
မေ ၃၀၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဟားခါးမြို့က လမ်းဆုံနားမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က အဲဒီနေရာမှာ အင်အားအပြည့်ချထားပြီး မြို့ထဲ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ရှာဖွေနေတာပါ။

လတ်တလောမှာတော့ အဲဒီလို တားဆီးစစ်ဆေးခံရတဲ့ ဒေသခံပြည်သူတချို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေလ ၂၉ ရက် မနက်ပိုင်းကတည်းက လမ်းဆုံနားမှာ ပိတ်ဆို့စစ်ဆေးရင်း ဖမ်းဆီးခံရတဲ့သူ အရေအတွက် မနည်းတော့ဘူးလို့ မျက်မြင်တွေ့ခဲ့ရသူတချို့က ပြောပါတယ်။
ဒေသခံတစ်ဦးက “မနေ့က မနက် ၁၀ နာရီလောက်ကတည်းက လမ်းဆုံနားမှာ စစ်ဆေးနေကြတာ။ ဖမ်းဆီးခံရတဲ့သူတွေလည်း မနည်းတော့ဘူးလို့ ကြားရတယ်။ ဘာကြောင့် အခုလို အတင်းအဓမ္မ စစ်ဆေးဖမ်းဆီးနေလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဘာအကြောင်းကြောင့် အခုလို လိုက်လံစစ်ဆေးဖမ်းဆီးနေလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒါကြောင့် ဟားခါးမြို့ထဲက အဲဒီလမ်းပိုင်းတွေနဲ့ စစ်ဆေးနေတဲ့ အနီးဝန်းကျင်ကို သွားလာကြမယ့် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိထားကြဖို့နဲ့ စစ်ဆေးတာ ပြင်းထန်နေတဲ့ လမ်းကြောင်းတွေကို တတ်နိုင်သမျှ ရှောင်ကွင်းသွားကြဖို့ ဒေသခံတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
သတင်း-ဆလိုင်း















