ဝီလီယံဆာလျန်ဇမ်း တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခြင်း

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)
အပိုင်း (၁) မှအဆက်

ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား ဦးနုမှ တော်လှန်သည့်အကြောင်း၊ ပါလီမာန်ဒီမိုကရေစီပါတီဖွဲ့စည်းသည့်အကြောင်း ရေဒီယိုဖြင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် ချင်းလူငယ်တစ်ချို့သည်လည်း ဦးနုနှင့်သွားရောက်ပူးပေါင်းရန် ကိုယ့်အစီအစဉ်ကိုယ်စီ ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ တော်လှန်ရေးနယ်မြေများတွင် လှုပ်ရှားပြီးဖြစ်သည့် Pu Jimmy Thang Khan Suan (Pu Thang Za Dal) ဦးဆောင်သော ချင်းလူငယ်တစ်စုသည်လည်း ဇိုမီး(ချင်း)အမျိုးသားတပ်ဦး [Zomi (Chin) National Front] ကိုဖွဲ့စည်းခဲ့ကြပြီး ပြည်တွင်း၌ တော်လှန်ရေးအတွက် စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။ ဥပဒေဒုတိယနှစ်ကျောင်းသား ထန်ဇပေါင် (Pu Thang Za Pau) သည် တော်လှန်ရေးအတွက် စိတ်အားထက်သန်သူဖြစ်ပြီး တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)၊ ဒေါက်တာဇလှေထန်း (Dr. Za Hlei Thang) တို့နှင့်လည်း သိကျွမ်းခဲ့ပြီး ချင်းတော်လှန်ရေးအတွက် သူတို့ကိုလည်း စည်းရုံးခဲ့သည်။ ဒေါက်တာဇလှေထန်း၏ ပြန်လည်ပြောကြားချက်အရ “ဒု-ဗိုလ်မှူးကြီးချန်ခိုခိုင် (Lt.Col. Thian Kho Khai) ရဲ့သား ထန်ဇာပေါင် (Pu Thang Za Pau) ကနေ ဝီလီယံဆာလျန်ဇမ်း (William Sa Lian Zam) ကို တော်လှန်ရေးအတွက် စစ်ရေးဘက်မှာ လေ့ကျင့်ရေးပေးဖို့အတွက် သူစည်းရုံးခဲ့တယ်။ ဝီလီယံဆာလျန်ှဇမ်းဟာ ဗမာ့တပ်မတော် (ရေတပ်) မှာ တာဝန်ထမ်းဆောင်နေသူဖြစ်သည်နှင့်အမျှ စစ်ရေးဘက်မှာ ကျွမ်းကျင်သူဖြစ်တဲ့အတွက် ဤတော်လှန်ရေးတွက် တပ်သားများ လေ့ကျင့်ပေးဖို့ သင့်တော်သည့်သူဖြစ်တယ်။ ဝီလီယံဟာ သူ့မိသားစုတွေတားမြစ်မှာကို သိတဲ့အတွက် သူ့မိသားစုကို အသိမပေးခဲ့ဘဲ ကျွန်တော်နဲ့ဘဲ အမြဲဆွေးနွေးဖြစ်တယ်။ ကွန်မြူနစ် နှင့် ဆိုရှယ်လစ် အာဏာရှင်စနစ်တွေ ကျွန်တော်တို့အရမ်းမုန်းတီခဲ့တဲ့အတွက် ကျွန်တော်လည်းဘဲ သူတော်လှန်ရေးနယ်မြေထွက်ခွာဖို့ သူ့ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့တယ်။ အဲဒီချိန်မှာ မိုက်ကယ်မန်ခမ်း (Pu Michael Mang Kham) နှင့် ဦးနိုဇမ် (Pu No Zam) တို့သည်လည်း မိမိတို့ရဲ့အစီအစဉ်နှင့် ရန်ကုန်ရောက်လာခဲ့တယ်။ မိုက်ကယ်မန်ခမ်း (Pu Michael Mang Kham) နှင့်ကျွန်တော်က ဖလမ်းမှာ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်တယ်။ သူဘယ်လိုရောက်လာတယ် ဆိုတဲ့အကြောင်း တော့ကျွန်တော် သေချာမသိခဲ့ဘူး” ဟုပြောခဲ့သည်။

ဒေါက်တာဇလှေထန်းနှင့် ဝီလီယံဆာလျန်ဇမ်း ဆွေးနွေးပြီး ဒေါက်တာဇလှေထန်းသည် ပြည်တွင်းတွင် ကျန်ရစ်မှာခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်သည်များကို ပြည်တွင်းမှ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒေါက်တာဇလှေထန်းသည်လည်း ဝီလီယံတို့အဖွဲ့ ထိုင်းနိုင်ငံရောက်ပြီးနောက် သူတို့လိုအပ်ချက်များအတွက် ပြည်တွင်းမှ ကူညီမှုများပေးခဲ့သည်။ ဦးနုတို့တည်ထောင်ခဲ့သည့် အမျိုးသားညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (NULF) မဟာမိတ်ရေဒီယိုတွင် ချင်းဘာသာဖြင့် အသံထုတ်လွှင့်ရန် ပြည်တွင်းမှ လူရှာပေးခဲ့သည်။ ထိုအကြောင်းနှင့် ချင်းတော်လှန်ရေးသမားများနှင့် ဆက်သွယ်သည့်အကြောင်းများ တပ်မတော်ထောက်လှမ်းရေးမှ ရိပ်မိပြီး ဒေါက်တာဇလှေထန်းသည် ဆင်ဖြူတော်စစ်ဆင်ရေး၌ အဖမ်းခံရခဲ့သည်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၉၇၄ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

