အိန္ဒိယ ဘာကြောင့် ခြံစည်းရိုးကာချင်တာလဲ? ဘာတွေဆက်ဖြစ်လာနိုင်လဲ?

R.Lakher

Free Movement Regime (FMR) ဆိုသည်မှာ ၂၀၁၈ ခုနှစ်တွင် မြန်မာ နှင့် အိန္ဒိယ နှစ်နိုင်ငံသဘောတူ လက်မှတ်ထိုးထားတဲ့ နှစ်နိုင်ငံအတွင်းကို ၁၆ ကီလိုမီတာအထိ နိုင်ငံကူးလက်မှတ် ဗီဇာ မလိုဘဲနဲ့ လွတ်လပ်စွာသွားလာလို့ရတဲ့ နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်ဖြစ်ပါသည်။ အိန္ဒိယဘက်ကို သွားရင် ၇၂ နာရီ ကြာနေလို့ရသည်။ မြန်မာဘက်ကိုလာရင် တော့ ၂၄ နာရီ နေလို့ရတယ်ဆိုတဲ့ သဘောတူညီချက်ဖြစ်ပါသည်။ သို့သော် ဒီသဘောတူညီချက်တွေက စာရွက်ပေါ်မှာသာ ရှိပြီး လက်​တွေ့ မြေပြင်တွင် တခြားဆီဖြစ်နေသည် ကို အားလုံးသိပြီးဖြစ်သည်။  မကြာသေးခင်က အိန္ဒိယ အစိုးရမှ Free Movement Regime (FMR) ကို တရားဝင် ဖျက်သိမ်းသည့် အပြင် နယ်စပ် တစ်လျှောက်  ခြံစည်းရိုး ကာရန် ပြတ်​ပြတ်သားသားပြောလာတာကို တွေ့ရသည်။ အိန္ဒိယ၏ ခြံစည်းရိုးကာလိုသည့် အကြောင်းရင်း များစွာ ရှိပါသည်။ 

၁။ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို စစ်​ကောင်စီက မထိန်းနိုင်တော့ဘဲ တော်လှန်ရေးအဖွဲ့တွေကပဲ ထိန်းလာတာကို အိန္ဒိယက မြင်လာသည်။ ဥပမာ-ချင်းပြည်နယ် နယ်စပ်ဆိုရင် ချင်းလက်နက်ကိုင် တွေထိန်းလာသည်။ စစ်ကိုင်းတိုင်းဆိုလည်း ထိုနည်းတူ တော်လှန်းအဖွဲ့တစ်ချို့တွေက ထိန်းလာသည်။ ပလက်ဝကို AA က ထိန်းလာသည်။  အိန္ဒိယအနေဖြင့် ၎င်းနယ်စပ်ရေးရာနှင့် ပတ်သက်ပြီးတော့ တော်လှန်ရေး အင်အားစုတွေနှင့် စကားပြောဖို့လိုလာသည်။ သို့သော် တော်လှန်ရေးအင်အားစုတွေက တစ်ယောက်တစ်ပေါက်ဖြစ်နေကြသည်။ ဒါကြောင့် အိန္ဒိယအတွက် နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေး သာမက ၎င်းရဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံလုံခြုံရေးအထိ စိုးရိမ်စရာ ဖြစ်လာသည်။ တရုတ်က ဒါကိုအခွင့်ကောင်းတွေယူပြီး အိန္ဒိယကို ဒုက္ခတွေပေးလာနိုင်သည် ဆိုသည့်စဥ်းစားချက်တွေကြောင့် နယ်စပ် ကို ခြံစည်းရိုးခတ်မည်ဟု ပြတ်ပြတ်သားသားပြောလာခြင်းဖြစ်သည်။

