ပလက်ဝမြို့မှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလက်ဝမြို့ကို အခြေခံစားသောက်ကုန်တွေ တင်သွင်းတဲ့ ရခိုင်မှာ အခြေခံစားသောက်ကုန် ပြတ်လစ်မူနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမူကြောင်း အိန္ဒိယဘက်က ကုန်ပစ္စည်းတွေ မဝင်လာနိုင်လို့ ကုန်စျေးနှုန်းမြင့်တက်သွားတာလို့ သိရပါတယ်။

Zalen ad

“အဓိက ကုန်စျေးနှုန်းကြီးတာက ရခိုင်မှာ စားသောက်ကုန်တွေ ပြတ်လစ်နေလို့ ပလက်ဝဘက် မရောက်လာနိုင်တာဖြစ်တယ်။ အရင်က မီဇိုရမ်ဘက်ကနေလည်း တင်သွင်းလို့ရတယ်။ အခုက ရူပီးနဲ့ ကျပ်ငွေတန်ဖိုးက အရမ်းကွာဟနေလို့ မတင်သွင်းနိုင်တော့ဘူး။”လို့ ပလက်ဝ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ကစလို့ ကားအဝင်အထွက် အားလုံးကို ပိတ်ဆို့ထားလို့ ကုန်ပစ္စည်းတွေ ရောက်လာနိုင်ခြင်းမရှိတော့တဲ့အတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း ကုန်ပစ္စည်းတွေ ရောက်လာနိုင်ခြင်းမရှိဘဲ ကုန်စျေးနှုန်းမြင့်တက်သွားတာဖြစ်ပါတယ်။

ပလက်ဝမြို့ ကုန်စျေးနှုန်းတွေမှာ ဆန် ၁ အိတ် (၁၅၀,၀၀၀) ကျပ်၊ ငပိ ၁ ပိဿ (၂၀,၀၀၀) ကျပ်၊ ဆား ၁ ပိဿ (၁၀,၀၀၀) ကျပ်၊ ဟင်းချိုမှုန့် ၁ ပိဿ (၃၀,၀၀၀) ကျပ်၊ ဓာတ်ဆီ ၁ ဂါလံ ( ၅၅,၀၀၀) ကျပ်၊ငရုတ်သီး(စိမ်း) ၁ ပိဿ (၄၄,၀၀၀)ကျပ်၊ ငရုတ်သီး(ခြောက်) ၁ ပိဿ (၂၅,၀၀၀)ကျပ်၊ နို့ဆီ ၁ လုံး (၅,၀၀၀)ကျပ်၊ ကော်ဖီ ( Premier) ၁ ထုပ်(ကြီး) (၃၀,၀၀၀) ကျပ်တို့ သိရပါတယ်။

ဒါ့အပြင် ကော်ဖီ ( Sunday ) ၁ ထုပ်(ကြီး) (၃၀,၀၀၀) ကျပ်၊ ကြက်သား ၁ ပိဿ (၃၀,၀၀၀) ကျပ်၊ ဝက်သား ၁ ပိဿ (၂၀,၀၀၀)ကျပ်၊ အမဲသား ၁ ပိဿ (၂၀,၀၀၀) ကျပ်၊ ကြက်ဥ ၁ လုံး (၁,၀၀၀) ကျပ်၊ ကြက်သွန်(နီ) ၁ ပိဿ (၁၀,၀၀၀) ကျပ်၊ ကြက်သွန်(ဖြူ) ၁ ပိဿ (၁၅,၀၀၀) ကျပ်တို့ ဖြစ်ပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် ဒေသတွင်း အလုပ်အကိုင်ရှားပါးလာတဲ့အတွက် ပလက်ဝဒေသခံတွေဟာ စားဝတ်နေရေး ပိုခက်ခဲလာတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အရင်က စက်လှေဆိုက်လာပြီဆို ကုန်တင်ကုန်ချ အလုပ်ရှိတယ်။ ပန်းရံလိုက်လို့လည်း ရတယ်။ အခုက ဘာအလုပ်မှ မရှိတော့ဘူး။ အလုပ်မရှိတော့ စားဝတ်နေရေးက ပိုခက်ခဲလာတယ်။ ကုန်စျေးနှုန်းကလည်း တစ်ရက်ထက်တစ်ရက် ပိုတက်လာတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ဆိုပါတယ်။

ပလက်ဝမြို့က ဒေသခံပြည်သူတွေဟာ တိုက်ပွဲကာလ ထွက်ပြေးတိမ်းရှောင်နေကြပေမဲ့ လက်ရှိ မြို့ထဲမှာ ဒေသခံပြည်သူတွေ အနည်းငယ် ပြန်ဝင်လာကြပြီး စျေးဆိုင်အချို့လည်း ပြန်ဖွင့်နေပြီလို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဟားခါးမြို့တွင် လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ Zalen ဟားခါးမြို့တွင် ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များဟာ အပြစ်မဲ့ဝန်ထမ်းတဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသသတင်းများအရသိရှိရပါတယ်။ အဆိုပါသေဆုံးသူဝန်ထမ်းဟာ လက်ရှိတွင် စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတဦးဖြစ်ပြီး ၎င်းဟာ ...

ဆက်ဖတ်ရန်