ခေါ်နူးစုမ်တောင်ထိပ်လမ်းပိတ်ဖို့ တောင်ပတ်လမ်းဖောက်လုပ်နေ

ခေါ်နူးစုမ်တောင်ထိပ်လမ်းပိတ်ဖို့ တောင်ပတ်လမ်းဖောက်လုပ်နေ

ခေါ်နူးစုမ်တောင်ပတ်လမ်း ကားလမ်းဖောက်နေတဲ့နေရာအား စက်တင်ဘာ (၇)ရက်ကတွေ့ရစဉ် (ပုံ-Bu Htang Pai)

ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါ်နူးစုမ်တောင်ပတ်လမ်းကို ဆောက်လုပ်ရေးဌာနက စတင်ဖောက်လုပ်နေတယ်လို့သတင်းရရှိပါတယ်။

တောင်ပတ်လမ်းကို ၁၀ မိုင်စခန်းကနေစတင်ဖောက်လုပ်ထားတာဖြစ်ပြီး အကျယ် ပေ ၂၅ မှ ၃၀ ခန့်ရှိတဲ့လမ်းကို သုံးဖာလုံလောက်ဖောက်လုပ်ထားပြီဖြစ်ပါတယ်။ ယင်းတောင်ပတ်လမ်းက ခေါ်နူးစုမ်တောင်ကို ၃ မိုင်လောက်ဖြတ်ရမှာဖြစ်ပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက “အဲ့ဒီလမ်းဖောက်ဖို့ ဝန်ကြီးဌာနတွေနဲ့မနည်းညို့နှိုင်းပြီးကြိုးစားရတာ။ အဓိက ရည်ရွယ်ချက်ကတော့ တောင်ထိပ်အထိကားတွေသွားဖို့ ရှောင်ကွင်းချင်လို့ ဟိုဘက်ကို လမ်းကြောင်းပြောင်းတာပေါ့။ တောင်ထိပ်ကိုကားမသွားဖို့ပါပဲ။ ဒါက ကန်ပက်လက်-ဆမီးလမ်းပိုင်းမှာရှိတယ်။ ဒါကိုဖောက်ပြီးမှသာ တောင်ပေါ်ကိုကာကွယ်နိုင်မယ်။ အမှိုက်ပြဿနာတွေကော၊ အဖက်ဖက်ကနေကော တောင်ထိပ်ထိ ဆိုင်ကယ်၊ ကားတွေတက်တာ ကောင်းကောင်းမွန်မွန်စီမံခန့်ခွဲနိုင်မယ်။ ဝန်ကြီးဌာနတွေကန့်ကွက်နေတဲ့ကြားက ကြယ်ပွင့်ပြမေးခွန်းကော၊ ကြယ်ပွင့်မပြမေးခွန်းကော မေးပြီးတော့ ဒီလမ်းကြောင်းကို မဖြစ်ဖြစ်အောင်ကြိုးစားယူရတာ။ လမ်းဟောင်းကကျေးရွာသားတွေအသုံးပြုနေတယ်။ လမ်းဟောင်း တောင်ထိပ်ကနေသွားရတာဆိုတော့ ဘယ်နည်းနဲ့မှအဆင်မပြေတဲ့တွက် အောက်ခြေပတ်လမ်းကို ဖောက်ရတာဖြစ်တယ်။ အပေါ်လမ်းကို ဒီနှစ်ထဲမှာဆိုင်ကယ်တော့ပိတ်ခိုင်းပြီ” လို့ပြောပါတယ်။

ခေါ်နူးစုမ်တောင်တွင် တောင်ထိပ်ထိကားလမ်းပေါက်တာကြောင့် ခရီးသွားရာသီတွင် ဧည့်သည်အချို့ဟာ ကား၊ဆိုင်ကယ်နဲ့တက်ကြလေ့ရှိပြီး သစ်ခွ၊ တောင်ဇလပ်ပန်းများခူးယူကြတာကြောင့် ဒေသခံတွေနဲ့ပြဿနာဖြစ်လေ့ရှိပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်