အိန္ဒိယနိုင်ငံရှိ မီဇိုးလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆို

အိန္ဒိယနိုင်ငံရှိ မီဇိုးလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆို

ဂ်မ္ပြီးကေဘာ္ေဒသ

အိန္ဒိယနိုင်ငံ သရီပူရပြည်နယ်မှာနေထိုင်ကြတဲ့ မီဇိုးလူမျိုးတွေက ပြည်နယ်အစိုးရထံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကောင်စီရရှိဖို့ ပြည်နယ်အစိုးရထံ စက်တင်ဘာ (၆)ရက်နေ့ကတောင်းဆိုသွားတယ်လို့ Northeast News ကဖော်ပြထားပါတယ်။

သရီပူရပြည်နယ်ဟာ မီးဇိုရမ်ပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေပြီး မီဇိုးလူမျိုးတွေဟာ ယင်းပြည်နယ်ရဲ့ မြောက်ဘက် ဂျမ်ပွီးကဘော်နဲ့ ရှဲခန့်ကဘော်တွင်အများဆုံးနေထိုင်ကြပါတယ်။ ယင်းပြည်နယ်တွင် ၎င်းတို့ဟာ လူနည်းစုဖြစ်တာကြောင့် ပြည်နယ်အစိုးရတွင် ၎င်းတို့လူနည်းစုတွေရဲ့အသံကိုတင်ပြမယ့်သူမရှိတာကြောင့် အခွင့်အရေးဆုံးရှုံးနေတယ်လို့ယူဆကြပါတယ်။

ယင်းကိစ္စ ဦးဆောင်လှုပ်ရှားတဲ့ Mizo Convention ဦးဆောင်သူ ဦးလာလ်ရမ်ဇောင်ဝါက “ပြည်နယ်အစိုးရဟာ လူမျိုး ၁၉ မျိုးအတွက် ဖွဲ့စည်းထားပေမယ့် တကယ်တော့ လူဦးရေများပြားတဲ့ လူမျိုး ၂၊၃ မျိုးလောက်ကထိန်းချုပ်နေကြတယ်။ အဲ့ဒီလူမျိုး ၁၉ မျိုးထဲမှာ မီဇိုးလည်းတစ်ခုအပါအဝင်ဖြစ်ပေမယ့် မီဇိုးကိုယ်စားလှယ်တစ်ယောက်မှ ပြည်နယ်အစိုးရကောင်စီမှာမရှိဘူး။ ဒါကြောင့် ကျနော်တို့အသံတွေ ဘယ်မှာမှမထွက်နိုင်ဘူး။ အခုလည်း သရီပူရတက္ကသိုလ်ရဲ့ ဒု-အဓိပတိကိုသွားတွေ့ပြီး မီဇိုးစာပေကို အဆင့်မြင့်ကျောင်းတွေမှာ ပါဝင်သင်ပေးဖို့တောင်းဆိုမယ်” လို့ Sentinel Assam သတင်းမှာပြောပါတယ်။

သရီပူရပြည်နယ်တွင် ကူကီး၊ မီဇိုး၊ ဘင်္ဂလီ၊ အင်ဒိုအရီယန်း၊ Chakma, Marmaလူမျိုးတွေနေထိုင်ကြပါတယ်။

မီဇိုးလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဖို့တောင်းဆိုလာတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကတည်းကဖြစ်ပါတယ်။ သူတို့ဟာ ဂျမ်ပွီးကဘော်ဒေသကို ဂျမ်ပွီးကဘော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကောင်စီ အဖြစ်ထားရှိဖို့တောင်းဆိုကြတာပါ။

သူတို့ဟာ သရီပူရပြည်နယ်ဝန်ကြီးချုပ် Biplab Kumar Deb ထံ ၁၅ မျက်နှာပါဝင်တဲ့ စာချွန်လွှာကိုပေးအပ်ခဲ့ပါတယ်။ ၎င်းစာချွန်လွှာထဲတွင် လမ်း၊ အခြေခံအဆောက်အအုံ၊ ကျောင်း၊ ဓလေ့ထုံးတမ်းများအသိအမှတ်ပြုပေးဖို့ ပါဝင်ပါတယ်။

ဝန်ကြီးချုပ် Biplab Kumar Debက ၎င်းလူမှုကွန်ယက်စာမျက်နှာပေါ်တွင် “ဒီနေ့တော့ ဂျမ်ပွီးကဘော်အဖွဲ့တွေကို ဝန်ကြီး Shantana Chakma Ji နဲ့အတူတွေ့ဆုံဆွေးနွေးကြပါတယ်။ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုဖြစ်ပြီး ဒီကိစ္စက ရေရှည်လုပ်ဆောင်ရမယ့်အရေးဖြစ်တယ်” လို့ရေးသားထားပါတယ်။

၂၀၁၉ ခုနှစ်တွင် သရီပူရပြည်နယ်တွင် လူဦးရေ ၄သန်းကျော်ရှိပြီး မီဇိုးလူမျိုးတွေနေထိုင်တဲ့ ကျေးရွာ ၂၀ ရှိပါတယ်။ လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းဟာ ဟင်ဒူဘာသာဝင်တွေဖြစ်ပြီး မွတ်စလင်ဘာသာက ၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင်က ၅ ရာခိုင်နှုန်း နဲ့ ဗုဒ္ဓဘာသာဝင်က ၃ ရာခိုင်နှုန်းကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်