မိုက်ကယ်မန်ခမ်းသည်လည်း ဦးနုတော်လှန်ရေးစတင်သည့်အကြောင်းကို ရေဒီယိုမှတစ်ဆင့်သိခဲ့ရသည်။ သူသည်လည်း တိုင်းပြည်အတွက် ပေးကမ်းချင်စိတ် ရှိလာခဲ့သည်။ ထိုအချိန်တွင် သူသည် အစိုးရဝန်ထမ်းဖြစ်ပြီး ဖလမ်းမြို့ရှိ ဖလမ်းပြည်သူ့ဆိုင် (Falam People Stores) တွင် ဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ မိုက်ကယ်မန်ခမ်း သည် ဖလမ်းနယ်ကိုယ်စားပြု လွှတ်တော်အမတ် ဦးနိုဇမ်နှင့်တွေ့ဆုံပြီးနောက် ဦးနုတော်လှန်ရေးသို့ သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ မိုက်ကယ်မန်ခမ်းသည် ထိုအချိန်တွင် တစ်နှစ်အရွယ် သမီးလေးကိုထားခဲ့ပြီး တော်လှန်ရေး နယ်မြေသို့ ထွက်ခွာရန် ရန်ကုန်မြို့သို့ ဆင်းလားခဲ့သည်။ ရန်ကုန်တွင် ဝီလီယံဆာလျန်ဇမ်း နှင့် တွေ့ဆုံပြီး သူတို့နှစ်ယောက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။ ထိုအချိန်တွင် ဝီလီယံသည် မော်လမြိုင်ရှိ ဗမာ့တပ်မတော် ရေတပ်၌ တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး မော်လမြိုင်မှ ထိုင်နိုင်ငံဘက်သို့ထွက်ခွာရန် မိမိအစီအစဉ်ဖြင့် ၁၉၇၀ မတ်လ တွင်ထွက်ခွာခဲ့ကြသည်။ သို့သော် မော်လမြိုင်မှ ထိုင်းနိုင်ငံဘက်သို့ သွားနိုင်သည့်လမ်းကြောင်း မတွေ့ရှိသဖြင့် ရန်ကုန်သို့ပြန်သွားခဲ့ကြပြီး ဒေါက်တာဇလှေထန်း၊ ဆလိုင်းကိပ်ခိုလျန်၊ ထန်ဇပေါင်တို့နှင့် ထိုင်နိုင်ငံထွက်ခွာရေးအတွက် ပြန်လည်ဆက်သွယ်ခဲ့ကြသည်။ ထန်ဇပေါင်သည် ဇိုမီး(ချင်း)အမျိုးသားတပ်ဦးမှ တော်လှန်ရေးနယ်မြေတွင် လှုပ်ရှားနေပြီးဖြစ်သော Pu Jimmy Thang Khan Suan, Pu Peter Hau Khan Khup, Pu William Kam Za Lian တို့နှင့်သိကျွမ်းခဲ့သူဖြစ်ပြီး တော်လှန်ရေးနယ်မြေသို့ သွားလာရာလမ်းကြောင်းအတွက် ၎င်းမှစီစဉ်ပေးခဲ့သည်။ သူတို့သည် တော်လှန်ရေးနယ်မြေမှ မြန်မာပြည်အတွင်းသို့ မကြာမကြာ လျှို့ဝှက်ဝင်လာခဲ့သူများဖြစ်သည်။ ဤသို့ဖြင့် တစ်နေ့တွင် ထန်းဇပေါင်၊ ဆလိုင်းကိပ်ခိုလျန်၊ ဒေါက်တာဇလှေထန်း၊ မိုက်ကယ်မန်ခမ်း၊ ဦးနိုးဇမ်း (လွှတ်တော်အမတ်ဟောင်း)၊ ခိုင်ဇာနန်၊ ပီတာဟောက်ခန်ခုပ် တို့တွေ့ဆုံပြီး တော်လှန်ရေး နယ်မြေသို့သွားရောက်မည့်အကြောင်း ဆွေးနွေးကြပြီး ဝီလီယံ နှင့် မိုက်ကယ်မန်ခမ်းတို့နှစ်ဦးအား ပီတာဟောက်ခန်ခုပ်မှ ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုအစည်းအဝေးအကြောင်းကို အစည်းအဝေးတက်ရောက်ခဲ့သည့် ဆလိုင်းကိပ်ခိုလျန် (Salai Kipp) မှ အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့သည်။ “နေဝင်းအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တက္ကသိုလ်ကျောင်းသားတွေက နည်းမျိုးစုံသုံးပြီး လွျှို့ဝှက်လှုပ်ရှားကြတယ်။ ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ်မှာ ၁၉၆၈ မှာ ဗိသုကာပညာရပ် ပထမနှစ် စတက်တယ်။ အဲဒီနှစ်မှာဘဲ ဗိုလ်ချုပ်နေဝင်းက သုံးဆယ်သုံးဦးအကြံပေးအဖွဲ့ကိုဖွဲ့ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အသစ်ရေးဆွဲပြဌာန်းမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြည်သူများအနေဖြင့် တဦးတယောက်ခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အမြင်သဘောထားများ တင်သွင်းနိုင်ကြောင်း ကြေငြာခဲ့တယ်။ အဲဒီတော့ ဥပဒေကျောင်းသား