ဇူလိုင် ၁၁ ၊ ၂၀၂၆
Zalen
အိန္ဒိယအစိုးရဟာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ကီလိုမီတာ ၁,၆၁၀ အရှည်ကို ခြံစည်းရိုးကာရံဖို့ ရူပီး ၃၁,၀၀၀ ကုဋေ အသုံးပြုသွားမှာဖြစ်ပြီး နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲမှုကိုလည်း အလေးထားစောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောပါတယ်။
ဇူလိုင်လ ၉ ရက်၊ နယူးဒေလီမြို့မှာ ကျင်းပတဲ့ Land Border District Superintendents of Police Conference 2026 အခမ်းအနားမှာ အမစ်ရှားက ပြောကြားရာမှာ အိန္ဒိယရဲ့ “Smart Border” စီမံကိန်းအောက်မှာ နယ်စပ်လုံခြုံရေးစနစ်ကို ကမ္ဘာ့အဆင့်မီ နည်းပညာသုံးစနစ်အဖြစ် မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ နယ်စပ်စောင့်ကင်းစခန်းတွေကိုသာ အားထားနေတဲ့ ပုံစံအစား နည်းပညာအခြေပြု ပေါင်းစပ်လုံခြုံရေးကွန်ရက်တစ်ခု တည်ဆောက်သွားဖို့ လိုအပ်တယ်လို့လည်း ၎င်းက ပြောပါတယ်။
နယ်စပ်ဒေသတွေမှာ သဘာဝမဟုတ်တဲ့ အကြောင်းရင်းတွေကြောင့် လူဦးရေ တိုးပွားလာတာကို ထိန်းချုပ်ဖို့ အစိုးရက ဆုံးဖြတ်ထားပြီး အဲဒီလို လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲရတဲ့ အဓိကအကြောင်းရင်းဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ဖြစ်တယ်လို့ အမစ်ရှားက ပြောဆိုပါတယ်။
အစိုးရရဲ့ ဦးတည်ချက်တွေထဲမှာ ကိုယ်စားလှယ်စစ်ပွဲ (Proxy War)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ အစွန်းရောက်ဝါဒ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ ကုန်ပစ္စည်းမှောင်ခိုမှု၊ ဒရုန်းအန္တရာယ်၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ နယ်စပ်ဒေသတွေမှာ နေထိုင်မှု ပိုမိုကောင်းမွန်လာစေဖို့နဲ့ ဒေသခံတွေ အခြားနေရာကို ပြောင်းရွှေ့ထွက်ခွာမှု လျှော့ချနိုင်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အမစ်ရှားက ကမ်းရိုးတန်းနယ်စပ် လုံခြုံရေးကိုလည်း ဘက်စုံချဉ်းကပ်မှုနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပြီး ဗဟိုအစိုးရ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ ပြည်နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာ ဗဟိုအစိုးရဌာနတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ခိုင်မာတဲ့ လုံခြုံရေးကွန်ရက်တစ်ခု တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
“လုံခြုံတဲ့နယ်စပ်၊ ဖွံ့ဖြိုးတဲ့နယ်စပ်ဒေသနဲ့ သတိရှိတဲ့ လူ့အသိုင်းအဝိုင်းတို့ ပေါင်းစပ်နိုင်မှ နိုင်ငံလုံခြုံရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်” လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့အပြင် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုတွေကို အမြစ်ဖြတ်ဖို့ ရည်ရွယ်ထားပြီး ယခင်အစိုးရလက်ထက်က ပြဿနာတွေဟာ အမြဲတမ်းဖြစ်နေခဲ့ပေမယ့် ဖြေရှင်းနည်းတွေက ယာယီသာဖြစ်ခဲ့ကြောင်း၊ လက်ရှိအစိုးရကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို ကိုင်တွယ်ပြီး ရေရှည်အဖြေရှာနေတယ်လို့ အမစ်ရှားက ပြောပါတယ်။
ဒါ့အပြင် Demography Mission ကိုလည်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး နယ်စပ်ဒေသတွေရဲ့ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အခြေအနေတွေကို လေ့လာကာ ပုံမှန်မဟုတ်တဲ့ လူဦးရေတိုးပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး နောင်မှာ အဲဒီလိုပြောင်းလဲမှုတွေ မဖြစ်ပေါ်စေဖို့ အကြံပြုချက်တွေ တင်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – SWARAJYA
သတင်း – Mickey




