မေ ၂၈၊ ၂၀၂၆
Zalen

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မေလ ၂၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့လို့ ဘုရားကျောင်း၊ ရွာခန်းမနဲ့ အိမ်ခြေအချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က မေလ ၂၇ ရက် ညနေ ၁ နာရီမှ ၃ နာရီကြားမှာ လေပြင်းအပြင်းအထန် တိုက်ခတ်ခဲ့တာဖြစ်ပြီး ပလက်ဝမြို့နယ် ကန်တောင်ရွာက အိမ်အချို့ ယိုင်နဲ့တာ၊ အမိုးလွင့်တာနဲ့ အဆောက်အအုံတွေ ပျက်စီးတာတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
“လေတိုက်တော့ အမိုးလွင့်တာ ပိုများတယ်။ အိမ်ကတော့ တချို့အိမ်တွေလောက်ပဲ ပျက်ဆီးတယ်။”လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ကနဦးစာရင်းတွေအရ ရွာက CVC ဘုရားကျောင်းဆောင်နဲ့ ရွာခန်းမဆောင်တို့ အမိုးလွင့်ပျက်စီးသွားသလို၊ ရွာခံ ၅ ဦးရဲ့ နေအိမ်တွေအပါအဝင် အခြားအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် သစ်ပင်ကြီးတွေ ကျိုးကျတဲ့အခါ အိမ်တွေပေါ် ဖိမိလဲကျခဲ့လို့ အိမ်အချို့ ပိုပျက်စီးခဲ့ရပြီး သရက်ပင်တွေ ကိုင်းကျိုးတာနဲ့ သရက်သီးတွေ ကြွေကျပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
လေပြင်းတိုက်ပြီးကတည်းက ရွာသားတွေ စုပေါင်းပြီး ပျက်စီးသွားတဲ့ အမိုးအကာတွေကို ချက်ချင်းဝိုင်းပြင် ခဲ့ကြသလို၊ ဒီနေ့ မေလ ၂၈ ရက် မနက်ပိုင်းအထိလည်း တစ်အိမ်တက်ဆင်း စုပေါင်းပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆက်လုပ်နေကြပါတယ်။
လောလောဆယ်မှာတော့ ဒေသတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အခက်အခဲရှိနေလို့ အနီးအနားရွာတွေရဲ့ ပျက်စီးမှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲလို့ သိရပါတယ်။
ဓာတ်ပုံ-KM
သတင်း-ခူမီး
#ပလက်ဝမြို့နယ် #လေပြင်းတိုက် #ဘုရားကျောင်း #အိမ် #ပျက်စီး #Zalen













