အယိုက်လင်း
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ပြုလုပ်လာခဲ့ပါတယ်။

ULA/AA ရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှုတွေကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်အများစုဟာ မိမိနေရပ်ကို စွန့်ခွာပြီး ရန်ကုန်နဲ့ အိန္ဒိယ၊ မလေးရှား၊ ထိုင်း စတဲ့ ပြင်ပကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ဌာနေရဲ့အဝေးကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူငယ်တွေဟာ ပလက်ဝမြို့နယ်ရှိ ULA/AA ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရမယ့်အရေးကို စိုးရိမ်သဖြင့် လမ်းမကြီးအတိုင်း မသွားရဲဘဲ တောလမ်းအတိုင်း ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတယ်။
လက်ရှိ ပလက်ဝမြို့နယ် ကျေးရွာအများစုမှာ ငယ်ရွယ်နုပျိုသော ခွန်အားရှိသူ လူငယ်တွေ မရှိတော့ဘဲ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေသာ ကျန်ရစ်ခဲ့ပြီး ဒေသတွင်း ဘာသာရေး၊ လူမှုရေးနဲ့ စီးပွားရေး/စိုက်ပျိုးရေး စတဲ့ကိစ္စရပ်တွေမှာ ကြီးမားတဲ့ ထိခိုက်နစ်နာမှု ဆိုးကျိုးတွေကို အလူးအလဲ ခံစားနေကြရပါတယ်။
ကျေးရွာတွေရဲ့ အဓိက လူမှုအဆောက်အအုံနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ လည်ပတ်ဖို့အတွက် လူငယ်တွေရဲ့လုပ်အားမှာ အဓိက ပင်မအသက်သွေးကြော ဖြစ်ပေမယ့်လည်း လက်ရှိမှာ လူငယ်မဲ့သွားတာကြောင့် လူမှုရေးအခက်အခဲတွေကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။
ခူမီးချင်းဓလေ့အရ နာရေးကိစ္စရပ်တွေ ပေါ်ပေါက်လာပါက အသုဘအခမ်းအနားအတွက် မသာခေါင်းထမ်းတာ၊ သချိုင်းမှာ မြေကျင်းတူးတာ၊ သစ်ခုတ်တာနဲ့ နာရေးအိမ်မှာ လိုအပ်တဲ့ ဝေယျာဝစ္စတွေကို လူငယ်တွေကသာ အင်အားဖြင့် ဦးဆောင်လုပ်ကိုင်ကြတာဖြစ်ပါတယ်။
လက်ရှိ ရွာမှာ အင်အားရှိတဲ့ လူငယ်တွေ မရှိတော့သဖြင့် အသက်အရွယ်ကြီးရင့်သူ အဘိုးအိုတွေနဲ့ ဒေသခံလူကြီးတွေကသာ အားမတန်ဘဲ မြေကျင်းတူးတာနဲ့ အခေါင်းထမ်းတာ တွေကို ရုန်းကန်လုပ်ကိုင်နေကြရသဖြင့် နာရေးကူညီမှုလုပ်ငန်းတွေမှာ များစွာ ကြန့်ကြာခက်ခဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကျေးရွာအတွင်းရှိ မင်္ဂလာဆောင်တွေ၊ ဘာသာရေးဆိုင်ရာ အလှူအတန်းတွေနဲ့ ရိုးရာပွဲလမ်းသဘင်တွေမှာ ဧည့်ခံကျွေးမွေးရေး၊ မဏ္ဍပ်ဆောက်လုပ်ရေးနဲ့ အလှဆင်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီမယ့် လက်တွဲဖော်လူငယ်တွေ မရှိတော့သဖြင့် ပွဲလမ်းသဘင်တွေမှာ အရင်ကလို စည်ကားတာမရှိတော့ဘဲ ခြောက်ကပ်ငြိမ်သက်နေပါတယ်။
အိမ်တိုင်းလိုလိုမှာ လူအိုတွေနဲ့ ကလေးငယ်တွေသာ ကျန်ရစ်ခဲ့သဖြင့် ကျန်ရစ်သူ မိဘဘိုးဘွားတွေ နေမကောင်းဖြစ်ချိန် သို့မဟုတ် ဖျားနာချိန်တွေမှာ ချက်ပြုတ်ကျွေးမွေးဖို့၊ ရေတစ်ခွက်တိုက်ဖို့နဲ့ ရေခပ်ပေးဖို့ပင် အနားမှ ပြုစုစောင့်ရှောက်မယ့်သူ မရှိတော့ပါ။
၎င်းအခြေအနေကြောင့် သက်ကြီးရွယ်အိုတွေမှာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲရုံမျှမက နေ့စဉ်ဘဝမှာ ပြင်းထန်သော အထီးကျန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အားကိုးရာမဲ့မှုတွေကို ရင်ဆိုင်နေကြရတယ်။
