အဆင်းရဲဆုံးပြည်နယ်၊ အဆင်းရဲဆုံးဒေသမှ ဘိန်းစိုက်ပျိုးမှု (အပိုင်း-၂)

ကိုဗန်(တောင်ပေါ်မြေ)

၂၀၂၂ ခုနှစ်က စိုက်ပျိုးထုတ်လုပ်မှုသည်ပင် ၂၀၂၁ ခုနှစ်ကထက် (၁၃)ရာခိုင်နှုန်းတိုးမြင့်လာနေသည် ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင်လည်း စံချိန်တင် ထပ်မံတိုးမြင့်လာဖွယ်ရာ ရှိနေသည်။

ဆင်းရဲနွမ်းပါးမှု၊ဝေလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခတ်ခဲမှု၊ နယ်မြေမအေးချမ်းမှု၊စီးပွားရေးအခွင့်အလမ်းနည်းပြီး အလုပ်လုပ်စရာ ရှားပါးမှုတို့က ဘိန်းစိုက်ပျိုးမှုကို တိုးလာစေသည်။

တွန်းဇန်မြို့နယ်တွင် ရွာပေါင်း (၉၀) ကျော် ရှိသည့်အနက် လုံတပ်၊ ဂဲလ်မွာလ်၊ ဖိုင်တူ၊ စာလ်ဇန်၊ မွလ်ပီး၊ အန်းလွန်း၊ ဆဲနန်၊ ခွောခန့်၊ စိန်းပျဲာလ်၊ ဟိန်ဇန်၊ ဘားလ်ဘီလ်၊ ရှလ်လုပ်၊ စိပက်၊ ဟန်ကင်၊ မေမောင်ဇန် နှင့် ခမ်ဇန်ရွာ အပါအဝင် ရွာပေါင်း (၃၀)တွင် ၂၀၂၂ ခုနှစ်က ဘိန်းစိုက်ပျိုးခဲ့ကြသည် ဟု RFA သတင်းဌာနက ဖော်ပြခဲ့သည်။

လူတစ်ဦးလျှင် (၃)ဧကမှ ဧက(၃၀)အထိ စိုက်ပျိုးနေကြပြီး ၂၀၂၂ ခုနှစ်အတွင်း ဧက ထောင်ချီ တိုးပွားလာကာ  ဘိန်းအထွက်နှုန်းမှာ တစ်ဧကလျှင် (၃)ပိသာဝန်းကျင် ရှိခဲ့သည်။

၂၀၂၂ခုနှစ်က ဘိန်းစိမ်းတပိသာလျှင် ကျပ်သိန်း(၂၀)ခန့် ရရှိကာ အိန္ဒိယမှ ဘိန်းပွဲစားများက ခြံအရောက် လာရောက်ဝယ်ယူခဲ့ကြသည်ဟု RFA သတင်းဌာနက ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်ကထက် ဈေးကောင်းရရှိခဲ့သည် ဖြစ်ရာ ၂၀၂၃ ခုနှစ်အတွင်းလည်း တိုးချဲ့စိုက်ပျိုးလာနေကြသည်ကို တွေ့ရပြီး ရင်းနှီးမြှုပ်နှံသူအမျိုးမျိုးဖြင့် လုပ်ကိုင်လာနေကြခြင်း ဖြစ်သည်။

တွန်းဇန်မြို့နယ်တွင် ဘိန်းကို အစောပိုင်းဘိန်းနှင့် နောက်ပိုင်းဘိန်း ဟု နှစ်မျိုးစိုက်ကြသည်။ အစောပိုင်း ဘိန်းကို ဩဂုတ်လတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် အစေးခြစ်ယူကြကာ နောက်ပိုင်းဘိန်း ကို စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလကုန်ပိုင်းတွင် အစေးခြစ်ယူကြသည် ဟု ဆိုသည်။

လက်ရှိအချိန်ထိ ချင်းပြည်နယ် မြောက်ဖျားဒေသရှိ တွန်းဇန်မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု တားဆီးရေးကို လုပ်ဆောင်နိုင်မှု မရှိကြသေးပေ။

တွန်းဇန်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအပြင် ဇိုမီးတော်လှန်ရေးအဖွဲ့ (ZRA) ကလည်း လှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။
လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးအဖက်ဖက်မှ နှိမ့်ကျဆင်းသွားသည့်ကာလတွင် ဘိန်းကဲ့သို့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ခြင်းမှာလည်း တဟုန်ထိုးမြင့်တက်လာသည်မှာ ထူးမခြားနားသည့် ကိစ္စဖြစ်သည်။

