မေ ၆၊ ၂၀၂၆
Zalen
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ် အနေနဲ့တော်လှန်ရေးမှာထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နေသူ တွေကို သူရဲကောင်းဘွဲ့နှင့်ဂုဏ်ထူး ဆောင်ဆုတံဆိပ်များချီးမြှင့်အပ်နှင်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီနှစ်ပတ်လည်နေ့မှာ ဂုဏ်ပြုချီးမြှင့်မယ့် ဆုတံဆိပ် အမျိုးအစား ၄ မျိုးရှိပြီး တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ထားတယ်လို့ဆိုပါတယ်။
အဲဒီထဲမှာ ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution)
၊ ပြည်သူ့ တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution)
၊ပြည်သူ့ဇာနည်ဆုတံဆိပ်(People’s Medal for Noble Service)၊ပြည်သူ့သားကောင်းဆုတံဆိပ် (People’s Medal for Loyal Service)ဆိုပြီး သတ်မှတ်ထားတာတွေ့ရပါတယ်။

လက်ရှိမှာ အဆိုပါဘွဲ့ထူး တွေနှင့် ထိုက်တန်သူ တွေကို စနစ်တကျ စိစစ်ရွေးချယ်တဲ့လုပ်ငန်း စဉ်တွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီ ချီးမြှင့်အပ်နှင်းမယ့် အခမ်းအနားနှင့် နေ့ရက်ကို မကြာမီ ထပ်မံကြေညာပေးသွားမှာဖြစ်သလို၊ ဒီအစီအစဉ်ကို နောင်လာမယ့်နှစ်များတွင်လည်း နှစ်စဉ် ကျင်းပပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
PDF တည်ထောင်ပြီး (၅) နှစ်တာကာလအတွင်း နယ်ပယ်အသီးသီး ကနေပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်များရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်နှင့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိစေရန် အခုလိုဘွဲ့ထူးများ အပ်နှင်းခြင်းဖြစ်တယ်လို့တော်လှန်ရေးအသိုက်အဝန်းတွေက သုံးသပ်နေကြတာတွေ့ရပါတယ်။
ဒီဆုတံဆိပ်ချီးမြှင့်တာက ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်များအတွက်သာမက တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ သစ္စာရှိစွာ ပါဝင်ကူညီနေကြသူ တွေအတွက်ပါ ကြီးမားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်လာမယ်လို့ ဆိုကြပါတယ်။
သတင်း – ညီစေ