၂။ နောက်တစ်ချက်က မဏီပူရ်ပြည်နယ်က Metei(ကသည်း) လူမျိုး နှင့် ကူကီး (ချင်း)တွေရဲ ပဋိပက္ခ ပြဿနာနှင့်လည်း တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ကူကီး(ချင်း)တွေက မြန်မာပြည်ဖက်ကနေ လက်နက်တွေ တင်သွင်းနေသည်ဆိုသည့် အချက်တွေလည်းပါနိုင်သည်။ ထို့အပြင် အိန္ဒိယအရှေ့မြောက် ပြည်နယ်က   သူပုန်တွေက မြန်မာပြည်ကို ခြေကုပ်ယူပြီးတော့ အိန္ဒိယ အစိုးရကိုတော်လှန်ခဲ့ကြသည့် သမိုင်းတွေ၊ လက်ရှိလည်း ဖြစ်နေသည်ဆိုသည့် အချက်တွေ ကြောင့်လည်းဖြစ်ပါသည်။ ဒါကြောင့် ဒီ ခြံစည်းရိုးကာမည့် အစီစဥ်ကို မဏီပူရ် ပြည်နယ် ဝန်ကြီးချုပ်က ဗဟိုအစိုးရကို အရင်ကတည်းကတောင်းဆိုနေတာဖြစ်သည်။ မီဇိုရမ် နှင့် နာဂပြည်နယ်အစိုးရတို့က  ကန့်ကွက်ကြတာကိုတွေ့ရသည်။ ဒါပေ့မယ် နိုင်ငံရဲ့ နယ်စပ်ရေးရာ၊ လုံခြုံရေးကိစ္စတွေနဲ့ဆိုင်သည့် လုပ်ပိုင်ခိုင်ခွင့် တွေက ဗဟိုအစိုးရဆီမှာရှိပဲရှိတာ​မို့  တကယ်လုပ်မယ်ဆိုရင် ပြည်နယ်အစိုးရတွေအနေနဲ့ ငြင်းနိုင်မည် မဟုတ်ပေ။

၃။ နောက်တချက်မှာ မြန်မာပြည်ဖက်ကနေ မူးယစ်ဆေးဝါး ဝင်လာမှုတွေပိုများလာခြင်း၊ လက်နက် မှောင်ခို ရောင်းချမှုတွေ မြင့်တက်လာခြင်း၊ မြန်မာ ပြည်ဖက်က စစ်ဘေးရှောင် တရားမဝင် ဝင်ရောက်လာမှု မြင့်တက်လာခြင်း စသည့် အချက်များလည်း ပါပါသည်။ ဤအချက်တွေက အိန္ဒိယအစိုးရအနေနှင့် နယ်စပ်ခြံစည်းရိုး ကာမည့် မူဝါဒနောက်ကွယ်က အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

တကယ်အလုပ်ဖြစ်မှာလား? ဘာတွေ ဆက်ဖြစ်လာမှာလဲ?