ဦးလျန်အုပ်တို့ ဦးဆောင်ပြီး ဒီမိုကရေစီအရေး၊ ဖက်ဒရယ်လ်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဆင့် တိုးမြှင့်ပေးရေး အစရှိတဲ့ အချက်တွေ ပါဝင်တဲ့ စာတမ်းကို “ချင်းလူငယ်များအကြံပေးတင်ပြချက်” အဖြစ်တင်သွင်းဖို့ ကျွန်တော်တို့ ကျောင်းသားတွေ လက်မှတ်ထိုးပြီး တင်သွင်းခဲ့တယ်။ တစ်ကယ်လို့ အဲဒါမရခဲ့ရင် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အထိ ကျွန်တော်တို့ လွျှို့ဝှက်ဆွေးနွေးခဲ့တယ်။ ကျွန်တော့ဆွေမျိုးတွေဖြစ်တဲ့ Pu Jimmy Thang Khan Suan, Pu Peter Hau Khan Khup, Pu William Kam Za Lian တို့ဆိုရင်လည်း ၁၉၆၃ ကတည်းက တော်လှန်ရေးနယ်မြေရောက်ပြီးတော့ မြန်မာပြည်ကို မကြာမကြာ လျှို့ဝှက်ဝင်လာပြီးတော့ ကျွန်တော်တို့နဲ့ အမြဲဆက်သွယ်တယ်။ အဆက်သွယ်ရှိတယ်။ အဲဒီမှာ တော်လှန်ရေးအတွက် ကျွန်တော်တို့ (Pu Lian Uk, Pu Thang Za Pau, Pu Jimmy Thang Khan Suan, Peter Hau Khan Khup, Pu William Kam Za Lian) ချင်းအမျိုးသားကောင်စီ ကို အစမ်းသဘောဖွဲ့ဖို့ဆွေးနွေးခဲ့ကြတယ်။ နောက်ပြီးတော့ တော်လှန်ရေးလုပ်လို့ရှိရင် ချင်းပြည်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း စတဲ့နေရာတွေမှာ ဘယ်သူက တာဝန်ယူမယ်ဆိုတဲ့အကြောင်းတွေ အကြမ်းဖျင်း ဆွေးနွေးကြတယ်။ ဒါပေမယ့်ဒါတွေဟာ ဆွေးနွေးတဲ့အဆင့်ဘဲ ရှိတာပါ။ တစ်ကယ်တမ်းအကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။ ချင်းအမျိုးသားကောင်စီ လည်းမဖွဲ့ဖြစ်ခဲ့ဘူး။ ပေါ်လစီတွေ လမ်းစဉ်တွေ ဆွေးနွေးတာမျိုးလည်းမရှိခဲ့ဘူး။ အဲဒီကာလ ဦးလျန်အုပ်နဲ့ ကျွန်တော်တို့ လူတစ်စု နာမည်စာရင်းစီပြီးတော့ အဖွဲ့စည်းပုံစံမျိုး ခြုံပြီးရေးတာလောက်ဘဲ ရှိတယ်။ ကျွန်တော်တို့ ဘာကြေငြာချက်မှလည်း မထုတ်ပြန်ခဲ့ဘူး။ နောက်ပြီးတော့ ဦးနုတော်လှန်ရေးစတင်တဲ့အချိန်မှာ ကျွန်တော်တို့ချင်းတွေဘက်က သွားရောက်ပူးပေါင်းခြင်တဲ့ သူတွေရှိတယ်ဆိုတာ ထန်းဇပေါင်ကနေတစ်ဆင့် ကျွန်တော်တို့ သိခဲ့ရတယ်။ သွားမယ့်သူတွေအတွက် လမ်းကြောင်းတွေ စီစဉ်ပေးဖို့ ထန်ဇပေါင်က စီစဉ်တယ်။ သွားချင်တဲ့သူတွေကို ကျွန်တော်တို့က ကူညီတာပါ။ ဘာဖြစ်လို့ဘဲဆိုတော့ ကျွန်တော်တို့ဘက်က သွားမယ့်လမ်းကြောင်းတွေသိတဲ့ အသိတွေရှိတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းနာမည်နဲ့ စနစ်တကျလူစုပြီး ပို့တာမျိုးမဟုတ်ဘူး။ ၁၉၇၀ မတ်လလောက်မှာ ထန်ဇပေါင်းကနေ လဘ္ကရည်ဆိုင်မှာ လျှို့ဝှက်အစည်းအဝေးခေါ်တယ်။ အဲဒီအစည်းအဝေးမှာ ဝီလီယံဆာလျန်ဇမ်း နှင့် ပထမဆုံးအကြိမ်စတွေ့ခဲ့တာ။ သူ့ကိုစတွေ့တာနဲ့ အလေးအနက် သံဓိဌာန်မျိုးကိုပိုင်ဆိုင်တဲ့ နိုင်ငံရေးသမားတစ်ဦးလို့ စိတ်ထဲမှာခံစားမိတယ်။ စကားပြောတာကအစ အမူအရာ တည်တည်ကြည်ကြည်ရှိတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ်လို့ တွေးထားမိတယ်။ သူနဲ့သွားဖို့ မန်ခမ်းလည်း ပါလာတယ်။ အဲဒီမှာ ဝီလီယံဆာလျန်ဇမ်း နဲ့ မိုက်ကယ်မန်ခမ်းတို့ ထိုင်းသွားမယ့်အကြောင်း ဆွေးနွေးကြပြီးတော့ သူတို့နှစ်ဦးကို ဟောက်ဇာကျင်ကနေ ခေါ်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော် ဝီလီယံဆာလျန်ဇမ်းကို ပထမဆုံးအကြိမ် နှင့် နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ရတယ်”။