“ဖျားနာနေတဲ့အချိန် သားသမီးတွေက အနားမှာ တစ်ယောက်မှမရှိဘူး။ တခါတလေ ကိုယ်သေသွားရင်တောင် ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးနိုင်ပါ့မလားဆိုပြီး အတွေးတောင် ၀င်လာတယ်။ ရွာမှာ တခုခုဆိုရင် လုပ်ပေးမယ့် လူငယ်တွေမရှိဘူး။ ကိုယ့်လိုလူကြီးတွေချည်းပဲ ရှိတယ်။”လို့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ပလက်ဝမြို့နယ်ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တောင်ယာစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။
လုပ်သားအင်အား ဖြစ်စေတဲ့ လူငယ်တွေ လုံးဝမရှိတော့တာဟာ ဒေသတွင်း ရေရှည်စီးပွားရေးနဲ့ စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက် ထိခိုက်လျက်ရှိပါတယ်။
ချင်းတောင်တန်းဒေသရဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဟာ သစ်ပင်ကြီးတွေ ခုတ်ထွင်တာ၊ တောင်ယာမီးရှို့တာ၊ မြေဆီလွှာပြင်ဆင်တာနဲ့ သီးနှံစိုက်ပျိုးတာ စတဲ့ ပင်ပန်းကြမ်းတမ်းပြီး ကိုယ်ခန္ဓာခွန်အား အပြည့်အဝစိုက်ထုတ်ရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။
အဲဒီ လုပ်ငန်းခွင်တွေမှာ အဓိကတာဝန်ယူရတဲ့ လူငယ်လုပ်သားတွေ မရှိတော့သဖြင့် အခုနှစ် တောင်ယာ စိုက်ပျိုးရာသီမှာ စိုက်ပျိုးနိုင်တဲ့ ဧရိယာ ဧကအမြောက်အများ လျော့နည်းသွားပြီး လုပ်ငန်းခွင်တွေ ရပ်ဆိုင်း လုနီးပါး ဖြစ်နေပါတယ်။
ကိုယ်တိုင် တောင်ယာမခုတ်နိုင်တော့သဖြင့် ကျေးရွာတွေမှာ စပါး၊ နှမ်း၊ ချင်း (ဂျင်း)နဲ့ အခြားဒေသ ထွက်သီးနှံတွေ ထုတ်လုပ်နိုင်စွမ်း အဆမတန် ကျဆင်းသွားပါတယ်။
၎င်းအကျိုးဆက်ကြောင့် ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် ရေရှည်မှာ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ ကုန်ထုတ်လုပ်မှု လုံးဝမရှိတော့သဖြင့် မိသားစုတွေရဲ့ ပုံမှန်ဝင်ငွေ လမ်းကြောင်းဟာလည်း ပြတ်တောက်သွားပါတယ်။
“အရင်က ဝမ်းစာအတွက် တောင်ယာတွေ ခုတ်တယ်။ စပါး စိုက်ပါတယ်။ နှမ်း၊ ငရုတ်သီးတွေ စိုက်တယ်။ တနှစ်စာ မဟုတ်ပေမယ့် ကိုယ်စားဖို့လောက်က ရတယ်။ အခုက တောင်ယာတွေလည်း သိပ်မခုတ်နိုင်တော့ဘူး။ တောင်ယာကစပါးတွေတောင် ရွာထဲ မထမ်းနိုင်တော့ဘူး။ တခြားဝင်ငွေရတဲ့ နှမ်း၊ ဂျင်း၊ ဆနွင်း၊ ငရုတ် တွေကို လည်း မစိုက်နိုင်တော့ဘူး။ အခုဆို စားဖို့စပါးတွေ ရှားတဲ့အပြင် ဝင်ငွေလည်း မရှိဖြစ်နေတယ်။” လို့ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ယောက်က ပြောပါတယ်။
ကုလားတန်မြစ်ကြောင်းတလျှောက် ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဒေသထွက်ကုန်တွေကို မြို့ပြစျေးကွက် တွေမှာ တင်ပို့ရောင်းချတဲ့ ကွင်းဆက်မှာလူငယ်တွေရဲ့ လုပ်အားကိုသာ အားကိုးခဲ့ရပါတယ်။
လုပ်သားရှားပါးမှုကြောင့် သီးနှံတွေ အချိန်မီမရိတ်သိမ်းနိုင်တာ၊ ကုန်စည်တွေကို မသယ်ယူနိုင်တာတို့ ဖြစ်ပေါ်ကာ ဒေသတွင်း အရောင်းအဝယ်နဲ့ စီးပွားရေးလည်ပတ်မှုမှာလည်း လုံးဝ ရပ်တန့်လုနီးပါး ခြောက်သွေ့ သွားခဲ့ရပါတယ်။
ပလက်ဝမြို့နယ်ရှိ ကျေးရွာတွေဟာ လူငယ်မဲ့သွားတာကြောင့် ရုပ်ပိုင်းဆိုင်ရာအရသာမက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ဒေသတွင်း စီးပွားရေးပိုင်းဆိုင်ရာတွေမှာပါ အဘက်ဘက်မှ အားကိုးရာမဲ့တဲ့ အခြေနေကို ဆိုက်ရောက် နေပါတယ်။
မိမိတို့ရဲ့ အိပ်မက်တွေနဲ့ ဘဝလုံခြုံရေးအတွက် တောလမ်းကြမ်းတွေပေါ်မှာ ရင်းနှီးကာ စွန့်စားထွက်ခွာ သွားကြတဲ့ လူငယ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့ မိဘဘိုးဘွားတို့ရဲ့ မျှော်လင့်ချက်မဲ့ မျက်ဝန်းတွေ ကြားမှာ ပလက်ဝမြို့နယ် ရဲ့ အနာဂတ်မှာ မသေချာမှုတွေနဲ့ ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။
















