှစ်လုံးပဲရှိတယ်။ ဒါပေမယ့် အစိုးရကလမ်းတွေဖောက်တဲ့ချိန်မှပဲကျူးကျော်ဆောက်လာကြတယ်။ ရှိပြီးသား အိမ် ရှစ်လုံးကိုတော့ မဖျက်ဘူး။ အခု ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ဖို့ ပြည်နယ်အစိုးရကို ခွင့်ပြုမိန့်တောင်းနေတယ်ဒါပေမယ့် အစိုးရကအတည်မပြုသေးဘူး။ ဘာဖြစ်လို့လဲဆိုရင်သွားရောက်ဖျက်စီးတဲ့ချိန်မှာ တစ်ခုခုလက်တုံ့ပြန်လာတဲ့ချိန်မှာ ရဲတွေက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့၊ နောက်ဆုံးပြောရရင် ပစ်ခတ်တဲ့အဆင့်ထိဖြစ်မယ်။ ပုဒ်မ ၁၄၄ ထုတ်ဖို့မှရမယ်” လို့ပြောပါတယ်။

Pi Za Tlem က “ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ နဲ့ လမ်းပမ်းဝန်ကြီး အမြန်ဖြုတ်ပေးဖို့ဆိုတဲ့ ဆိုင်းဘုတ်ကိုတော့ ရဲတွေက ဒါကတော့နည်းနည်းပြင်းထန်နေပေါ့ဒါကြောင့်ပြန်ပြင်ပေးပါလားလို့ပြောတာကြောင့် ကျမတို့ကလည်း ဥပဒေအတိုင်းမဆောင်ရွက်တဲ့ ဝန်ကြီးတွေနှုတ်ထွက်ပေးရေးဆိုပြီး ပြန်ပြင်လိုက်တယ်။ ပြီး ဟားခါးမှာ ၄၃ ဒသမ ၉၀ စတုရန်းမိုင် စည်ပင်ဧရိယာနယ်နမိတ်အလိုမရှိဆိုတဲ့ဆိုင်းဘုတ်ကဘာလဲဆိုရင် ဒါကအရမ်းကျယ်တယ်။ တောင်သူတွေ တောင်ယာလုပ်ဖို့မြေနေရာရှိတော့မှာမဟုတ်ဘူး။ ကျမတို့ဘာစားရတော့မလဲ။ ဒီလောက်ကျယ်တဲ့ မြို့ဧရိယာကျမတို့မလိုအပ်သေးဘူး။ ကျေးရွာဘက်ထိလည်းပါသွားမှာဆိုတော့ သူတို့ ဝမ်းစာရှာဖွေတဲ့မြေရှိတော့မှာမဟုတ်ဘူး” လို့ပြောပါတယ်။

ယင်းဆန္ဒပြပွဲတွင်ကိုင်ဆောင်မယ့် ဆိုင်းဘုတ်တွေကတော့ ချင်းဓလေ့ထုံစံအရ တောင်ယာစောင့်တဲအိမ် (မဖျက်နိုင်)၊ ဟားခါး ၄၃ ဒသမ ၉၀ စတုရန်းမိုင် စည်ပင်နယ်နမိတ်အလိုမရှိ၊ ဥပဒေအတိုင်းမဆောင်ရွက်တဲ့ ဝန်ကြီးများ အမြန်ဖြုတ်ပေး၊ ဆင်းရဲသားတောင်သူလယ်ယာမြေ ရောင်းစားခြင်းဖြစ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး (အလိုမရှိ)၊ ချင်းပြည်နယ်မှာ မြေလွှတ်မြေရိုင်းမရှိ (ဘိုးဘွားပိုင်မြေသာရှိ)၊ မြေယာသိမ်းဥပဒေနဲ့အညီ စိစစ်ခြင်းမပြုပဲ ဥပဒေနဲ့မညီသော အာဏာသုံးခြင်းကို (ရပ်တန့်ပေးရန်)၊ ချင်းဓလေ့ထုံးတမ်းစဉ်လာ၏ လူ့အခွင့်အရေးကို (လေးစားပေးပါ) စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်