အေအေနဲ့ပတ်သက်ဟုစွပ်စွဲခံရသူရဲ့ ဇနီးသည်ကို တပ်မတော်က ညှင်းပန်းနှိပ်စက်ခဲ့ပြီးသားဖြစ်သူကို ဆက်လက်ဖမ်းဆီးထားဟုဆို

ရခိုင်ပြည်နယ် အမ်းမြို့နယ် ခမောင်းတောကျေးရွာမှာနေထိုင်တဲ့ ချင်းအမျိုးသားဦးတင်ထွန်းဟာ အေအေနဲ့ပတ်သက်နေတယ်လို့ တပ်မတော်ကစွပ်စွဲပြီး ၎င်းရဲ့ဇနီးသည်ကို ညှင်းပန်းနှိပ်စက်ကာ သားဖြစ်သူကိုဆက်လက်ဖမ်းဆီးထားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ (၁၆)ရက်တွင်ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ အမ်းမြို့မှ (၁၆)မိုင်လောက်ကွာဝေးတဲ့ ခမောင်းတောကျေးရွာသား ဦးတင်ထွန်း (၅၁ နှစ်) ဟာတပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေတယ်လို့စွပ်စွဲကာ ဇန်နဝါရီလ (၄)ရက်နေ့တွင် ၎င်းခရီးလွန်နေတဲ့အချိန်နေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် ဇနီးဖြစ်သူ ဒေါ်မလှ (၄၄ နှစ်) နဲ့ သားဖြစ်သူ မောင်ကျော် (၂၁နှစ်) တို့ကို ဖမ်းဆီးပြီး ကျေးရွာစာသင်ကျောင်းခန်းထဲတွင် ချုပ်နှောင်ကာ ဒေါ်မလှကို တစ်ညလုံး ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ နောက်တစ်နေ့ ဇန်နဝါရီလ (၅)ရက်တွင် စစ်သားများပြန်သွားကြပြီး ဒေါ်မလှကိုကျောင်းအနီး အိမ်တစ်အိမ်ထားခဲ့ကာ ၎င်းရဲ့သားကို အမ်းမြို့ တပ်စခန်းသို့ဆက်လက်ခေါ်ဆောင်ကာ နောက်တစ်ပတ် အကြာတွင် အမှုဖွင့်ရန် အမ်းမြို့ရဲစခန်းသို့လွှဲပြောင်းလိုက်တယ်လို့ဆိုပါတယ်။

ဒေသခံတစ်ဦးက“စစ်တပ်တွေက အမ်းမြို့က ခလရ(၃၇၁)လာ ခလရ(၃၇၂)လာ အဲဒီတပ်ကတခုခုဘဲ။ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ဝင်ရောက်ရှာဖွေတယ်။ အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး။ မနက်(၁၀)နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး ရွာရဲ့စာသင်းကျောင်း ခန်းထဲမှာ နှစ်ဦးစလုံးကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်။ ညနေပိုင်း(၃)နာရီလောက်ကနေ စတင်စစ်ဆေးမေးမြန်းတယ်။ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာ ဖွတ်ထားတာလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းယင်း ဒေါ်မလှရဲ့ညာဖက်ခြေထောက်ရဲ့ ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးတယ်။ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်။ ဒူးခေါင်းပေါင်ထိပ်မှာ ဆူပွတ်နေတဲ့ရေနွေးနဲ့လောင်းတယ်။ နောက် အမျိုးမျိုးဆက်လက် ရိုက်နှက်ညှင်းပန်းနှိပ်စက်နေပြီးတညလုံး အဲဒီစာသင် ကျောင်းခန်းထဲမှာထားထားတယ်လို့ ပြောတယ်” လို့ ဒေါ်မလှကပြောပြချက်ကို ပြန်လည်ပြောပြပါတယ်။

ဒေါ်မလှရဲ့ ဒဏ်ရာတွေကပြင်းထန်တဲ့အတွက် အိမ်ရှင်တွေက အမ်းမြို့ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ပြီး (၃)ရက်ကြာ ဆေးကုသပြီးမှ မကြာခဏဆေးရုံသို့ အပြင်လူနာအနေဖြစ် ဆေးကုသမှုခံယူနေပါတယ်။ သားဖြစ်သူ မောင်ကျော်ကတော့ တပ်မတော်သားတွေရဲ့ ထိုးကြိတ်ရိုက်နှက်တာခံခဲ့ရပါတယ်။

