အဖိနှိပ်ခံ ချင်းပြည်နယ်မှာ အင်တာနတ်ဆက်ပိတ်ခံရတာ တစ်နှစ်ပြည့်ပြီ

Mowzet

ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံတွင်းက မြို့နယ်အချို့ကို စစ်ကောင်စီအုပ်စုက အင်တာနက်ပိတ်ခဲ့တာ တစ်နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေထဲက တခုအပါအဝင်ဖြစ်တဲ့ အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ချင်းပြည်နယ်မှာ ရှိတဲ့ နယ်မြေ(၅)ပုံ ပုံရင် (၄)ပုံခန့်ဟာ အင်တာနက်ဖြတ်‌တောက်ခံထားရတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့မှ စတင်ကာ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့နယ်‌တွေက ဖလမ်းမြို့နယ်၊ကန်ပတ်လက်မြို့နယ်၊မတူပီမြို့နယ်၊မင်းတပ်မြို့နယ်၊ပလက်ဝမြို့နယ်၊တီးတိန်မြို့နယ်၊ထန်တလန်မြို့နယ် နဲ့ တွန်းဇံမြို့နယ်တွေပဲ ဖြစ်ပါတယ်။
ဒေသပြည်နယ်ရဲ့ မြို့တော် အခြေစိုက်ရာ ဟားခါးမြို့နယ်က လွဲရင် ချင်းပြည်နယ် ဒေသတခုလုံးကို စစ်ကောင်စီအုပ်စုဟာ အင်တာနတ်ဖြတ်တောက်လိုက်တာမို့ ဒေသခံချင်းလူမျိုးအများစုဟာ သတင်းအချက်အလတ်ရရှိမှု မရှိတော့ပဲ အမှောင်ဖုံးတဲ့ အခြေအနေကိုပါ ကြုံတွေ့နေခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှုကြောင့် မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးဒေသဖြစ်တဲ့ ချင်းပြည်နယ်ကို လူမှုဘဝ ပိုမိုနှိမ့်ကျ‌သွားစေခဲ့ပြီး သတင်းအချက်အလတ်ပြတ်တောက်မှုကြောင့် ချင်းဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ပြင်ပနယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ချင်းလူမျိုးအများစု မသိရှိနိုင်ကြတော့တဲ့ အခြေအနေပါ။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံတွင်းမှာ အင်တာနက်နဲ့ ဖုန်းအသုံးပြုမှု အနည်းပါးဆုံး ဒေသ ဖြစ်နေတဲ့ ဒေသတခု ဖြစ်ရာ အင်တာနက်အသုံးပြုမှုကိုလည်း ကျေးလက်ဒေသမှာထက် မြို့ပေါ်နေ လူတန်းစားအများစုလောက်ကသာ သုံးစွဲနေကြတာပါ။
သို့သော်လည်း စစ်ကောင်စီအုပ်စုဟာ မြန်မာနိုင်ငံအတွင်း အင်တာနက်ဖြတ်တောက်ထားတဲ့ မြို့နယ်(၂၅)မြို့နယ် ရှိနေပြီး ယင်းအထဲမှာ အသုံးပြုမှု အနည်းဆုံးဖြစ်တဲ့ ‌ချင်းဒေသရဲ့ နယ်မြေ တခုလုံးကို အင်တာနတ်ဖြတ်တောက်မှုဟာ ဆိုးဝါးလှတဲ့ အချက် ဖြစ်နေပါတယ်။
ချင်းပြည်နယ်မှာ မြို့နယ်(၉)မြို့နယ် ရှိတဲ့ အနတ် (၈)မြို့နယ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတာ ဖြစ်ပြီး ဒေသတွင်းရှိ ချင်းလူမျိုးအများစုဟာလည်း အမှောင်ဖုံးနေချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ဆိုးဆိုးဝါးဝါးတွေ့ကြုံနေကြရပါတယ်။
အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အများစုကို ပြင်ပဒေသမှာရှိတဲ့ လူတွေ မသိရှိနိုင်ကြတော့ပဲ အမှောင်ဖုံးခံထားရတဲ့ အခြေအနေကို တွေ့ကြုံနေရတာပါ။