အဲဒီအစည်းအဝေးပြီး နောက်တစ်နေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာရန်ပြင်ဆင်ခဲ့ကြသည်။ ထိုအဖြစ်ပျက်ကို ဒေါက်တာဇလှေထန်းမှ ပြန်လည်ပြောကြားရာတွင် “ဝီလီယံဆာလျန်ဇမ်းတို့ မထွက်ခွာခင်ညမှာ ကျွန်တော်နေတဲ့ လမ်းမတော်ရပ်ကွပ်မှာရှိတဲ့ ဆေးတက္ကသိုလ်အဆောင်မှာ ကျွန်တော့အခန်းမှာဘဲ သူတို့တည်းခဲ့တယ်။ နောက်နေ့မနက် အာရုဏ်ဦးမှာ ဟောက်ဇာကျင် (ပီတာဟောက်ခန်ခုပ်) ကသူတို့ကိုလာခေါ်တယ်။ သူတို့ရန်ကုန်ဘူတာကြီး ကနေ တောင်ငူဘက်ကို ထွက်ခွာသွားကြတယ်. အဲဒီနောက်ပိုင်း သူတို့ထိုင်းနိုင်ငံရောက်မှ ဘဲလွျှို့ဝှက်ဆက်သွယ်ကြတယ်။ ကျွန်တော်ကလည်း ပြည်တွင်းကနေ တတ်နိုင်သလောက် သူတို့တော်လှန်ရေး အောင်မြင်ဖို့အတွက် ကူညီတယ်” ဟုပြောကြားခဲ့သည်။ ဝီလီယံဆာလျန်ဇမ်း၊ မိုက်ကယ်မန်ခမ်း တို့ကို ဟောက်ဇာကျင် (ပီတာဟောက်ခန်ခုပ်) မှ လမ်းပြခေါ်ဆောင်သွားခဲ့ပြီး သူတို့သည် တောင်ငူသို့ ၁၉၇၀ မတ်လ ကုန်တွင် ထွက်ခွာခဲ့ကြရာ တောင်ငူမှတစ်ဆင့် ခြေကျင်ဖြင့်ခရီးဆက်ကြပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည်။ လွတ်မြောက်နယ်မြေသည် တောင်ငူမှ အလှမ်းမဝေးသောနေရာတွင် ဖြစ်သည်။ ဆလိုင်းကိပ်က “လွတ်မြောက်နယ်မြေဆိုတာ တောင်ငူကနေ နည်းနည်းခရီးဆက်တာနဲ့ ချက်ချင်းရောက်တယ်” ဟုပြောခဲ့သည်။ ထိုမှတစ်ဆင့် ခရီးဆက်ကြပြီး Karen National United Party (KNUP) ဌာနချုပ် သို့ို့ရောက်ရှိခဲ့ကြသည်။ KNUP သည် ၁၉၅၃ ခုနှစ်တွင် မိခင်ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ခဲ့ပြီး လက်ဝဲဝါဒ ခံယူသည့်ပါတီဖြစ်သည်။ ထိုမှတစ်ဆင့် KNUP တပ်သားများမှ လမ်းပြပေးခဲ့ပြီး သံလွင်မြစ်တစ်ဖက်ကမ်းရှိ KNU နယ်မြေကုန်သွယ်ရေးစခန်း စောထာသို့ ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် KNU ဌာနချုပ်သို့ ရောက်ရှိခဲ့ကြသည်။ KNU ဌာနချုပ်တွင် ဇိုမီး (ချင်း) အမျိုးသားတပ်ဦးမှ Pu Jimmy Thang Khan Suan (Pu Thang Za Dal) နှင့် တွေ့ဆုံခဲ့ကြပြီးနောက် Pu Peter Hau Khan Khup (Pu Hau Za Cin) သည် Pu Jimmy Thang Khan Suan နှင့်လိုက်သွားခဲ့ပြီး ဝီလီယံနှင့် မိုက်ကယ်မန်းခမ်းတို့သည် ဘန်ကောက်ဘက်သို့ ဆက်လက်ခရီးဆက်ခဲ့ကြသည်။ ဝီလီယံ နှင့် မိုက်ကယ်မန်းခမ်းတို့နှစ်ဦး KNU စစ်ဗိုလ်တို့မှ ဦးနုတို့ထံသို့ အရောက်ပို့ပေးရန် အကူအညီပေးခဲ့သည်။ KNU နယ်မြေမှ သံလွင်မြစ်အတိုင်း စုန်ဆင်းခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်းရှိ ထိုင်း၊မြန်မာနယ်စပ် မဲစာရင်း (Maesariang) မြို့သို့ရောက်ရှိခဲ့ကြသည်။ ထိုမှတစ်ဆင့် ကားဖြင့် ချင်းမိုင်း (Chiangmai)၊ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ဘန်ကောက်မြို့သို့ ရောက်ရှိပြီးနောက် ဦးနုတို့၏ ပါလီမာန်ဒီမိုကရေစီ ရုံးသို့သတင်းပို့ခဲ့ကြသည်။ ရုံးချုပ်မှ တာဝန်ရှိသူများကလည်း ချက်ချင်းပင် ထိုင်းနိုင်ငံသို့ ဦးနုနှင့်အတူ တော်လှန်ရေးအတွက် ရောက်ရှိလာပြီးဖြစ်သော ချင်းလွှတ်တော်အမတ်ဟောင်း ဦးမန်တလင်း (Pu Mang Tling) အားခေါ်ယူတွေ့ဆုံပေးခဲ့သည်။ ဦးမန်တလင်းသည်လည်း ချက်ချင်းပင်ရောက်ရှိလာပြီး ၎င်းတို့အား ဝမ်းသာအားရ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ဦးမန်တလင်းနှင့်အဖွဲ့ တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဦးမန်တလင်းသည် ချင်းပြည်နယ်မတူပီမြို့နယ် ကိုယ်စားပြု လွတ်တော်အမတ်ဟောင်းဖြစ်သည်။ သူသည် ၁၉၅၆ ရွေးကောက်ပွဲတွင် မတူပီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံရသူဖြစ်သည်။ ၁၉၅၈ ခုနှစ် ဖ.ဆ.ပ.လ အကွဲအပြဲကာလအတွင်း ဦးနုအား အယုံကြည်ရှိ၊မရှိ မဲပေးရာတွင်လည်း ဦးနုဘက်မှ ရပ်တည်ခဲ့သူဖြစ်သည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဦးနု၏ သန့်ရှင်း ဖ.ဆ.ပ.လ ဘက်မှ ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်ခြင်း ခံခဲ့ရသူဖြစ်သည်။ သူသည် ဦးနုကို အလွန်လေးစားယုံကြည်သူဖြစ်ပြီး သူ့နိုင်ငံရေးသက်တမ်းတစ်လျှောက် ဦးနုဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့ရှိ ကျမ်းစာကျောင်း (Burma Divinity School) တွင် ၁၉၆၃ မှ ၁၉၆၇ အထိ သင်ကြားတက်ရောက်ခဲ့ပြီးနောက်၊ မတူပီနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူတာဝန်ထမ်းဆောင်နေသည့်အချိန်တွင် ဦးနု၏ တော်လှန်ရေးအကြောင်း ရေဒီယိုမှတစ်ဆင့် နားထောင်ကြားသိခဲ့ပြီးနောက် ချင်းပြည်သူတို့မှ ဆင်းရဲ့ဒုက္ခခံစားနေရသည့်အဖြစ်မှ လွတ်မြောက်နိုင်ရန်အတွက် ဦးနု၏တော်လှန်ရေးတွင် သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ ဦးမန်တလိန်းသည် မတူပီမှ လျန်ထန်း (Pu Lian Thang) နှင့် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့လူငယ်နှစ်ဦးအား တော်လှန်ရေးတွင် ပါဝင်ရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ လျန်ထန်းသည် ထိုအချိန်တွင် ဒသမတန်း တက်ရောက်နေချိန်ဖြစ်ပြီး ပေါလ်ရဲအောင်သည် အဌမတန်းတက်ရောက်နေသည့် အချိန်ဖြစ်သည်။ သူတို့သည် အသက်ငယ်ရွယ်သေးသော်လည်း တိုင်းပြည်အတွက် တော်လှန်ရေးခရီးစဉ်တွင် ဦးမန်တလိန်းနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ခွာရန် သဘောတူခဲ့ကြသည်။

