ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ၂၁ ရက် နံနက် ၁၁ နာရီကစလို့ ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မင်းကြီးဟိုတယ်ရှေ့ အပါအဝင် မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လူအင်အားအများအပြားနဲ့ အတင်းအဓမ္မ ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့တွင်းရှိ တာဟန်း၊ မွန်းလိုင်း၊ တောင်ဇလပ်၊ တောင်ဖီလာနဲ့ တံတားဦး ရပ်ကွက်တွေထဲမှာလည်း ကားတွေနဲ့ ပတ်ပြီး ရှောင်တခင် လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

Zalen ad

” မော်တော်ယာဉ်တွေနဲ့ လမ်းပိတ်ပြီး လိုက်ဖမ်းနေတာ။ ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို တားဆီးပြီး ကားပေါ်ကို အတင်းဆွဲတင် ခေါ်သွားကြတယ်။ နေ့တိုင်းလိုလိုကို ဖမ်းဆီးနေတာ ဖြစ်ပြီး ဒီရက်ပိုင်း အဖမ်းအဆီးက ပိုပြီး စိပ်လာတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတွေထဲမှာ သာမန်လူငယ်တွေအပြင် ကျောင်းသားတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကလေးမြို့ပေါ်က မင်းကြီးဟိုတယ်ရှေ့၊ စံပြလမ်းနဲ့ ပင်လုံလမ်းမတော်ထောင့်၊ ဆိပ်ကမ်းသာဈေးတို့မှာ နေ့စဉ်နီးပါး ပေါ်တာဆွဲတာတွေ ပြုလုပ်နေသလို မြို့သာတံတားအနီး၊ ပင်လုံမီးပွိုင့်၊ မြို့ထွက်ဂိတ်တွေ (ကျီးကုန်းဂိတ်အပါအဝင်)၊ တံတားဦးစံပြလမ်းချိုး၊ စမ်းမြို့ဘုန်းကြီးကျောင်းအနီး၊ ဘူတာလမ်းခွဲနဲ့ တောင်သာဘက် နေရာတွေမှာလည်း ပုံမှန်စစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေကို ကလေးမြို့ စုပေါင်းရုံးသို့ ချက်ချင်း ပို့ဆောင်ကာ၊ ယင်းမှတစ်ဆင့် စခန်းကြီးကျေးရွာအနီးရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ ပို့ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

တချို့ကိုတော့ စစ်ထောက်ပို့ လေယာဉ်ကြုံဖြင့် အခြားမြို့နဲ့ ဝေးလံတဲ့ ဒေသအသီးသီးသို့ တစ်ခါတည်း တင်ပို့လိုက်တာမျိုးတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေက ငွေကြေးလမ်းခင်းပြီး ပြန်လည်ရွေးထုတ်နိုင်ခဲ့တာမျိုး ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ငွေပေးရုံနဲ့ ပြန်မလွတ်လာတော့ဘဲ အခြေအနေ ပိုမိုတင်းမာလာတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းအတွင်း စစ်မှုထမ်းဖို့ လူဖမ်းတာကတော့ အရှိန်အဟုန်နဲ့ကို ဆွဲနေတာ။ အရင်ကထက်စာရင် အခြေအနေက တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်လာတာပေါ့။ ပါသွားရင် အရင်လို ပိုက်ဆံနဲ့ပဲ ရွေးမရတော့ဘူး။ လူစားထိုး‌ ရော၊ ပိုက်ဆံရော ပေးမှ ရတာ။ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာကတော့ အရင်ကထက် အများကြီး ပိုဆိုးလာတယ်။ ”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို ဖမ်းဆီးမှုတွေ အရှိန်မြင့်လာတာကြောင့် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီကလည်း အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားပြီး၊ မိဘပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့ နယ်မြေအခြေအနေကို အမြဲသတိပြုကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ စစ်ဆေးရေးဂိတ် နေရာတွေကို လုံးဝ မဖြတ်သန်းဘဲ ရှောင်ရှားကြဖို့ အလေးထား တိုက်တွန်းနှိုးဆော်ထားပါတယ်။

Mary

ဓာတ်ပုံ -ပုံဟောင်း

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ပဒေသာဗုံးတွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ WJ ထုတ်ပြန်

မေ ၂၁၊ ၂၀၂၆Zalen ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်လာပြီး ကျေးရွာတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်