ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။

Zalen

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဧပြီလ ၂၅ ရက်နေ့က ဖြန့်ချိပါတယ်။

နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ်က “အမေရိကန်နိုင်ငံ၊ တက္ကဆက်မြို့မှာနေထိုင်သူ CC ထောက်ပို့ Pu Van Uk Cung အိုင်ဇောလ်မြို့ Emerald ဟိုတယ်ပေါ်ကနေ ဧပြီ ၁၄ရက်နေ့ညမှာပြုတ်ကျသေဆုံးခဲ့ရတယ်လို့ သတင်းလိမ်လည်ထုတ်ပြန်ကြောင်းသိရပါတယ်။”လို့ သတင်းဖြန့်ချိနေပါတယ်။

Zalen ad

ဖြန့်ချိထားတဲ့ မူရင်းသတင်းလင့်ခ်

https://ghostarchive.org/archive/IVzPD

အဲဒီသတင်းကို မနေ့ ဧပြီလ ၃၀ ရက်နေ့ည ၉ နာရီအချိန်ထိ Reaction ပေးသူ ၃၉ ဦးနဲ့ ဖတ်ရှူသူ ၄၅,၀၀၀ ကျော်ရှိပါတယ်။

စိစစ်တွေ့ရှိချက်

=========

Zalen-Fact Checking Teams က စီစစ်ကြည့်တဲ့ခါ ဒေါ်လာ ၁၂ သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF ကလုပ်ကြံ အစ​ဖျောက်ဆိုတာ မတွေ့ရပါဘူး။

Pu Van Uk Cung ဟာ CNF/CNA အတွက် သီးသန့်တာဝန်ပေးထားတဲ့ ထောက်ပို့မဟုတ်သလို ဒေါ်လာ ၁၂ ကြောင့် လုပ်ကြံ အစဖျောက်တာလည်း မဟုတ်ဘူးလို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားပါတယ်။

“Pu Van Uk Cung ဟာ CNF/CNA ထောက်ပို့ဆိုပြီး သူကို သီးသန့်တာဝန်ပေးထားတာ မရှိဘူး။ CNF/CNA ထောက်ပို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ထောက်ပို့ မဟုတ်ပေမယ့်လည်း ကျတော်တို့ တော်လှန်ရေးက နိုင်ငံခြားမှာရှိတဲ့ ကျတော်တို့ လူမျိုးတွေရဲ့ ထောက်ပံ့ပေးတဲ့ အလှူငွေနဲ့ ရပ်တည်နေတာဖြစ်တဲ့အတွက် သူတို့လည်း တော်လှန်ရေးအတွက် ထည့်ဝေတဲ့ ငွေကြေးတွေက ရှိတာပေါ့လေ။ ပြီးတော့ CNF/CNA ကနေ လုပ်ကြံ အစဖျောက်ဆိုတာက လုံးဝ မဟုတ်ပါဘူး။ ကျတော်တို့ သူ့သတင်းကိုလည်း ကြားရတယ်။”လို့ ဆလိုင်းထက်နီက ဆိုပါတယ်။

​အိုင်ဇောလ်မြို့ ဟိုတယ်ပေါ်ကနေ ပြုတ်ကျ သေဆုံးတဲ့ Pu Van Cung ရဲ့ အမှုနဲ့ပတ်သက်၍ လုပ်ကြံခံရခြင်း ဟုတ် မဟုတ်ကို မီဇိုရမ်ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေဆဲလို့ အိုင်ဇောလ်မြို့မှာရှိတဲ့ ချင်းစစ်ဘေးရှောင်တွေက ပြောပါတယ်။

“Pu Van Cung က အိုင်ဇောလ်မြို့မှာရှိတဲ့ အမျိုးတွေဆီ အမေရိကန်ကနေ လာလည်တာဖြစ်တယ်။ သူသေဆုံးတာနဲ့ပတ်သက်ပြီး အများစုက တိုက်ပေါ် မတော်တဆ ပြုတ်ကျတာလို့ပဲ ပြောကြတယ်။ ထင်ကြတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။”လို့ ချင်းစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သုံးသပ်ချက်

အထက်ပါ တာဝန်ရှိသူနဲ့ ​ပြည်သူတွေရဲ့ ပြောဆိုချက်အရ ဧပြီလ ၁၄ ရက်နေ့ညက တိုက်ပေါ်ကနေ တိုက်အောက်မှာ Pu Van Cung သေဆုံးတဲ့ အချက်အလက်မှာ မှန်ကန်ပြီး CC ထောက်ပို့ဆိုတဲ့ အချက်လက်နဲ့ ဒေါ်လာ ၁၂ သန်းကြောင့် CNA/CNF က လုပ်ကြံ အစ​ဖျောက်ဆိုတဲ့အချက်လက်တို့မှာ မမှန်ပါဘူး။

ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

နေပြည်တော် တယ်လီဂရမ်ချန်နယ်ဟာ စစ်ကောင်စီထောက်ခံ အားပေးတဲ့ ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းအမှားတွေဖြန်ချိနေပါတယ်။

စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်