ကျောင်းအုပ်ကြီးက (၈)တန်းကျောင်းသူအား သူခိုးမဟုစွပ်စွဲခြိမ်းခြောက်မှုအပေါ်အရေးယူရန် တိုင်ကြား

ကလေးမြို့နယ် လက်ပံချောင်း အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်စောက အသက်(၁၄)နှစ်အရွယ် (၈)တန်းကျောင်းသူအား သူခိုးမဟုစွပ်စွဲခြိမ်းခြောက်ခြင်းအပေါ် အရေးယူပေးရန် ကျောင်းသူဖခင်က စက်တင်ဘာ(၁၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးဝန်ကြီးထံတိုင်ကြားလိုက်ပါတယ်။

ဖြစ်စဉ်မှာ ချင်းစုရွာမှ လက်ပံချောင်းကျေးရွာနေ ဒေါ်ဇုံရှမ်းပွီးနေအိမ်တွင် ကျောင်းတက်နေတဲ့ မလားမှူဖဲလ်ကို ညနေဟင်းဝယ်ခိုင်းသဖြင့် သြဂုတ်လ(၃၀)ရက်နေညနေ (၄)နာရီတွင် ၎င်းတို့အိမ်နဲ့ကပ်လျက်မှာရှိတဲ့ ဒေါ်ခင်မာချို(ခ)မချို ဆိုင်တွင် ငါးတင်းဘူးနဲ့ခေါက်ဆွဲသွားဝယ်ခဲ့တယ်။ ထိုသို့ဝယ်ယူတဲ့ချိန်မှာ ဒေါ်ခင်မာချိုရဲ့တူမ မဖြူငယ်က ရှင်းရှင်းခေါက်ဆွဲ (၄)ထုပ်၊ ကိတ်မုန့်(၁)ထုပ်နဲ့ ချိုချဉ် (၁)ထုပ်ကို မလားမှူဖဲလ်ထံသို့ တိတ်တခိုးပေးကာ အတူစားကြရန်မှာထားပါတယ်။ ဒေါ်ခင်မာချိုက ယင်းဖြစ်စဉ်ကို သိသိချင်း ဒေါ်ဇုံရှမ်းပွီးတို့အိမ်သို့သွားကာ မဖြူငယ်ပေးထားတဲ့ စားစရာများကို ချက်ချင်းပြန်ယူသွားတယ်။ နောက်တစ်နေ့ (သြဂုတ် ၃၁)ရက်နေ့တွင်  ဒေါ်ခင်မာချိုက လက်ပံချောင်းရဲကင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးထံ မလားမှူဖဲလ်ကို တိုင်ကြားပြီး (၁၀)သိန်းနဲ့ကြေအေးဖို့ပြောပါတယ်။ ဒါပေမယ့် ရဲကင်းနဲ့ ကျေးရွာအုပ်ရေးမှူးတို့က ကလေးသူငယ်ကိစ္စသာဖြစ်၍ အိမ်နီးချင်းကြေအေးကြရန်မှာထားတယ်။ ယင်းနေ့မှာပင် ဒေါ်ခင်မာချိုက ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စောထံ ထပ်မံတိုင်ကြားပါတယ်။

 

လက်ပံခောျင်း အထက်တန်းကျောင်း

ဒါကြောင့် ကျောင်းအုပ်ဆရာမကြီးက မလားမှူဖဲလ်ကို ၎င်းရုံးခန်းသို့ ဆင့်ခေါ်ပြီး ဒေါ်ခင်မာချိုနဲ့အတူ စစ်ဆေးခဲ့တယ်။ မလားမှူဖဲလ်က စားစရာမခိုးကြောင်းငြင်းပေမယ့် ကျောင်းအုပ်ဆရာမကြီးနဲ့ ဒေါ်ခင်မာချိုတို့က “ရဲဖမ်းခိုင်းမယ်၊ ကျောင်းထုတ်ပယ်မယ်”လို့ ခြိမ်းခြောက်ပါတယ်။ စက်တင်ဘာ(၆)ရက်နေ့ နံနက် (၉)နာရီကျော်တွင် ကျောင်းအုပ်ဆရာမကြီးက (၈)တန်း Cခန်းသို့သွားကာ “သူခိုးမရှိလာ၊ သူခိုးမကျောင်းလာလာ”ဆိုပြီးအတန်းရှေ့ကနေ အော်ခေါ်ပြီး သူခိုးဖြစ်ကြောင်း ခံဝန်ကတိထိုးရန် မလားမှူဖဲလ်ကို ရုံးခန်းသို့ဆင့်ခေါ်ခဲ့တယ်။ ဒါကြောင့် မလားမှူဖဲလ်ဟာ အရှက်ရသဖြင့် စက်တင်ဘာ(၇)ရက်နေ့မှ ဒီနေ့ထိ ကျောင်းမတက်ရဲတော့ပါ လို့တိုင်ကြားစာတွင်ရေးသားထားပါတယ်။

