မေ ၂၆၊ ၂၀၂၆
Zalen

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူထုအမြဲ သီဆိုလေ့ရှိတဲ့ သမိုင်းဝင် တော်လှန်ရေးတေးသီချင်း “အရေးကြီးပြီ” ကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုပြီး အမည်ပြောင်းလဲ ကူးယူကာ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း (MWD) မှာ မေလ ၂၄ ရက်နေ့က ထုတ်လွှင့်ခဲ့မှုအပေါ် ပြည်သူတွေကြား ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချနေကြပါတယ်။
အဲဒီ “အရေးကြီးပြီ” သီချင်းဟာ ၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ မြေအောက်စခန်းတစ်ခုမှာ တေးရေး၊ တေးဆို ကိုထူးအိမ်သင် တောခိုစဉ်အတွင်း ရေးသားခဲ့တာ ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်မှာ အဆိုတော် ကိုမွန်းအောင်က ဘန်ကောက်မြို့မှာ သီဆိုအသံသွင်းကာ ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းကို လျှို့ဝှက်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုတွေရဲ့ အဓိကချီတက်သီချင်း ဖြစ်ခဲ့သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေမှာလည်း လူထုက စစ်အာဏာရှင်ကို တော်လှန်ကြွေးကြော်ရာမှာ အသုံးပြုခဲ့တဲ့ အထင်ကရ သီချင်းတပုဒ် ဖြစ်ပါတယ်။
“စစ်တပ်နဲ့ သူတို့အလိုတော်ရိတွေဟာ ကိုယ်တိုင် လူထုကြိုက်မယ့် အနုပညာကို အသစ်မဖန်တီးတတ်တဲ့အခါ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့ သီချင်းကို ဇာတ်လမ်းအတုဆင် ပြီး ပြည်သူနဲ့ သူ့တပ်ကို လှည့်ဖျားဖို့ ကြိုးစားတာပါပဲ။ ကိုထူးအိမ်သင်ရဲ့ လက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက်စာသားတွေ ညှပ်၊ ပြောင်းလဲပြီး အမြတ်ထုတ်လိုက်တာပဲ။ ” လို့ မူရင်းသီဆိုသူ အဆိုတော် ကိုမွန်းအောင်က လူမှုကွန်ရက်က တဆင့် ရေးသားပြောဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ သူတို့ပါတီရဲ့ ဝါဒဖြန့်သီချင်းအဖြစ် စာသားတွေပြင်ပြီး ခုလိုပဲ ခိုးယူဖန်တီးခဲ့လို့ လူထုဝေဖန်မှုကြောင့် ပြန်လည် ဖြေရှင်းခဲ့ရဖူးကြောင်း ကိုမွန်းအောင်က ထည့်သွင်းပြောဆိုထားပါတယ်။
အခုတခါမှာလည်း ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်က မြဝတီရုပ်သံ အင်တာဗျူးမှာ ဒီသီချင်းဟာ ၁၉၆၀ တုန်းက စစ်တပ်အတွက် ရေးဖွဲ့သီဆိုထားခဲ့တဲ့ “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုတဲ့ သီချင်းဖြစ်ပြီး ကိုထူးအိမ်သင်က ကော်ပီယူ ရေးဖွဲ့ခဲ့တာလို့ ပြောကြားကာ တီးခတ်မှု ပြင်ဆင်ပြီး စစ်တပ်ဝါဒဖြန့် သီချင်းအဖြစ် ပြန်လည်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ်မှာလည်း အဆိုတော် ကိုမွန်းအောင်က မဟုတ်ကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး၊ ဒီသီချင်းဟာ ကိုထူးအိမ်သင်ရဲ့ ရင်ထဲကနေ ရေးဖွဲ့ထားတာဖြစ်သလို ကိုယ်တိုင်လည်း ရင်နဲ့ခံစားပြီး တော်လှန်ရေးအတွက် သီဆိုခဲ့တာလို့ ရှင်းလင်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေကတော့ စစ်တပ်က ပြည်သူလူထုရဲ့ သမိုင်းဝင် တော်လှန်ရေးသီချင်းတွေကို စာသားတွေ အဓိပ္ပာယ်ပြောင်းလဲကာ ၎င်းတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် ခုလို အသုံးချလာခြင်းဟာ စစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲနေမှုနဲ့ အနုပညာအရ ဝါဒဖြန့်နိုင်စွမ်း မရှိတော့တာကို ပြသနေတာဖြစ်တယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။
Mary
#တော်လှန်ရေးသီချင်း#စစ်တပ်ဝါဒဖြန့်#အရေးကြီးပြီ#ထူးအိမ်သင်#ကိုမွန်းအောင်#Zalen













