CDF-Daai က အေအေ ထံ စစ်သင်တန်းတက်ရောက်ဖို့ ကလေးအပါအဝင် အရပ်သား ၅၀ ကျော် ဖမ်းဆီးဆိုတဲ့ သတင်းအမှား

မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ချင်းကာကွယ်ရေးတပ်-ဒိုင်ရ် က အာရက္ခတပ်တော် (အေအေ) ထံ စစ်သင်တန်းတက်ရောက်ဖို့ အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Paletwa Daily Nwes တယ်လီဂရမ်ချန်က က မတ်လ ၄ ရက်နေ့က သတင်းဖြန့်ချိထားပါတယ်။

Paletwa Daily Nwes တယ်လီဂရမ်ချန်နယ်က ” CDF-Daai က AA စစ်သင်တန်းကျောင်းတွင် စစ်သင်တန်းတက်ခိုင်းရန် ကလေးအပါအဝင် အရပ်သား ၅၀ ကျော် ဖမ်းဆီးခေါ်ဆောင်”ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့ သတင်းဖြန့်ချိထားပါတယ်။

Zalen ad

ဒါ့အပြင် CDF-Daai အဖွဲ့ဟာ အေအေ လက်နက်ကိုင်အဖွဲ့မှ လက်နက်နဲ့ စစ်ပညာတွေ ပေးကာ ချင်ပြည်နယ်အတွင်း ၎င်းတို့လက်အောက်ခံအဖွဲ့အဖြစ် ခိုင်းစေနေတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိ မကွေးတိုင်းဘက်မှာ တိုက်ခိုက်နေရာမှာလည်း CDF-Daai အဖွဲ့ဝင်တွေကို ရှေ့မှာအသေခံတိုက်ခိုင်းနေတယ်လို့လည်း သတင်းဖြန့်ချိထားပါသေးတယ်။

ဖြန့်ချိထားတဲ့ မူရင်းသတင်းလင်ခ်

https://archive.ph/YSgbF

အဲ့ဒီသတင်းကို မတ်လ ၁၆ ရက်နေ့ညနေအချိန်ထိ ဖတ်ရှူသူ ၆၆,၀၀၀ ကျော်နဲ့ Reaction ပေးသူ ၁၇ ဦးထိရှိပါတယ်။

စိစစ်တွေ့ရှိချက်

=========

Zalen Fact-Checking Team က စိစစ်ကြည့်တဲ့အခါ CDF – Daai က အေအေ ထံ စစ်သင်တန်းတက်ရောက်ဖို့ ကလေးအပါအဝင် အရပ်သားတွေကို ဖမ်းဆီးတယ်ဆိုတာ မတွေ့ရှိရပါဘူး။

ပလက်ဝမြို့နယ်မှာ စစ်သင်တန်းတက်ရောက်ဖို့ အရပ်သားတွေ ဖမ်းဆီးတာရှိပေမဲ့ အေအေထံ စစ်သင်တန်းတက်ရောက်ဖို့ ဖမ်းဆီးတာမဟုတ်ဘူးလို့ CDF-Daai တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ လိုအပ်ချက်အရ စစ်သင်တန်းတက်ရောက်ဖို့ ခေါ်တာတော့ရှိတယ်။ ဒါပေမဲ့ အေအေဆီမှာ စစ်သင်တန်းတက်ရောက်ဖို့ ခေါ်တာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့က အေအေရဲ့ ခိုင်းစေနေတဲ့အဖွဲ့မဟုတ်သလို မကွေးတိုင်း စစ်မျက်နှာမှာ အေအေက အသေခံတိုက်ခိုင်းတာမရှိဘူး။”လို့ သူက ဆိုပါတယ်။

အေအေ ထံ စစ်သင်တန်းတက်ခိုင်းဖို့ CDF-Daai က အရပ်သားတွေကို ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့တပ်ရင်း၊ ဌာနချုပ်တွေမှာသာ သင်တန်းပေးဖို့ဖြစ်တယ်လို့ CDF-Daai နဲ့ နီးစပ်သူ ပလက်ဝမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“CDF-Daai နဲ့ အေအေက စစ်ရေးအရ ပတ်သက်တာမရှိဘူး။ ပြီးတော့သူက ချင်းညီနောင်အဖွဲ့ဝင်လည်း မဟုတ်တော့ အေအေနဲ့ ပတ်သက်တာတွေတော့မရှိဘူး။ သင်တန်းပေးဖို့ကလည်း CDF-Daai မှာ သင်တန်းပေးမယ့် စခန်းတွေ၊ ဌာနချုပ်တွေရှိပါတယ်။ အဲမှာပဲပေးဖို့များတယ်။ အရင်ကလည်း အဲလိုပါပဲ။ အေအေဆီ စစ်သင်တန်းတက်ရောက်ခိုင်းဖို့က မဖြစ်နိုင်ပါဘူး။”လို့ သူက ဆိုပါတယ်။

လွတ်လပ်တဲ့ ဒေသတွင်း ချင်းသတင်းမီဒီယာတွေမှာ CDF-Daai က စစ်သင်တန်းတက်ရောက်ဖို့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာဖော်ပြပေမဲ့ အေအေထံ စစ်သင်တန်းတက်ရောက်ဖို့ဆိုတာ ဖော်ပြထားခြင်းမရှိပါဘူး။

Khonumthung ချင်းသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်ခ်

https://www.facebook.com/share/p/18KcKnt2nY

Zalen ချင်းသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်ခ်

https://www.facebook.com/share/p/1KKZrk2GjE

သုံးသပ်ချက်

_________

အထက်ပါတာဝန်ရှိသူ၊ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ မီဒီယာတွေရဲ့ဖော်ပြချက်အရ CDF-Daai က စစ်သင်တန်းတက်ရောက်ဖို့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာမှန်ကန်ပေမဲ့ အေအေထံ စစ်သင်တန်းတက်ခိုင်းဖို့ ဖမ်းဆီးခေါ်တယ်ဆိုတဲ့အချက်အလက်မှားယွင်းနေပါတယ်။ ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

Paletwa Daily Nwes တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံအားပေးတဲ့ ချန်နယ်ဖြစ်ပြီး ဒေသတွင်း ချင်းသတင်းမီဒီယာတွေဆီက သတင်းတွေကို ကူးယူပြီး အချက်အလက်တချို့တွေကိုပြင်ဆင်ကာ ရခိုင်နဲ့ချင်းလူမျိုးကြား လူမျိုးရေးပဋိပက္ခတွေဖြစ်လာအောင် လှုံဆော်ရေးသားထားသလို အေအေနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား နိုင်ငံရေးပဋိပက္ခဖြစ်အောင် လှုံဆော်ရေးသားဖြန့်ချိနေတာတွေ့ရပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်