ကျောင်းပရဝဏ်ပြင်ပဖြစ်တဲ့အပြင် ကျောင်းချိန်ပြင်ပတွင်ဖြစ်တဲ့ ယခုကိစ္စကို ကျောင်းအုပ်ဆရာမကြီးက ယခုကဲ့သို့ခေါ်စစ်ခြိမ်းခြောက်ခြင်း၊ အတင်းစွပ်စွဲခြင်း၊ စာသင်ကျောင်းအတွင်းအများရှေ့တွင် ကလေးသူငယ်နဲ့ မိသားစုဂုဏ်သိက္ခာအထိစော်ကားခြင်းကြောင့် မလားမှူဖဲလ်ရဲ့ ပညာရေးအနာဂတ်နဲ့ မိသားစုဂုဏ်သိက္ခာကိုနစ်နာထိခိုက်စေတယ်။ ဒါကြောင့် ကလေးသူငယ်အပေါ် ယခုကဲ့သို့အကြမ်းဖက်ခြိမ်းခြောက်တဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်စောအားထိရောက်စွာအရေးယူပေးရန်ဟု တိုင်ကြားစာမှာရေးသားပါတယ်။

စက်တင်ဘာ(၁၅)ရက်နေ့မှာ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတွေ လက်ပံချောင်းကျောင်းသို့လာရောက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းမှာ ကျောင်းသူမိဘများနဲ့ကျောင်းအုပ်ကြီးအကြား ကြေအေးဖို့လက်မှတ်ထိုးရန်တိုက်တွန်းပေမယ့် ကျောင်းသူမိဘများက လက်မှတ်မထိုးနိုင်ဟုငြင်းဆိုပါတယ်။

မလားမှူဖဲလ်ရဲ့ ဖခင်ဦးနုံးလျန်ထန်က “ကျနော်တို့ဖြစ်စေချင်တာကတော့ သမီးကျောင်းကောင်းကောင်းပြန်တက်နိုင်ဖို့။ ကျောင်းအုပ်ကြီးကို အရမ်းကြောက်နေပြီ။ ကျောင်းအုပ်ကြီးရှိတဲ့ကာလပတ်လုံး ကျောင်းပြန်တက်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျောင်းအုပ်ကြီးပြောင်းစေချင်တယ်။ ဒါကြောင့် ဒီနေ့လည်း လက်မှတ်မထိုးတာ”လို့ပြောပါတယ်။

မြို့နယ်ပညာရေးရုံးတာဝန်ရှိသူတွေနဲ့ကျောင်းအုပ်ကြီးရုံးခန်းတွင်တွေ့စုံစဉ် ကျောင်းအုပ်ဆရာမကြီးက “သူခိုးမ”လို့ မပြောကြောင်း၊ “ကလေးမ”လို့သာခေါ်တယ်လို့ငြင်းဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ပံချောင်း အ.ထ.က ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်စောကို ဒီနေ့ညနေတွင် ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းပိတ်ထားပါတယ်။

မလားမှူဖဲလ်က “ကျောင်းထုတ်မယ်၊ သူခိုးမ၊ သူခိုးမျိုး၊ နင်မိဘတွေလည်းဒီလိုဖြစ်တော့ နင်လည်း လိမ္မာမှာမဟုတ်ဘူးလို့ပြောတယ်။ “သူခိုးမ”လို့လာပြောတာက မနက်ပိုင်း ပထမအချိန်စာသင်နေတဲ့ချိန်မှာပါ။ သူငယ်ချင်းတွေ့ရှေ့မှာ သူခိုးမလို့ပြောတော့ ကျမအရမ်းရှက်တယ်။ ကျောင်းအုပ်ဆရာမကြီး ရှိနေတဲ့ကာလပတ်လုံး ကျောင်းမတက်ဘူး”လို့ပြောပါတယ်။

ဒီနှစ် ဇွန်လ (၁၉)ရက် နံနက်တွင်လည်း ကျောင်းအုပ်ကြီးက ရှစ်တန်း (B)ခန်းတွင် မြန်မာစာသင်နေစဉ် နောက်ဆုံးခုံမှာထိုင်တဲ့ ကျောင်းသူကိုအိပ်ငိုက်လို့ဟုဆိုကာ  ပါတင်းပေါက်မှတဆင့် ၎င်းစီးနေတဲ့ ယင်းမာဖိနပ်နဲ့ နှစ်ကြိမ်ပစ်ပေါက်မှုဖြစ်ပွားခဲ့တယ်။ ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီးက “ဖိနပ်” နဲ့မဟုတ် “မာကာ”နဲ့ပေါက်တာလို့ငြင်းဆိုပြီး ကျောင်းသူမိဘများနဲ့ပြန်လည်ကြေအေးကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်