တပ်မတော်က ဦးတင်ထွန်းနေအိမ်အတွင်း ဝင်ရောက်ရှာဖွေစဉ် မိုင်းခွဲရာမှာအသုံးပြုတဲ့ Cap (၈)လုံး ရှာဖွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်ထားပါတယ်။ ဒါပေမယ့် ယင်းကိစ္စဟာ လုံးဝမမှန်ကန်ကြောင်း နဲ့ သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းဝယ်ရေးနဲ့ အသက်မွေးဝန်းကျောင်းပြုတာ(၁၂) လောက်ကြာပြီး သူ့အမျိုးသားကလည်း သစ်ရောင်းဝယ်ရေး အလုပ်ကိုသာရိုးသားစွာလုပ်နေကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။

၎င်းက “စစ်သားတွေ အိမ်အတွင်းဝင်ရောက် ရှာဖွေပြီးနောက်မှာ သူတို့စုထားတဲ့ ငွေကျပ်(၁၉)သိန်း၊ ရွှေလက်စွပ်(၂)ကွင်း နဲ့ ရွှေနားကပ်တစ်စုံ ပျောက်ဆုံးသွားခဲ့တယ်။ စုဗူးထဲမှာ နှစ်သောင်းသုံးသောင်း လောက်ပါတဲ့ စုဗူးတစ်ဗူးကိုလည်း သူတို့သိမ်းယူကြသေးတယ်။ အဲ့ဒါကိုတော့ ပြန်ပေးဖို့ သမီးငယ်က မနည်းတောင်းတော့မှ စုဗူးကိုတော့ပြန်ပေးလိုက်တယ်။ ပြီးတော့ ဆိုင်ပစ္စည်းတွေ နဲ့ အိမ်ထဲက ပစ္စည်းအားလုံး ဖျက်ဆီးပစ်ကြတယ်။ သူတို့ဖျက်ဆီးသွားတဲ့ တန်ဖိုးက ခန့်မှန်းချေ သိန်း ၃၀ ရှိမယ်။ နောက်တစ်နေ့မှာ စစ်တပ်ဖက်က ဦးတင်ထွန်းနေအိမ်က သက်သေခံပစ္စည်းအနေနဲပသိမ်းဆီးထားတဲ့ငွေဆိုပြီးတော့ ရှစ်သောင်းကို ကျေးရွာရပ်မိရပ်ဖတွေဆီအပ်ခဲ့တယ်” လို့ဆိုပါတယ်။

ကျေးရွာလူကြီးတစ်ဦးက “သူကအသက်လည်းကြီးပြီဆိုတော့ AA အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာမဖြစ်နိုင်ဘူး။ သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းတဲ့အလုပ်နဲ့ဘဲ ရိုးရိုးသားသားနေလာတဲ့သူတွေပါ။ ဦးတင်ထွန်းက တခါတလေ သစ်အရောင်း အဝယ်လုပ်တာရှိတယ်။ သူတို့ကကုန်စုံဆိုင်ရောင်းတယ်ဆိုတော့ လူမျိုးပေါင်းစုံသူတို့အိမ်မှာ အဝင်အထွက်ရှိ တာကတော့အမှန်ဘဲ။ အဲဒီလိုလူတွေအဝင်အထွက်များတယ်ဆိုပြီး AA အဖွဲ့နဲ့ပတ်သက်တယ်လို့ တဖက် သတ်စွပ်စွဲလို့ရှိရင်မှားမယ်” လို့ပြောပါတယ်။

ဦးတင်ထွန်းကတော့ ဇနီးနဲ့ သားဖြစ်သူတို့ တပ်မတော်က ဖမ်းဆီးထားတဲ့သတင်းကြားရတာကြောင့် အိမ်မပြန်ရဲဘဲ တိမ်းရှောင်နေပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်