The Chin Liberation Army’s Emblem
ချင်းလွတ်မြောက်ရေးတပ်မတော် တံဆိပ်
Photo Courtesy of Captain Lian Thang

ချင်းလွတ်မြောက်ရေးတပ်မတော် ဌာနချုပ်တပ်ခွဲမှူး နှင့် ကြေးနန်းမှူး ဗိုလ်ကြီး လျန်ထန်း (Captain Lian Thang)
မျိုးချစ်စခန်း (Phundawt Camp)  17 December 1972

ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ထဲမှ ချင်းတော်လှန်ရေး စစ်သည်တော်များ နှင့် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ချုပ်ကြီးလက်ျာ နှင့် ဗိုလ်မှူးအောင် မျိုးချစ်စခန်း (Phundawt Camp) ၌ 17 December 1972 တွင်အမှတ်တရ ဓာတ်ပုံရိုက်ကြစဉ်။

သူတို့သုံးဦးသည် မတူပီမှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထွက်ခွာခဲ့ကြသည်။ မတူပီမှတစ်ဆင့် – မင်းတပ် – ကျောက်ထု သို့ခြေကျင်ဖြင့် ခရီးဆက်ခဲ့ကြရပြီး ကျောက်ထုမြို့တွင် နှစ်ညအိပ်ခဲ့ကြသည်။ ကျောက်ထုမှ မန္တလေးသို့ လေယာဉ်စီးခဲ့ကြပြီးနောက် တောင်ကြီးသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ တောင်ကြီးမှ လွိုင်လင်အထွက် ဂိတ်တစ်ခုတွင် အဖမ်းခံခဲ့ကြသည်။ သူတို့အဖမ်းခံရသည့်အချိန်သည် ညနေ ၃ နာရီခန့်ဖြစ်ပြီး စစ်ဆေးရေးတာဝန်ခံရဲအရာရှိမှ နောက်နေ့တွင် စခန်းသို့လာရောက်ရန် နှင့် ထိုညတွင်မူ ညအိပ်မည့်နေရာအား ၎င်းတို့ဘာ၎င်းတို့ ရှာဖွေရန်ပြောကြားခဲ့သည်။ သူတို့ထွက်ပြေးနိုင်ရန်အတွက် ရွာသားများထံတွင် အကူညီတောင်းခံခဲ့ရာ ရွာသားတစ်ဦးမှ ရှမ်းပြည်တပ်မတော် (Shan State Army) စခန်းရှိရာဘက်ကို သွားရန် လမ်းညွှန်ခဲ့သည်။ သူတို့သည်လည်း ချက်ချင်းပင် ခြေကျင်ဖြင့် ထွက်ခွာခဲ့ကြသည်။ ည ၉ နာရီခန့်အချိန်တွင် တစ်ထောက်နားပြီး သူတို့ထံတွင်ပါသည့် ပေါင်မုန့်ကို စားခဲ့ကြပြီး တောထဲတွင် ညအိပ်ခဲ့ကြသည်။ နောက်တစ်နေ့တွင် ခြေကျင်ဖြင့် ဆက်လက်ထွက်ခွာကြပြီး ရွာတစ်ရွာသို့ရောက်ရှိခဲ့ကြရာ ရွာသူကြီးထံတွင် အကူအညီတောင်းခံခဲ့ကြသည်။ ဦးမန်တလင်းမှ သူသည် ပါလီမာန်အမတ်ဖြစ်ကြောင်း၊ ဦးနု၏တော်လှန်ရေးသို့ သွားရောက်ပူးပေါင်းပြီး ဗိုလ်ချုပ်နေဝင်းဦးစီးသည့် တော်လှန်ရေးအစိုးရအား တော်လှန်မည်ဖြစ်ကြောင်း စသဖြင့် ရှင်းပြပြီးနောက် ရွာသူကြီးမှ ရွာသားတစ်ယောက်အား လမ်းပြအဖြစ်လိုက်ပါစေခဲ့ပြီး ရှမ်းပြည်တပ်မတော်ရှိရာစခန်း သို့ထွက်ခွာခဲ့ကြသည်။ ၎င်းတို့ငါးရက်လမ်းလျောက်ပြီးမှ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၉ နာရီးတွင် ရှမ်းပြည်တပ်မတော်စခန်း သို့ရောက်ရှိခဲ့ကြသည်။ ၁၉၆၉ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော ခရစ်စမတ်အား ရှမ်းတပ်ဖွဲ့ ဌာနချုပ်စခန်းတွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြပြီးနောက် ဒီဇင်ဘာလ ၂၇ ရကိနေ့တွင် ရှမ်းတပ် အရာရှိများမှ ၎င်းတို့အား ထိုင်းဘတ်ငွေ ၃၀၀ နှင့် လမ်းပြတစ်ယောက်ကို ထည့်ပေးခဲ့ပြီး ချင်းရိုင် (Chiangrai) ဘက်သို့ထွက်ခွာခဲ့ကြသည်။ နောက်တစ်နေ့တွင် ချင်းရိုင်သို့ရောက်ရှိခဲ့ကြပြီး ထိုမှတစ်ဆင့် ဘတ်စ်ကားဖြင့် ချင်းမိုင် (Chiangmai) သို့၊ ထိုမှတစ်ဆင့် ဘန်ကောက် (Bangkok) မြို့သို့ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ ဝီလီယံဆာလျန်ဇမ်း တို့ထက် ၃ လကျော် စောပြီး ကြိုရောက်ခဲ့ကြသည်။ ဦးမန်တလင်းတို့ ဘန်ကောက်ရောက်ရှိပြီးနောက် ဦးနုနှင့်တွေ့ဆုံပြီး သူတို့သုံးဦးသည်လည်း PDP သို့ ဇန်နဝါရီလ ၅ ရက် ၁၉၇၀ တွင် ဝင်ရောက်ပူးပေါင်းခဲ့သည်။ ဦးမန်တလင်းသည်လည်း PDP တွင် ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ဦးမန်တလင်းသည် ဘန်ကောက်မြို့တွင် ဦးနုတို့နှင့် PDP ရုံးချုပ်တွင် ကျန်ရစ်ခဲ့ပြီး လျန်ထန်း (Pu Lian Thang) နှင့် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့နှစ်ဦးသည် ၁၉၇၀ ဇနန်ဝါရီလ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်ရန်နိုင် ဦးဆောင်သည့် ပြည်ချစ်တပ်မတော် (တောင်ပိုင်းစစ်ဌာနချုပ်) သို့ သွားရောက်ပူးပေါင်းခဲ့ကာ စစ်ရေး၊ နိုင်ငံရေး၊ မြေပုံ အသုံးပြုနည်း နှင့် မောစ်ကုတ် (Morse Code) သုံးပြီး ကြေးနန်းပို့နည်း သင်တန်းများ တက်ရောက်ခဲ့ကြသည်။ ၁၉၇၀ အောက်တိုဘာလ ၁၈ ရက်နေ့တွင် လျန်ထန်းသည် ပြည်ချစ်တပ်မတော်ဌာနချုပ် (အလယ်ပိုင်းစစ်ဌာနချုပ်) သို့ပြောင်းရွှေ့ခဲ့ကြပြီး၊ ပေါလ်ရဲအောင်သည်လည်း PDP ရုံးချုပ်တွင် ကြေးနန်းဆက်သွယ်ရေးဘက်၌ တာဝန်ထမ်းဆောင်ခဲ့သည်။

ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ဖွဲ့စည်းခြင်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဝီလီယံဆာလျန်ဇမ်း နှင့် မိုက်ကယ်မန်ခမ်း တို့ ဘန်ကောက်သို့ ဧပြီလ ၆ ရက်နေ့ ၁၉၇၀ တွင် ရောက်ရှိခဲ့ကြသည်။ ဦးမန်တလင်းမှ ဦးနုနှင့်မိတ်ဆက်ပေးပြီးနောက် ဝီလီယံဆာလျန်ဇမ်းသည် ဗမာ့တပ်မတော် (ရေတပ်) မှထွက်ခွာပြီး တော်လှန်ရေးအတွက် ရောက်လာကြောင်း ဦးနုမှသိရှိခဲ့ရာ ဦးနုမှာ ဝမ်းသာအားရ ဖြစ်ခဲ့သည်။ ဝီလီယံဆာလျန်ဇမ်းအား တပ်သားများ လေ့ကျင့်ပေးရန်အတွက် တာဝန်ပေးခဲ့ကြပြီး ဗိုလ်ချုပ်သွင် ဦးစီးသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အသစ်စုဆောင်းထားသော တပ်သားများအား စစ်ရေးလေ့ကျင့်ပေးခဲ့သည်။ တော်လှန်ရေးနယ်မြေရောက် ချင်းအမျိုးသားများ သီးသန့်လှုပ်ရှားနိုင်ရန် နှင့် National United Liberation Front (NULF) မဟာမိတ်ထဲတွင် ပါဝင်နိုင်ရန်အတွက် ချင်းပါတီတည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဦးမန်တလင်း၊ ဝီလီယံဆာလျန်ဇမ်း နှင့် မိုက်ကယ်မန်ခမ်း တို့သုံးဦးသည် ဘန်ကောက်မြို့ရှိ ဆူခုမ်ဗစ်လမ်းတွင် ဇူလိုင်လ ၂ ရက်နေ့ ၁၉၇၀ ခုနှစ်၌ ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ကိုဖွဲ့စည်းကြပြီး ဥက္ကဌအဖြစ် ဦးမန်တလင်း (Pu Mang Tling)၊ ဒု- ဥက္ကဌအဖြစ် ဦးမန်ခမ်း (Pu Mang Kham) နှင့် အတွင်းရေးမှူးအဖြစ် ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)၊ တွဲဖက်အတွင်းအရေးမှူးအဖြစ် လျန်ထန်း (Pu Lian Thang) နှင့် ဘဏ္ဍရေးမှူးအဖြစ် ပေါလ်ရဲအောင် (Pu Paul Ye Aung) တို့မှ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြသည်။ လျန်ထန်း နှင့် ပေါလ်ရဲအောင် တို့သည် ချင်းပါတီဖွဲ့စည်းသည့်အချိန်တွင် ပြည်ချစ်တပ်မတော် (တောင်ပိုင်းစစ်ဌာနချုပ်) တွင်တာဝန် ထမ်းဆောင်နေသည်ဖြစ်၍ ပါတီဖွဲ့စည်းကြောင်းနှင့် သူတို့အား တွဲဖက်အတွင်းအရေးမှူး နှင့် ဘဏ္ဍရေးမှူးတာဝန် ပေးအပ်ကြောင်း သတင်းပေးပို့ခဲ့ကြသည်။ ဤသို့ဖြင့် ချင်းတော်လှန်ရေးသမားများ ချင်းနာမည်ဖြင့် ရပ်တည်နိုင်ခဲ့ကြပြီး မဟာမိတ်အဖွဲ့ဖြစ်သည့် NULF ထဲသို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။ NULF တွင် PDP, KNU, NMSP နှင့် CDP တို့ပါဝင်ကြသည်။ မဟာမိတ်တပ်ဖွဲ့များ၏ အစည်းဝေးများတွင်လည်း ချင်းတော်လှန်ရေးသမားများသည် CDP နာမည်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။ CDP ရပ်တည်လှုပ်ရှားနိုင်ရန်အတွက် ဘဏ္ဍရေးဘက်တွင် နာမည်အရ မဟာမိတ်အဖွဲ့မှ ထောက်ပံ့ပေးသည် ဆိုသော်လည်း လက်တွေ့တွင်မူ ဦးနုခေါင်းဆောင်သည့် ပါလီမာန်ဒီမိုကရေစီပါတီ/ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်မှ ထောက်ပံ့ပေးခြင်းဖြစ်သည်။

၁၉၇၀ နှစ်ကုန်ပိုင်းတွင် အခြား ချင်းအမျိုးသားများထပ်မံ ရောက်ရှိလာပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၁၉၇၁ တွင် CDP အား အားပြန်လည် ဖွဲ့စည်းခဲ့ကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းသည့် CDP တွင် ထိပ်ပိုင်းတာဝန် ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥက္ကဌ ဦးမန်တလင်း (Pu Mang Tling)
ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)
အတွင်းရေးမှူး ပေါလ်ကျာထော (Pu Paul Ca Thaw)
ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang)
တို့ဖြစ်ကြသည်။

သို့သော်တစ်လခန့်အကြာတွင် အတွင်းရေးမှူး Pu Paul Ca Thaw တာဝန်မှ နှုတ်ထွက်ပြီးနောက် CDP အား မတ်လ ၂၅ ရက်နေ့ ၁၉၇၁ တွင် ပြန်လည်ဖွဲ့စည်းကြသည်။ အသစ်ပြန်လည် ဖွဲ့စည်းသည့် CDP တွင် ထိပ်ပိုင်းတာဝန် ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဥက္ကဌ ဦးမန်တလင်း
ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း
အတွင်းရေးမှူး ဒေနီယဲလ် ထန်လျန်း [Pu Daniel Thang Lian (ဝါ) Pu Thang Za Pau]
လက်ထောက်အတွင်းရေးမှူး လျန်ထန်း (Pu Lian Thang)
ဘဏ္ဍရေးမှူး ထန်းလှယ်မန်း [Pu Thang Hlei Mang (ဝါ) Pu Michael Mang Kham]
လက်ထောက် ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang)
တို့ဖြစ်ကြသည်။

ချင်းတော်လှန်ရေး စစ်သည်တစ်ချို့ တော်လှန်ရေး နာမည်ခံယူကြရာ Pu Thang Za Pau သည် Pu Daniel Thang Lian အဖြစ်လည်းကောင်း၊ Pu Michael Mang Kham သည် Pu Thang Hlei Mang ဖြစ်လာခဲ့သည်။ ချင်းတော်လှန်ရေးစစ်သည်တော်များသည် ၁၉၇၁ နှစ်ကုန်ဆုံးသည့်အချိန်ထိ ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည့်ခဲ့ခြင်းမရှိခဲ့ချေ။ ၁၉၇၀၊ ၇၁ နှင့် ၇၂ နှစ်လယ်ပိုင်းအထိ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA) အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဝီလီယံဆာလျန်ဇမ်းသည်လည်း ဗိုလ်ချုပ်သွင်ခေါင်းဆောင်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တပ်သားများအား ဆက်လက်သင်တန်းပေးခဲ့သည်။ လျန်ထန်းသည်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ကြေးနန်း (Morse) ဘက်တွင်တာဝန်ယူခဲ့သည်။

ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ဖွဲ့စည်းခြင်း 
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ပါလီမာန်ဒီမိုကရေစီအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ချင်းတော်လှန်ရေးသမားများသည် ချင်းနာမည်ပါသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆန္ဒရှိခဲ့ကြသည်။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်များမှလည်း ချင်းတပ်ဖွဲ့စည်းရန် အားပေးခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ထိုင်း၊မြန်မာနယ်စပ် တော်လှန်ရေးနယ်မြေရောက် ချင်းတော်လှန်ရေးသမားများသည် ၁၉၇၂ နှစ်လယ်ပိုင်းမှသာ ချင်းတော်လှန်ရေးတပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ထိုအချိန်မတိုင်မီတွင်မူ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် အောက်တွင်အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြသည်။ ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်အတွင် တော်လှန်ရေးနယ်မြေရောက် ချင်းလူမျိုးတို့သည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်၊ အနောက်မြောက်စစ်ဌာနချုပ် (Patriotic Liberation Army, North West H.Q) တွင်အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ကိုဖွဲ့စည်းခဲ့ကြသည်။ ချင်းတပ်ဖွဲ့စည်းသည့်အချိန်တွင် ၀ီလီယံဆာလျန်ဇမ်းသည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်တွင် တပ်သား ၁၅၀ တို့အား စစ်ရေးသင်တန်း ပေးနေသည့်အချိန်ဖြစ်သည်။ ၀ီလီယံဆာလျန်ဇမ်းသည် သူဦးဆောင်သည့် တော်လှန်ရေးတပ်သား ၁၅၀ တို့အား ချင်းလွတ်မြောက်ရေးတပ်မတော်ထဲသို့ သူနဲ့အတူ လိုက်လာရန် ဖိတ်ခေါ်ခဲ့သည်။ သူ့တပ်သားများမှလည်း ၀ီလံယံဆာလျန်ဇမ်းကို ချစ်ခင်အားကိုးခြင်းကြောင့် သူနှင့်အတူ မိမိတို့၏ဆန္ဒအတိုင်း လိုက်လာခဲ့ကြသည်။ ၀ီလီယံခေါင်းဆောင်သည့် တော်လှန်ရေးတပ်သား ၁၅၀ ဦးထဲတွင် မြန်မာ၊ ကရင်၊ ကရင်နီ၊ ပါအို့၊ လားဟူ၊ ကချင်၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော်ထဲတွင် ချင်းလူမျိုးသည် အနည်းငယ်သာပါဝင်ကြပြီး အခြားတိုင်းရင်းသာလူမျိုး အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်သည် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်၏ မဟာမိတ်ဖြစ်ပြီး လိုအပ်သည့် စစ်လက်နက်ပစ္စည်းများ၊ အသုံးဆောင်၊ စားစရိတ် အစစအရာရာကို ပြည်ချစ်တပ်မတော်မှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

မျိုးချစ်စခန်း (Phundawt Camp)
▲▲▲▲▲▲▲▲▲▲▲▲▲
ချင်းလွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းပြီး နှစ်ရက်အကြာ သြဂုတ်လ ၂၅ ရက်နေ့ ၁၉၇၂ တွင် ချင်းတော်လှန်ရေးသမားများသည် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းခေါ်လာသည့် တပ်သား ၁၅၀ တို့နှင့်အတူ ကရင်နီလက်နက်ကိုင်နယ်မြေအတွင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party (KNPP) ဌာနချုပ် အနီးတွင် ပြောင်းရွှေခဲ့ကြသည်။ ထိုနေရာတွင် ၁၅ ရက်ကြာ စခန်းအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြပြီး ထိုစခန်းအား ဥက္ကဌ ဦးမန်တလင်းမှ Phundawt Camp (မျိုးချစ်စခန်း) ဟုအမည်ပေးခဲ့သည်။ ချင်းတော်လှန်ရေးစစ်သည်တို့သည် အသစ်ရောက်လာမည့် ချင်းလူမျိုးများအား ဤနေရာတွင် စုစည်းပြီး တော်လှန်ရေးအား ဆက်လုပ်ကြရန် ရည်ရွယ်ကြခြင်းဖြစ်သည်။ ထိုသို့ စခန်းဆောက်လုပ်ပြီးသည့်အချိန်တွင် တပ်တွင်း၌ ရာထူးပေးအပ်ခြင်းများပြုလုပ်ခဲ့သည်။ ချင်းလွတ်မြောက်ရေးတပ်မတော်တွင် ထိပ်ပိုင်းတာဝန်ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဦးမန်တလင်း – စစ်ဦးစီးချုပ် (Chief of Staff)
ဗိုလ်မှူး ဝီလီယံ ဆာလျန်ဇမ်း – (Battalion Commander)
ဗိုလ်ကြီး ဘမြင့် (Lam Kang) – Medical Officer & Army Trainer (ဆေးမှူး နှင့် သင်တန်းမှူး)
ဗိုလ်ကြီး လျန်ထန်း – ကြေးနန်းမှူး (Morse Code) နှင့် H.Q Coy Command (ဌာနချုပ်တပ်ခွဲမှူး)
ဗိုလ်ကြီး ထန်းလှယ်မန်း – Quarter Master (စစ်ထောက်ချုပ်)
ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း – တပ်ဖွဲ့သတင်းပြန်ကြားရေးနှင့် မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ
ဗိုလ်ကြီး ပေါလ်ရဲအောင် – Company Commander (တပ်ခွဲမှူး)
အရာခံဗိုလ် ဝင်းမြင့်ဆန်း – Adjutant (စစ်ရေးချုပ်)
အရာခံဗိုလ် ဇော်ဝင်း
တပ်ကြပ်ကြီး ရာလ်သုမ် (Sergant Ral Tum)
တို့ဖြစ်ကြသည်။

ဗိုလ်ကြီးဘမြင့်သည်လည်း ဗမာ့တပ်မတော်မှ တော်လှန်ရေးနယ်မြေသို့ ထွက်ခွာခဲ့သူဖြစ်ပြီး ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလတွင်လည်း ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ချင်းဒီမိုကရေစီပါတီဝင် Pu Paul Ca Thaw, Pu David Thang နှင့် Pu Alfred Sailo တို့သည် ချင်းလွတ်မြောက်ရေးတပ်သို့ ဝင်ရောက်ခြင်းမရှိဘဲ ပါတီတာဝန်ကိုသာ ထမ်းဆောင်ခဲ့ကြသည်။