အင်တာနတ်ဖြတ်တောက်မှုရဲ့ ဆိုးကျိုးများ
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးနဲ့ ဖွံဖြိုးမှု အနည်းဆုံး ဒေသဖြစ်ပြီး တယ်လီဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက် ကို အသုံးပြုနိုင်တာ နှစ်အနည်းငယ်သာ ရှိပါသေးတယ်။
ချင်းပြည်နယ်ဟာ အင်တာနက်ကို အသုံးပြုနိုင်တဲ့ အခြေအနေရောက်သော်လည်း သုံးစွဲသူအများစုဟာ လူငယ်များသာ ဖြစ်ပေမယ့် အကျိုးကျေးဇူးကိုတော့ ဒေသတခုလုံးမှာ ရှိတဲ့ နေထိုင်သူအားလုံးဟာ ခံစားရရှိနေတာပါ။
ချင်းပြည်နယ်မှာ နေထိုင်သူ လူဦးရေး(၅.၂)သိန်းကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး (၇၀)ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး ဆက်သွယ်ရေးနည်းပညာတွေနဲ့ အနေဝေးပါတယ်။
သို့သော်လည်း အင်တာနက် အကျိုးကျေးဇူးကြောင့် ပြည်ပနိုင်ငံများနဲ့ မြန်မာနိုင်ငံ တခြားဒေသမှာရှိတဲ့ ဆွေမျိုး၊သားသမီးတွေနဲ့ အချိန်မရွှေး ပြောဆိုဆက်ဆံနိုင်တဲ့ အခြေအနေမျိုးကို ရရှိလာခဲ့ကြတာပါ။
ချင်းပြည်နယ်မှာ ရှိတဲ့ အိမ်တအိမ်မှာ အနည်းဆုံး မိသားစုဝင်တစ်ဦးဟာ ပြည်ပ သို့ မြန်မာနိုင်ငံတခြားဒေသတခုမှာ နေထိုင်ကြတာ ဖြစ်ပြီး ဆက်သွယ်ရေးနဲ့ သွားလာရေးခက်ခဲပါတယ်။
ဒီအချက်ကို အင်တာနက်အကျိုးကျေးဇူးကြောင့် အချိန်မရွေး ဖုန်းတလုံးရှိရုံနဲ့ ပြောဆိုဆက်ဆံနိုင်ကြတဲ့ အခြေအနေမျိုးကို ရရှိခံစားလာရတာပါ။
ဒီအပြင် မြန်မာနိုင်ငံတခြားဒေသများကိုပါ ထိတွေ့ဆက်ဆံလာမိစေပြီး ဒေသတွင်းမှာပဲ ပိတ်မိနေတဲ့ အခြေ‌အနေမျိုးကနေလည်း ကျော်လွန်လာခဲ့ပါတယ်။
ချင်းပြည်နယ်မှာ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မှု နည်းပါးလွန်းတဲ့ အတွက် ပြည်ပနဲ့ တခြားဒေသမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေရဲ့ ဝင်ငွေကို မှီခိုနေကြရတာ များပါတယ်။
အင်တာနက်သုံးစွဲမှု မြင့်လာသည့်နှင့်အတူ Digital Payment စနစ်ကိုပါ သုံးစွဲလာနိုင်ကြပြီး ငွေကြေးလွဲပြောင်းမှုတွေမှာလည်း ယခင်ကထက် ပိုမြန်ဆန်အကျိုးရှိခဲ့တယ်။
အရင်တုန်းကဆိုရင် တခြားဒေသကနေ မိသားစုဝင်တွေက ငွေကြေးပေးပို့လာရင် မြို့နယ်တခုမှာ တရုံးသာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကိုသာ အားထားရပြီး ဌာနဆိုင်ရာ အစိုးရဘဏ်မို့ ငွေကြေးလွဲပြောင်းထုတ်ယူမှုတွေ အလွန်ကြန့်ကြာပါတယ်။တချို့က ‌စာပို့စနစ်နဲ့ ဖြစ်စေ၊မော်တော်ယာဉ်တွေကနေတဆင့် ဖြစ်စေ ပေးပို့ကြပေမယ့် သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တာကြောင့် အဆင်မပြေတာ များတယ်။
