မေ ၂၆၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ အလယ်ရေရှင်ဒေသမှာ နှစ်ပေါင်း ၄၀၀ မှ ၆၀၀ ဝန်းကျင် (အင်းဝခေတ်နဲ့ တောင်ငူခေတ်ကာလ) သက်တမ်းရှိပြီလို့ယူဆရတဲ့ ရှေးဟောင်းရုပ်ကြွင်းတွေနဲ့ သမိုင်းဝင်အထောက်အထားတွေကို မကြာသေးမီက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရှာဖွေတွေ့ရှိမှုကို မုံလည်တောရက ပြန်လည်ကြွရောက်လာတဲ့ ဆရာတော် ဦးဂါရဝနဲ့ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ကာလကြာရှည် ပျောက်ဆုံးနေတဲ့ ဒေသသမိုင်းကြောင်း ပြန်လည်ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရှေးဟောင်းပစ္စည်းတွေ တွေ့ရှိရတဲ့နေရာဟာ ရှေးခေတ်စေတီပျက်တွေနဲ့ ရွာဟောင်းနေရာများ အဝန်းအဝိုင်းတစ်ခုဖြစ်ပြီး အခုအခါမှာ အိုးခွက်၊ ပန်းကန်တွေအပြင် လူအရိုးစုတွေ အစုလိုက်အပြုံလိုက် အိုးချင်းထပ်မြှုပ်နှံထားတဲ့ မြေအောက်နေရာကိုပါ တွေ့ရှိခဲ့ရပါတယ်။
အကြိုသမိုင်းသုတေသန အထောက်အထားတွေအရ ၎င်းပစ္စည်းတွေဟာ သာမန်အိုးကွဲ၊ ပန်းကန်ကွဲတွေ မဟုတ်ဘဲ ရှေးယခင်က အဆိုပါ ဒေသမှာ နိုင်ငံတကာကုန်သွယ်မှုတွေ ရှိခဲ့တာကို ပြသနေပြီး သံရည်ကျိုလုပ်ငန်းနဲ့ရွှေရိုင်းလုပ်ငန်းတွေဖြင့် စည်ကားခဲ့တဲ့ ရှေးခေတ်သတ္တုလုပ်ငန်းအခြေစိုက် ရွာကြီးတစ်ရွာဖြစ်ခဲ့တယ်လို့ သိရပါတယိ။
လက်ရှိမှာ ဒေသတွင်း ပျောက်ဆုံးနေတဲ့ သမိုင်းကွင်းဆက်ကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ နောင်လာနောက်သား ကလေးငယ်တွေ မိမိဇာတိမြေရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကို လေ့လာသိရှိနိုင်ဖို့အတွက် ရှိပြီးသားအဆောင်ဟောင်းကို တိုးချဲ့ကာ ယာယီပြခန်းတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။
အဆိုပါပြခန်းကို ဒေသန္တရ အမွေအနှစ်ပြခန်း အမည်ဖြင့် ဖွင့်လှစ်ထားပြီး ရှာဖွေတွေ့ရှိထားသော ရှေးဟောင်းလက်ရာတွေကို အမျိုးအစားအလိုက် စနစ်တကျ အုပ်စုခွဲတာ၊ စာတန်းထိုးတာတွေ ပြုလုပ်၍ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။
အခုပြင်ဆင်ထားမှုမှာ ပြတိုက်အဆောက်အအုံကြီး အခိုင်အမာ မဆောက်လုပ်နိုင်သေးမီ ယာယီစီစဉ်ထားတာဖြစ်သဖြင့် ရှေးဟောင်းသုတေသန စိတ်ဝင်စားသူတွေနဲ့ မိဘပြည်သူများအနေဖြင့် လိုအပ်တာတွေ အကြံဉာဏ်ပေးဖို့နဲ့ လာရောက်လေ့လာဖို့ ကျောင်းထိုင် ဆရာတော်ကဖိတ်ခေါ်ထားပါတယ်။
သတင်း-ဆလိုင်း