William Sa Lian Zam ဗမာ့တပ်မတော် (ရေတပ်) Burma Navy တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်

ချင်းလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ချင်းလွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းပြီး သုံးလခန့်အကြာတွင် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်းသည် စစ်ဦးစီးချုပ် ဦးမန်တလင်းထံသို့ သူသာလျင်စစ်ဦးစီးချုပ် ဖြစ်သင့်ကြောင်း၊ စစ်ဦးစီးချုပ်ရာထူးအား သူ့ထံသို့ လွှဲပေးရန် တောင်းဆိုခဲ့သည်။ ဦးမန်တလင်းမှလည်း သဘောတူခဲ့ပြီး စစ်ဦးစီးချုပ် ရာထူးကို ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း ထံသို့ လိုလိုလားလားလွှဲပြောင်းပေးခဲ့ပြီးနောက် ဗိုလ်မှူးဝီလီယံဆာလျန်ဇမ်း သည် ချင်းလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် (Chief of Staff) ဖြစ်လာခဲ့သည်။

ချင်းလွတ်မြောက်ရေးတပ်မတော်သည် KNPP နယ်မြေအတွင်း စခန်းချခဲ့ကြသည်။ KNPP သည် NULF မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းမရှိခဲ့ချေ။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် နှင့်လည်း မဟာမိတ်ဖွဲ့ထားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် CLA အနေဖြင့် ကရင်နီနယ်မြေအတွင်း လှုပ်ရှားပိုင်ခွင့် မရရှိခဲ့ကြချေ။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သည် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ရှေတန်းစခန်းများတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ခဲ့ကြပြီး ချင်းလွတ်မြောက်ရေးတပ်မတော် အနေဖြင့်လည်း ပြည်ချစ်တပ်နှင့်အတူ ရှေ့တန်းတွင် စစ်တိုက်ရန် လိုလားကြသည်။ ထို့ကြောင့် ကရင်နီ (ကယား) နယ်မြေအတွင်းမှ ထွက်ခွာပြီး KNU နယ်မြေအတွင်း လှုပ်ရှားနိုင်ရန် စစ်စခန်းပြောင်းရွှေ့ခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော် မျိုးချစ်စခန်းတွင် စခန်းချစဉ် ချင်းတပ်မှ ထွက်ပြေးရန်ကြိုးပမ်းသူ နှင့် အခြားစစ်သားများအား ထွက်ပြေးရန် လှုံ့ဆော်သူ တစ်ဦးအား စစ်ခုံရုံးတင်ပြီး ချင်းလွတ်မြောက်ရေးတပ်မတော်မှ အဆုံးစီရင်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

လိုင်မီးစခန်း (Laimi Camp)
▲▲▲▲▲▲▲▲▲▲▲
ချင်းတော်လှန်ရေးစစ်သည်တော်တို့သည် မျိုးချစ်စခန်းတွင် လေး-ငါး လကြာ နေထိုင်ခဲ့ပြီးနောက် စခန်းပြောင်းရွှေ့ရန် ပြင်ဆင်ခဲ့ကြသည်။ စခန်းသစ်ကို ထိုင်း၊မြန်မာ နယ်စပ် ထိုင်းနိုင်ငံအတွင်း၌ တည်ဆောက်ခဲ့ကြပြီး ၎င်းစခန်းအား လိုင်မီးစခန်း (Laimi Camp) ဟုနာမည်ပေးထားခဲ့ကြသည်။ လိုင်မီးစခန်းသည် ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း မဲဟောင်ဆောင် (Mae Hong Son) မြို့ အနောက်တောင်ဘက်၊ တောဖီ (Tawphe) ရွာအနီးတွင် တည်ရှိသည်။ ချင်းတော်လှန်ရေးသမားများအားလုံး မျိုးချစ်စခန်း (Phundawt Camp) မှ လိုင်မီးစခန်း (Laimi Camp) သို့ ဇန်နာဝါရီလ ၈ ရက်၊ ၁၉၇၃ တွင် စတင်ပြောင်းရွှေ့ခဲ့ကြပြီး နှစ်ရက်ကြာ ခရီးဆက်ကြပြီးမှ ဇန်နာဝါရီလ ၁၀ ရက်နေ့တွင် လိုင်မီးစခန်းသို့ ရောက်ရှိခဲ့ကြသည်။ လိုင်မီးစခန်းမှတစ်ဆင့် KNU တပ်မဟာ ၇ ရှေ့တန်းစခန်းတွင် ဗမာ့တပ်မတော် နှင့် ရင်ဆိုင်တိုက်ပွဲဝင်ရန် ထွက်ခွာခဲ့ကြသည်။ ချင်းလွတ်မြောက်ရေးတပ်မတော် လိုင်မီးစခန်းသို့ပြောင်းရွှေ့ပြီး ဇန်နာဝါရီလ ၂၉ ရက်နေ့ ၁၉၇၃ တွင် ပြည်ချစ်တပ်မတော်ဌာနချုပ်မှ ကြေးနန်းတစ်စောင် လက်ခံရရှိခဲ့ကြသည်။ ထိုကြေးနန်းထဲတွင် ပါတီဥက္ကဌ ဦးနုသည် သူ့တာဝန်မှ နုတ်ထွက်ပြီးဖြစ်ကြောင်းနှင့် သူ့နေရာတွင် ဗိုလ်ချုပ်ကြီး လက်ျာမှ တာဝန်ယူမည်ဖြစ်ကြောင်း ပါဝင်သည်။
+++++++++++++++++++++++++++++++++++++++++++++
ဆက်လက်ဖော်ပြပါမည်။
အပိုင်း (၃) တွင် မဟာမိတ်တပ်ပေါင်းစု (National United Liberation Front) အတွင်းအရှုပ်အထွေးများ၊ ချင်းလွတ်မြောက်ရေးတပ်မတော် KNU တပ်မဟာ ၇ ဒေသတွင် ဗဟိုအစိုးရနှင့်တိုက်ပွဲဖြစ်ခဲ့သည့် အကြောင်းများ၊ မဟာမိတ်တပ်ပေါင်းစုပြိုကွဲခြင်း၊ မဟာမိတ်တပ်ပေါင်းစုအတွင်း ချင်းလွတ်မြောက်ရေးတပ်မတော် ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာခဲ့သည့်အကြောင်း နှင့် ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း ကျဆုံးခဲ့ရသည့် အကြောင်းများ ဖော်ပြသွားမည်ဖြစ်သည်။

အပိုင်း (၁) ဖတ်ရ

န္ https://zalen.info/%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99/

ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၁)

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်