မေ ၂၆၊ ၂၀၂၆
Zalen
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ Y-12 လေယာဉ်တွေ သုံးပြုပြီး အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မေလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီလောက်ကစပြီး မတူပီမြို့ပေါ်နဲ့ မြို့အနီးအနားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခဲ့တာပါ။

ဂျက်ဖိုက်တာနဲ့ ၁၀ ကြိမ်ထက်မနည်း၊ Y-12 လေယာဉ်နဲ့ အကြိမ် ၂၀ ကျော် ဗုံးကြဲခဲ့တာကြောင့် စုစုပေါင်း အကြိမ်ရေ ၃၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
“ဗုံးကြဲတာက တဆက်တည်း ကြဲလိုက်တာပဲ။ ဘယ်အနားတွေမှာ ကျသလဲဆိုတာ မသိရသေးသလို ထိခိုက်မှု အခြေအနေလည်း မသိရသေးဘူး။” လို့ မတူပီဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲပြီးတဲ့နောက်မှာလည်း လေကြောင်းကနေ ဆက်တိုက်စောင့်ကြည့်တာတွေလုပ်ခဲ့ပြီး မွန်းလွဲပိုင်းအထိ လေယာဉ်တွေ ဝဲနေခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်ငြိမ်သွားပြီလို့ သိရပါတယ်။
ဒါပေမယ့် လေကြောင်းရန်ကြောင့် ဒေသခံတွေကတော့ စိုးရိမ်နေကြတုန်းပဲ ဖြစ်ပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်ဟာ ချင်းတောင်ဒေသကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့နယ်တွေကို လေကြောင်းအင်အားအလွန်အကျွံသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာနေတာပါ။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း မတူပီမြို့ပေါ်ကို ၂ နာရီကြာအောင် ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေသုံးပြီး အကြိမ် ၂၀ ခန့် ဗုံးကြဲခဲ့ပါသေးတယ်။
ဒါ့အပြင် မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ လသားအရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး မိုးလုံလေလုံအားကစားရုံနဲ့ အထက (၂) ကျောင်းဆောင်တို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ- ဒီနေ့မနက်ပိုင်း ဆောမြို့နယ် ကျောက်ထုဒေသ ရွာသာရွာကို စစ်ကောင်စီမှ မီးရှို့ဖျက်စီးနေစဉ်။
#မတူပီမြို့#ချင်းပြည်နယ်တောင်ပိုင်း#ဂျက်တိုက်လေယာဉ်#Y-12 #Zalen













