အဖမ်းဆီးခံ ကလေးမြို့သပိတ်အဖွဲ့ဝင်များ ဆိုးဆိုးရွားရွား စစ်ကြောရိုက်နှက်ခံရပြီး အကျဥ်းထောင်ထဲတွင်လုံလောက်စွာ ဆေးဝါးကုသခွင့်မရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် ဧပြီလ ၁၆ရက် နေ့၌ အတာသင်္ကြန်ရေအိုးများဖြင့် လှည့်လည်ဆန္ဒပြနေစဥ် ဒလန်သတင်းပေးမှုကြောင့် ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊မကျင်ဒိတ်ကိမ်၊မအိစံ၊ ကိုမျိုးကိုဝင်းတို့ လေးဦးမှာ စစ်ကြောရေးတွင် ဆိုးရွားစွာ ရိုက်နှက်နှိပ်စက်ခံရပြီးယခုထက်တိုင် စနစ်တကျဆေးဝါးကုသခွင့်မရရှိသေး ဟု ပြန်လည်လွတ်မြောက်လာ သူများဆီကသိရပါတယ်။

အဆိုပါ သပိတ်အဖွဲ့ဝင် လေးဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-(က) ဖြင့် ထောင်ဒဏ် ၂နှစ်စီ ချမှတ်ထားပြီး နောက်ထပ်၃လ မြောက်တွင်လည်း အကြမ်းဖက်ပုဒ်မများဖြင့် ထပ်မံရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ နီးစပ်ရာများက ဆိုပါတယ်။

 “မိသားစုဝင်တွေကို ခေါ်ပြီး သူတို့ရှေ့တင်ပဲ ရိုက်နှက်တယ်။ ကျောက်စရစ်ခဲတွေပေါ် ဒူးထောက်ခိုင်းတာမျိုးတွေ သံပိုက်လုံးတွေနဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက် တာမျိုးတွေလည်း လုပ်တယ်ဗျ။ မအိစံရယ် ကိုမျိုးကိုဝင်းကတော့ နားတစ်ဖက်မကြားရတော့ဘူး။ ကိုမျိုးကိုဝင်းက တံတောင်ဆစ်အရိုးအက်သွားတယ်လို့လည်းသိရတယ်။ မကျင်ဒိတ်ကိမ်ကတော့ ပါးတွေအညိုမဲစွဲတဲ့အထိအရိုက်ခံရတယ်။ သပိတ်ဖြိုခွင်းခံရတုန်းက ထိခိုက်ရရှိတဲ့ ဒဏ်ရာကလည်း အနာမကျက်သေးဘူး။ ကိုသန်းစိုးဦးက မျက်လုံးတစ်ဖက်ဆိုးဆိုးရွားရွားထိခိုက်ထားပြီး နားတစ်ဖက်ကလည်း မကြားရတော့တဲ့အပြင် ခြေထောက်တစ်ချောင်းကျိုးတယ်” လို့ကလေးထောင်က ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

အဆိုပါ သပိတ်အဖွဲ့ဝင်လေးဦးရဲ့ မိသားစုဝင်တစ်ချို့ကိုလည်း ၁လခန့် ချုပ်နှောင်ဖမ်းဆီးခဲ့ကြပြီး မကြာသေးခင်ကပဲပြန်လွှတ်ပေးခဲ့တယ်လို့လည်း ထပ်မံသိရှိရပါတယ်။ ၄င်း သပိတ်အဖွဲ့ဝင် လေးဦးစလုံး ကလေးအကျဥ်းထောင်ထဲမှာ ဆေးကုသခွင့်မရကြဘဲ မအိစံနဲ့ကိုသန်းစိုးဦး ၂ယောက်ကတော့ ဒဏ်ရာအခြေအနေ ဆိုးရွားနေတယ်လို့လည်း ကလေးအကျဥ်းထောင်နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးချိန်က စလို့ ဖမ်းဆီးခံရသူအရေအတွက်ဟာ လက်ရှိအချိန်ထိ (၁၅၀၀) ဦးထက်မနည်း ရှိတယ်လို့ သက်ဆိုင်ရာ လေ့လာသုံးသပ်သူများက ဖော်ပြထားပါတယ်။၄င်းတို့အနက် ကလေးကွန်ပျူတာတက္ကသိုလ်က ကျောင်းသား ကိုမျိုးသစ်ကျော်၊ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဂျေညီစိုး၊ ကလေးပင်မသပိတ်ခေါင်းဆောင် ကိုကျော်စိုးထွေး၊ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်မင်းထက် စတဲ့ ကျောင်းသားများအပါအဝင် ကျောင်းသားလူငယ်များစွာဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြရင်း ဖမ်းဆီးအကျဥ်းချခံခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်