သို့သော်လည်း ချင်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု တဟုန်ထိုး မြင့်တက်လာမှုကို တားဆီးနိုင်ရန် အထူးလိုအပ်နေပြီ ဖြစ်သည်။
ရွှေ့ပြောင်းတောင်ယာစနစ်ကိုသာ ကျင့်သုံးနေသည့် ချင်းဒေသတောင်တန်းများတွင် ဈေးနှုန်းကောင်းမွန်နေသည့် ဘိန်းစိုက်ပျိုးမှုများ တိုးမပွားလာရန် အချိန်မှီတားဆီးရမည် ဖြစ်သလို လက်ရှိကာလတွင်လည်း အကောင်ထည်ဖော်ရန် လိုသည်။

ချင်းပြည်နယ် ရှိ နယ်မြေ(၇၀)ရာခိုင်နှုန်းကို လွမ်းမိုးထိန်းချုပ်ထားနိုင်ပြီ ဟု ဆိုသော CNA/CNFနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေနှင့်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုတို့ကို တားဆီးရန် နှင့် တွန်းဇန်မြို့နယ်အပြင် အခြားမြို့နယ်၊ဒေသများသို့ ကူးစက်မလာစေရန် တားဆီးရန် ပြင်ဆင်ထားဖို့ လိုအပ်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တောင်ယာစိုက်ပျိုးသည်မှ လွဲ၍ အခြားထွက်ကုန်မရှိသော ချင်းဒေသတွင် ဈေးနှုန်းနှင့် အကျိုးအမြတ် လွယ်လွယ်ကူကူဖြစ်ထွန်းနိုင်သော ဘိန်းစိုက်ပျိုးမှု မကူးစက်ရန် ကာကွယ်ရမည် ဖြစ်သည်။

ဒေသတဝန်းစစ်ဘေးကြောင့် အတိဒုက္ခရောက်ပြီး စစ်ဘေးရှောင် ပြည်သူများ၊ပြင်ပကို တိမ်းရှောင်ရာမှ ပြန်လည်အခြေချလာသော ပြည်သူများအ‌တွက် အခြားဝင်ငွေ ရရှိရေးအတွက်လည်း စဉ်းစားထားရမည့် အချက်ဖြစ်သည်။

ဝင်ငွေရလမ်းများကို မဖော်ဆောင်ပေးနိုင်ပါက ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုသည် တွန်းဇန်မြို့နယ်မှ တဆင့် ကူးစတ်ပြန့်နှံရန် လွယ်ကူလာမည် ဖြစ်သည်။

ဘိန်းစိမ်းတစ်ပိသာလျှင် သိန်း(၂၀)နှုန်းဖြင့် တစ်ဧကလျှင် သုံးပိသာ အထွက်နှုန်း ရှိနေသော ချင်းပြည်နယ်တွင် တစ်ဧက သိန်း(၆၀)ဝင်ငွေ ရနေမည့် ဘိန်းစိုက်ပျိုးမှုမှာ မက်မောစရာ ဖြစ်နေသည်။

စစ်မီးတောက်လောင်နေမှု၊ဆင်းရဲနွမ်းပါးမှု၊လုပ်ကိုင်စရာ ရှားပါးပြီး ဝင်ငွေရလမ်းနည်းပါးကာ သွားလာရခက်ခဲမှုတို့နှင့် အိန္ဒိယနှင့် ဘင်္ဂလားဒခ်ျနိုင်ငံတို့သည် မူးယစ်ဆေးကုန်သွယ်မှု လမ်းကြောင်းတွင် ရှိနေခြင်းက ဆွဲဆောင်လာနိုင်သည်။

လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာပင် တွန်းဇန်မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုမှာ သိသိသာသာ တိုးမြင့်လာနေသည့် အရိပ်အယောင်များကို မြင်တွေ့နေရသည် ဖြစ်ရာ စံပြနေရာတခု ဖြစ်မလာစေရန် ချင်းတမျိုးသားလုံးကာကွယ်ရမည် ဖြစ်သည်။

ဘိန်းကဲ့သို့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် လူမျိုး၊ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေရုံသာမက နာမည်ဆိုးဖြင့် အမည်းစက်ထင်ကျန်နေခြင်း၊ဒေသအတွင် ဒုစရိုက်အမှုကြီးထွားလာခြင်း၊လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များလာခြင်းတို့ကြောင့် အနာဂါတ်လူမျိုးအရေးထိပါ ကြီးမားစွာ ထိခိုက်အကျိုးသက်ရောက်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ UNDOC ၏ Myanmar opium survey 2022  အစီရင်ခံစာတွင် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာခြင်းကို အတိအကျ ဖော်ပြလာခဲ့သည်။

ထိုအချက်က နိုင်ငံတကာစာမျက်နှာပေါ်တွင် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု မြင့်မားလာမှုက ချင်းလူမျိုးတို့အတွက် အရိပ်မည်းကြီး ဖြစ်လာစေနိုင်သည်။

ထိုအချက်ကို ချင်းပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ပါဝင်တိုက်ဖျက်သွားကြရန် လိုပြီး တွန်းဇန်မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာခြင်းကို တားဆီးရန် အချိန်သင့်နေပြီ ဟု ဖော်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်