အင်တာနက်အကျိုးကျေးဇူးကြောင့် Digital Payment စနစ်လိုမျိုးတွေကို လွယ်ကူစွာ သုံးစွဲလာနိုင်မှုက ချင်းပြည်နယ်အတွင်းရှိ နေထိုင်သူတိုင်းအပေါ် အကျိုးဖြစ်ထွန်းစေပြီး စီးပွားရေးတိုးတက်မှု၊ကုန်စည်လည်ပတ်တာ မြန်ဆန်လာမှုတို့အထိ အားကောင်းလာစေပါတယ်။
ယခင်တုန်းက ချင်းပြည်နယ် တိုးတက်မှု အရှိန်မြင့်လာရခြင်းအကြောင်းရင်းထဲမှာ Digital Payment အသုံးပြုလာနိုင်မှုက တခုအပါအဝင်ဖြစ်ပါတယ်။ ထိုအချက်တွေအရ ချင်းပြည်နယ်ရဲ့ စီးပွားရေးကို မောင်းနှင်နိုင်မှုအထဲမှာ ငွေကြေးလွဲပြောင်းမှု မြန်ဆန်လာတဲ့ အချက်က ရာနှုန်းပြည့်အရေးပါလာတာ တွေ့ရပါတယ်။
လက်ရှိကာလမှာတော့ စစ်ကောင်စီက အင်တာနတ်ပိတ်ပင်ထားမှုကြောင့် ချင်းပြည်နယ်ရဲ့ လူနေမှုဘဝတခုလုံးကိုသာမက လူမှုရေး၊စီးပွားရေးနဲ့ ကျန်းမာရေးအထိ အကုန်ဆုတ်ယုက်သွားစေတာ တွေ့ရပါတယ်။
အင်တာနက် ရရှိမှုကို ခြေရာခံသည့် NetBlocks ၏ခန့်မှန်းခြေအရ အင်တာနတ်ဖြတ်တောက်ခံရမှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဆုံးရှုံးနစ်နာမှုဟာ တစ်ရက်ကို အမေရိကန်ဒေါ်လာ (၂၄)သန်း ကျော် ရှိနေတယ် လို့ ဆိုပါတယ်။
ဒီအချက်အရ ချင်းပြည်နယ်မှာလည်း စီးပွားရေးအရ နစ်နာဆုံးရှုံးမှုကြီးကြီးမားမားခံစားနေရ‌တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ချင်းပြည်နယ် လူဦးရေ လေးသိန်းခွဲကျော်အပေါ် အကျိုးသက်ရောက်မှုရှိ
ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ခြင်း မခံရသည့် မြို့နယ်ဟာ ဟားခါးမြို့နယ်တခုသာ ရှိပြီး လူဦးရေ(၅၁၄၃၇) နေထိုင်ကြပါတယ်။
ဟားခါးမြို့ပေါ်မှာ နေထိုင်သူဦးရေဟာ (၂၈၈၂၃)ဦးသာ ရှိတာမို့ ချင်းပြည်နယ် လူဦးရေ(၅)သိန်းကျော် နေသည့်အနတ် (၃)ရာခိုင်နှုန်းလောက်ကသာ အင်တာနတ်အသုံးပြုခွင့် ရနေကြတာ တွေ့ရတယ်။
အင်တာနက်အပိတ်ခံရတဲ့ ထန်တလန်မြို့နယ်မှာ နေထိုင်သူဦးရေ (၅၂၃၄၇) ဦး၊တီးတိန်မြို့နယ်တွင် (၈၇၆၂၃)ဦး၊ မတူပီမြို့နယ်တွင် လူဦး‌ရေ (၅၈၀၄၃)ဦး၊ဖလမ်းမြို့နယ်တွင် (၅၅၈၅၆)ဦး၊တွန်းဇံမြို့နယ်တွင် (၃၅၉၉၇)ဦး၊မင်းတပ်မြို့နယ်တွင် (၄၇၂၁၄)ဦး၊ပလက်ဝမြို့နယ်တွင် (၁၀၇,၁၁၉)ဦးနှင့် ကန်ပက်လက်မြို့နယ်တွင် (၂၄၃၄၁)ဦး နေထိုင်ကြတာမို့ စုစုပေါင်း လူဦးရေ(၄.၆၈)သိန်းကျော်ဟာ အင်တာနက်ဖြတ်တောက်မှုရဲ့ ဆိုးကျိုးဒဏ်ကို ခံစားနေကြရတာ တွေ့ရတယ်။

ချင်းပြည်နယ်တဝန်းမှာ စစ်ဖြစ်ပွားမှုကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ၊ကုန်သွယ်ရေးလုပ်ငန်းတွေအထိပါ ပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး ရပ်နားနေရတာမို့ စီးပွားရေးကဏ္ဍအရ ဆုံးရှုံးမှု ကြီးပါတယ်။
ယခင်က အင်တာနက်ရှိသည့်အတွက် ပြည်မနဲ့ ကုန်စည်ရောင်းဝယ်ရေးအတွက် ဖြစ်စေ ၊ပို့ဆောင်ရေးအတွက်ဖြစ်စေ အလွယ်တကူ ချိတ်ဆက် နိုင်တဲ့အတွက် အကျိုးများခဲ့တာပါ။
