မေ ၂၉၊ ၂၀၂
Zalen
မြန်မာ-ထိုင်းနယ်စပ်က အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားနဲ့ မဲဆောက်အမြဲတမ်းနယ်စပ်ဂိတ်ကို ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရာကနေ မေလ ၂၈ ရက် (ကြာသပတေးနေ့) မှာ နှစ်ဖက်တာဝန်ရှိသူတွေက ပြန်ဖွင့်ပေးလိုက်ပါတယ်။
ဒီဂိတ်ဟာ မြဝတီမြို့တွင်း တိုက်ပွဲတွေကြောင့် ၂၀၂၅ ခုနှစ် အလယ်ပိုင်းကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး၊ အခုလို ပြန်ပွင့်လာတဲ့အတွက် လနဲ့ချီ စောင့်ဆိုင်းနေရတဲ့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေအကြား ဝမ်းသာနေကြပါတယ်။

နှစ်ဖက်လုံခြုံရေးတာဝန်ရှိသူတွေဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ မြဝတီဘက်ခြမ်း အမှတ် (၂) စစ်ဆေးရေးဂိတ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးမှုအဆင်ပြေပြီးနောက်မှာတော့ ပထမဆုံး ထိုင်းကုန်တင်ကား စတင်ဖြတ်သန်း မောင်းနှင်ခဲ့ပါတယ်။
အခုပြန်ဖွင့်တာဟာ ကာလရှည်ပိတ်ထားလို့ ဖြစ်ပေါ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို စမ်းသပ်စစ်ဆေးတဲ့ စမ်းသပ်မောင်းနှင်မှုအဆင့်ပဲ ရှိသေးပြီး၊ နောက်တစ်လအတွင်းမှာ အပြည့်အဝ ပြန်လည်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
မဲဆောက်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး နာအိုင် ယွတ်ဖွန်း ဝိချိုင်ယာကူးလ်ရဲ့ ပြောကြားချက်အရ ထိုင်းဘက်ကတော့ လုပ်ငန်းစဉ်တွေအားလုံး ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်။
ဒါပေမဲ့ မြန်မာဘက်ခြမ်းမှာတော့ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်ထားခဲ့တာကြောင့် လက်ရှိမှာ ဆိုလာစနစ်နဲ့ပဲ လည်ပတ်နေရပြီး မီးမတည်ငြိမ်မှုတွေ ကြုံနေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် စနစ်တွေ အပြည့်အဝလည်ပတ်နိုင်ဖို့ လျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးပေးဖို့ ထိုင်းနိုင်ငံဘက်ကို မြန်မာတာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
ဒီနယ်စပ်ဂိတ် ပြန်ပွင့်သွားတဲ့အတွက် တာ့ခ်ခရိုင်တွင်းက ထိခိုက်နေတဲ့ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာပြီး ဒေသစီးပွားရေး ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။
သတင်း-ဆလိုင်း
ကိုးကား-Khaosod
