အိန္ဒိယ ဗဟိုအစိုးရအနေနှင့်  ပြည်နယ်တွေကန့်ကွက်နေရင်တောင် ခြံစည်းရိုးကို ကာလာလိမ့်မည်ဟုမြင်ပါသည်။ သူ့မှာ လုပ်နိုင်စွမ်းရှိသည်။ ပိုက်ဆံရှိသည်။ အတိုင်းအတာ တစ်ခုထိ အလုပ်ဖြစ်လိမ့်မည်။သို့သော် အပြည့်အဝ လူတွေရဲ့ နယ်စပ်ဖြတ်ကျော်သွားလာမှုကို တားနိုင်မည်မဟုတ်ပေ။ နယ်စပ်က ကီလိုမီတာ ၁၆၀၀ လောက်ရှည်သည်။ တောတောင်ရှိုမြောင်ထူထပ်သည်။ ထို့အပြင် ပြည်နယ်အစိုးအရ၊ လူထုအခြေပြုအဖွဲ့စည်း၊ ပြည်သူလူထု၏ ဆန္ဒမပါတဲ့ မူဝါဒတွေက လက်တွေ့မှာ မအောင်နိုင်ဘူး။ ခြံစည်းရိုးခတ်ပြီး ရင်တောင် ဖြတ်ကျော်မည် နည်းလမ်းကိုရှာကြလိမ့်မည်။ အကြောင်းရင်းမှာ နှစ်နိုင်ငံ စလုံးမှာ လူမျိုးစုတူတွေ နေထိုင်ကြသည်။ ဥပမာ- နယ်စပ်စည်းမျဥ်းက နာဂ ရွာတစ်ရွာ ကို တည့်တည့်ဖြတ်သွားသည်ကို တွေ့ရသည်။ လူမျိုးသုံးလေးမျိုးလောက်ကို ​​​ ဒီနိုင်ငံတကာ နယ်စပ်​မျဥ်းက ဖြတ်သွားတာ။ ဥပမာ-အရိုနာကျလ် ပရာဒက်စ် ပြည်နယ် ဖက်မှာလည်း ကချင်လူမျိုးတွေအများကြီးရှိသည်။ ဒါကြောင့် ဒီခြံစည်းရိုးကာမည့် အစီစဥ်ဟာ အလုပ်ဖြစ်မှာ မဟုတ်ကြောင်း အိန္ဒိယပညာရှင် တစ်ချို့မှ ဝေဖန်ထောက်ပြမှုတွေ ရှိနေတာကို တွေ့ရသည်။

သို့သော် အတိုင်းအတာ တစ်ခုထိ အလုပ်ဖြစ်နိုင်ပါသည်။ အထူးသဖြင့် မြန်မာ စစ်ဘေးရှောင်တွေအတွက် အခက်ခဲ့ဖြစ်နိုင်သည်။ အခက်ခဲကတော့ နှစ်ဖက်စလုံးက ပြည်သူတွေခံ​ကြရလိမ့်မည်။ နှစ်ဖက်စလုံး ပြည်သူတွေရဲ့ စီးပွားရေးကိုလည်း ထိခိုက်လိမ့်မည်။ မြန်မာပြည်ဖက်က လူတွေက ပိုပြီးခံကြရ လိမ့် မည်။ ဥပမာတစ်ခုကို ပြောရရင် ကျန်းမာရေး စောက်ရှောက်မှုတွေကို အိန္ဒိယဘက်ကို တော်တော်များများသွားကြရသည်။ တော်လှန်ရေးအင်အားစုတွေအတွက်လည်း အတိုင်းအတာတစ်ခုထိ အခက်ခဲဖြစ်စေနိုင်ပါသည်။ ဒါပေ့မယ့် ကီလိုမီတာ ၁၆၀၀ ကျော်ကာမည့် ခြံစည်းရိုးက အချိန်အများကြီးယူရမည်။ အချိန်ဘယ်လောက်ထိယူပြီးဆောက်မည် ဆိုတာတော့ တိတိကျကျပြောတာ မတွေ့ရသေးဘူး။ ဘတ်ဂျက်အများကြီးသုံးရန် လိုအပ်လိမ့်မည်။ အိန္ဒိယ အတွက် တကယ်တန်မလား ဆိုသည့် မေးခွန်းတွေရှိနေသည်။

မည်သို့ပင်ဖြစ်​စေ အိန္ဒိယ အစိုးရ​အနေနှင့် ခြံစည်းရိုးကို ကာနိုင်လိမ့်မည်။ ကာလာလိမ့်မည်။ အတိုင်းအတာတစ်ခုထိ အောင်မြင်လိမ့်မည်။ သို့သော် လူတွေရဲ့နယ်စပ်ဖြတ်ကျော်သွားလာမှုကို အပြည့်အဝတားနိုင်မည် မဟုတ်သည်မှာ သေချာသည်။

R. Lakher

Chin Politics and Revolution Observer

Researcher

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်