ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင် ဇီဝမျိုးစုံမျိုးကွဲတွေစောင့်ကြည့်ထိန်းသိမ်းဖို့ ဝန်ထမ်း တစ်ရာ ခန့်အပ်မယ်

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင် ဇီဝမျိုးစုံမျိုးကွဲတွေစောင့်ကြည့်ထိန်းသိမ်းဖို့ ဝန်ထမ်း တစ်ရာ ခန့်အပ်မယ်
============
ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ အာဆီယံအမွေအနှစ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင် ကျင်လည်ကျက်စားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေစောင့်ကြည့်ထိန်းသိမ်းဖို့ အရာထမ်း (၃)ဦး နဲ့ အမှုထမ်း (၉၇)ဦးခန့်အပ်ရန်တင်ပြထားတယ်လို့ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ (၁၃)ရက်တွင်ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်မတူပီမြို့နယ်မှ လွှတ်တော်အမတ် ဦးလားလ်မင်းထန်က “နတ်မတောင် အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်အပိုင်းကိုလည်း အထူးကြပ်မတ် ကာကွယ်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ”မေးခွန်းနဲ့ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေ ကအထက်ပါအတိုင်းပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

ဦးလားလ်မင်းထန်က “ကန်ပက်လက်မြို့ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးဟာ မတူပီမြို့နယ်က လည်မြိုကြိုးဝိုင်းနဲ့ မိုင် (၁၀၀)ကျော်ဝေးပါတယ်။ အခုဆိုရင် လည်မြို့ကြိုးဝိုင်းမှာသစ်ခိုးထုတ်တာတွေ၊ ထင်းအဖြစ်ခုတ်လဲတာတွေရှိနေပြီး သားရဲတိရစ္ဆာန်တွေ တူမီးသေနတ်နဲ့ပစ်ခတ်ခြင်း၊ ထောင်ချောက်ဆင်ပြီးဖမ်းဆီးပစ်ဖျက်ကြတာကြောင့် တစ်နှစ်ပြီးတစ်နှစ်ပိုမိုနည်းပါးလာပါတယ်။ ဒါ့ပြင် အမျိုးသားဥယျာဉ်ဧရိယာအတွင်း ကျူးကျော်အိမ်ဆောက်ပြီးနေထိုင်ကြတာတွေလည်းရှိပါတယ်” လို့ပြောပါတယ်။

အမျိုးသားဥယျာဉ်ဟာ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ် တို့အတွင်း ကျရောက်ပြီး အကျယ်အဝန်း ၁၇၆,၂၀၂ ဧက၊ (၂၇၅.၃၂ စတုရန်းမိုင်) ရှိပါတယ်။

ခေါ်နူးစုမ်တောင်တွင် သစ်မျိုးစိတ် တစ်ထောင်ကျော်၊ ဆေးဘက်ဝင်အပင် (၇၁)မျိုး၊ သစ်ခွ (၁၆၈)မျိုးရှိတယ်။ နို့တိုက်သတ္တဝါ (၃၅)မျိုး၊ ငှက်(၃၄၅)မျိုး၊ တွားသွားသတ္တဝါ (၁၀၅)၊ လိပ်ပြာ (၇၇)မျိုး၊ အခွံမာပိုးကောင် (၃၅)မျိုး ရှင်သန်နေထိုင်ကြပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက “၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မယ့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်တွင် မင်းတပ်မြို့နယ် နဲ့ မတူပီမြို့နယ်တို့တွင် ထိန်းသိမ်းရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် ကင်းစခန်းထပ်မံတည်ဆောက်ရန် အစီအစဉ်ရေးဆွဲလျက်ရှိပါတယ်။ ကင်းလှည့်ထိန်းသိမ်းခြင်း၊ လူထုအသိပညာပေးခြင်း၊ နဲ့ ဇီဝမျိုးစုံမျိုးကွဲများအားစောင့်ကြည့်မှတ်တမ်းတင်ခြင်း စသည့်လုပ်ငန်းများကို ဥယျာဉ်တစ်ခုလုံးတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အရာထမ်း (၃)ဦး၊ အမှုထမ်း (၉၇)ဦးတို့ဖြစ် အဆိုပြုဝန်ထမ်းအင်အားဖွဲ့စည်းပုံအား တင်ပြထားပြီးဖြစ်ပါတယ်” လို့ဖြေကြားပါတယ်။

လက်ရှိ ခေါ်နူးစုမ်တောင်အမျိုးသားဥယျာဉ်အတွင်း ဇီဝမျိုးစုံမျိုးကွဲစာရင်းကောက်ယူရန်၊ သုတေသနလုပ်ငန်း နဲ့ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အရာထမ်း(၁)ဦး၊ အမှုထမ်း(၃၄)ဦး နဲ့ ဝန်ထမ်းအင်အားဖွဲ့စည်းပုံထားရှိပြီး လက်ရှိတွင် အမြဲတမ်းဝန်ထမ်း(၂၁)ဦး၊ နေ့စားဝန်ထမ်း(၅)ဦး နဲ့ ပုတ်ပြတ်နေ့စား(၁)ဦး စုစုပေါင်းအင်အား(၂၇)ဦးတို့ ရှိပါတယ်။

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဟာ ၁၉၃၆ ခုနှစ် သစ်တောနည်းဥပဒေအရ မိုးကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အမျိုးသားဥယျာဉ်အဖြစ်ဖွဲ့စည်းခဲ့ပါတယ်။ ပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အာဆီယံအမွေအနှစ်စာရင်းဝင်ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်