ဒါအပြင် အင်တာနက်ကနေ သတင်းအချက်အလတ်တွေ ရှာဖွေနိုင်တဲ့အတွက် လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးအခြေအနေတွေကိုပါ သိရှိနိုင်ပေမယ့် လက်ရှိ အင်တာနက်ပြတ်တောက်မှုကြောင့် ကိုယ့်ဒေသတွင်း အခြေအနေတွေကို တခြားဒေသက သူတွေ ပြောမှ သိကြရတော့တဲ့ အထိ ဖြစ်လာနေကြတာ တွေ့ရတယ်။
ကိုယ့်ဒေသအခြေအနေတောင် တခြားဒေသက သူတွေ ပြောမှ သိရတဲ့အထိ နား၊မျက်စိပိတ်ခံထားရသလို ဒေသတွင်းမှာ မတရားမှုတွေ၊ပြစ်မှုကျူးလွန်ခံရမှုတွေကို ထုတ်ဖော်ဖို့အတွက်လည်း အခက်အခဲရှိနေကြပြီး အမှောင်ဖုံးခံထားကြရတာတွေ့ရပါတယ်။
စစ်ကောင်စီအုပ်စုဟာ ချင်းပြည်နယ်ကို ဖြတ်(၄)ဖြတ်စနစ်ကို ကျင့်သုံးနေပြီး ပြည်နယ်အစိုးရရုံး ဟားခါးမြို့ပေါ်လောက်မှာသာ အင်တာနက်ဖွင့်ပြီး ၎င်းတို့ အဆက်အသွယ်အတွက် ပြုလုပ်ဆောင်ရွှက်နေကြတာ တွေ့ရတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီဟာ ချင်းပြည်နယ်ကို အင်တာနက်ဖြတ်တောက်ထားတာ တစ်နှစ်ပြည့်သွားသည့်တိုင် ဆက်ပြီး ဖြတ်တောက်နေအုန်းမယ့် သဘောတွေ့ရတယ်။
ချင်းပြည်သူတွေကို သတင်းအချက်အလက်သိရှိစေမှာ စိုးရိမ်မှုနဲ့ ဒေသတခုလုံးရဲ့ စီးပွားရေး၊လူမှုရေးဘဝကိုပါ အကျိုးရှိစေတဲ့ အင်တာနက်သုံးစွဲမှုကို ဖြတ်တောက်ခြင်းဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပဲ ဖြစ်ပါတယ်။
တကယ်တော့ ချင်းပြည်နယ်မှာ အင်တာနက်သုံးစွဲသူဦးရေဟာ (၁)သိန်းကျော်သာ ရှိနိုင်တာ ဖြစ်ပေမယ့် ဒေသတဝန်းလုံးရှိ လူအားလုံးအပေါ် စီးပွားရေး၊လူမှုရေးအရ အကျိုးရှိ‌စေတာ တွေ့ရတယ်။
သို့သော်လည်း စစ်ကောင်စီအုပ်စုဟာ အင်တာနက်အသုံးပြုခွင့်ကို ဆက်ပိတ်ပင်ထားနေမြဲ ဖြစ်ပြီး ချင်းပြည်သူတွေရဲ့ နောက်ပြန်ကျဆင်းသွားတဲ့ လူမှုဘဝကိုပါ ဂရုစိုက် အလေးထားမှု ရှိမနေတာမို့ မြန်မာနိုင်ငံမှာ အရှည်ကြာဆုံး အင်တာနက်ပိတ်ခံထားရတဲ့ ပြည်နယ်အဖြစ်ပါ မှတ်တမ်းဝင်လာရန် ရှိနေတယ်။

မကြာသေးခင်က အီရန်မှာ ပြည်သူတွေ ဆန္ဒပြကြတော့ အမေရိကန်နဲ့ Starlink တို့က ဂြိုလ်တုအင်တာနက်ကို အခမဲ့အသုံးပြုခွင့် ပေးခဲ့တာ တွေ့ရတော့ ချင်းပြည်နယ်ကိုလည်း ဒီအခွင့်အရေးလေးများ ပေးမှာလား မျော်လင့်ကြည့်မိတယ်။
တကယ်လို့သာ အသုံးပြုခွင့် ရခဲ့ရင် ချင်းပြည်နယ် တခုလုံးအပေါ် ကြီးမားတဲ့ အကျိုးကျေးဇူးခံစားရရှိနိုင်မှာ ဖြစ်ပြီး လူအခွင့်အရေးချိုးဖောက်ခံရမှုတွေ၊မတရားသဖြင့် ခံစားရမှုတွေကို ပိုမိုပွင့်လင်းစွား ဖော်ထုတ်လာနိုင်မှာ ဖြစ်ပါတယ်။
သို့သော်လည်း မြန်မာမှာ အဆင်းရဲဆုံး ပြည်နယ်၊ဖွံဖြိုးမှု အနှိမ့်ကျဆုံးဒေသကိုတော့ ဘယ်သူကမှ ကူညီချင်ဟန် မတူတာမို့ အမှောင်ထဲမှာ ပိတ်ဆို့ခံနေကြရဆဲပါ။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်