မြန်မာခရိုနီ ကိုကိုလတ်ကို အိုက်စလန်က ရာထူးကနေ ဖယ်ရှား၊ ပစ်မှတ်ထားအရေးယူဖို့ JFM တောင်းဆို

မေ ၂၉၊ ၂၀၂၆

Zalen

မြန်မာ စစ်ကောင်စီနဲ့ စီးပွားရေး ပတ်သက်မှုတွေ ရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကနေ တရားဝင် ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်အပေါ် Justice For Myanmar (JFM) အဖွဲ့ကလည်း ကြိုဆိုလိုက်ပါတယ်။

Zalen ad

ကိုကိုလတ်ဟာ ကောင်စစ်ဝန်အဖြစ် ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာ မိမိဆန္ဒအလျောက် နုတ်ထွက်စာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကစလို့ သူ့ရဲ့ ရာထူးကို တရားဝင် ရုပ်သိမ်းလိုက်ပြီလို့ အိုက်စလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေဆီကို ကောင်စစ်ဝန် ခန့်အပ်လွှာ သွားပေးခဲ့တာကြောင့်၊ တရားမဝင် စစ်အုပ်စုကို အသိအမှတ်ပြုရာ ရောက်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့က JFM အဖွဲ့ဟာ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီးဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာတော့ ကိုကိုလတ်ဟာ အီးယူ (EU) က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) တို့နဲ့ စီးပွားရေးအရ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတယ်ဆိုတာကို အထောက်အထားတွေနဲ့တကွ တင်ပြပြီး ရာထူးကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာပါ။

အဲဒီလို တောင်းဆိုချက်ကြောင့် အိုက်စလန်အစိုးရက ပြန်လည်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလိုမျိုး ရာထူးကနေ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ကိုကိုလတ်ဘက်ကတော့ သူ့အနေနဲ့ ဦးပိုင် (MEHL) နဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) တို့နဲ့ ဘာစီးပွားရေး ဆက်ဆံမှုမှ မရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ JFM ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ သူပိုင်ဆိုင်တဲ့ K K Business Group ဟာ ရန်ကုန်မြို့က Central Hotel ကို ဦးပိုင် (MEHL) ဆီကနေ ၁၅ နှစ်စာချုပ်နဲ့ ငှားပြီး လုပ်နေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် ပေါက်ကြားလာတဲ့ သစ်လေလံ မှတ်တမ်းတွေအရ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ မြန်မာ့သစ်လုပ်ငန်း (MTE) ဆီကနေ သစ်အများဆုံး ဝယ်ယူခဲ့တဲ့ အကြီးဆုံး လုပ်ငန်းရှင် ဖြစ်နေပါတယ်။

တူရကီနိုင်ငံကတစ်ဆင့် အီးယူ (EU) စျေးကွက်ထဲကို မြန်မာ့ကျွန်းသစ်တွေ ဆက်ပြီး တင်ပို့နေတာလည်း ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လေကြောင်းဝန်ဆောင်မှုနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိုပြီးတိုးချဲ့ လာခဲ့သလို၊ အမေရိကန်က ပိတ်ဆို့ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) စာရင်းကို သုံးပြီးတော့ စီးပွားရေး လုပ်နေတာတွေကိုလည်း အခိုင်အမာ တွေ့ရှိခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိုက်စလန်နိုင်ငံရဲ့ အခုလို လျင်လျင်မြန်မြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့တာကို ကြိုဆိုပြီး၊ ဒါဟာ အခြားအစိုးရတွေအတွက်လည်း နမူနာကောင်းတစ်ခု ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကိုကိုလတ်ဟာ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ငွေကြေး ထောက်ပံ့ပေးနေသလို ဖြစ်နေတာကြောင့်၊ ကိုကိုလတ် အပါအဝင် K K Business Group နဲ့ သူ့ရဲ့ ဒါရိုက်တာတွေအပေါ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ပေးဖို့ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေကို JFM က ဆက်လက် တောင်းဆိုထားပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

မင်းကင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် SRF တပ်တော်တို့ မြေပြင်မှာ တွေ့ဆုံညှိ နှိုင်း၊ အချက် ၃ ချက်နဲ့ သဘောတူညီမှုရရှိ

၂၉ ၊ မေ ၊၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းများအကြား အထင်အမြင်လွဲမှားမှုတွေနဲ့ ပဋိပက္ခ တွေအတွက် မြေပြင်မှာ အရေးပေါ်တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ...

ဆက်ဖတ်ရန်