ဇူလိုင် ၁၁ ၊ ၂၀၂၆
Zalen
ချင်းပြည်တောင်ပိုင်း ၊ ကန်ပက်လက်ကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Y-12 ၊ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေထံက သတင်းရရှိပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကို မနက်အစောပိုင်း ၆ နာရီကနေ ၆ နာရီခွဲအထိ အတွဲလိုက်ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့ပြီး ဂျက်ဖိုက်တာ ၄ စီး နဲ့လည်း ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
“မနက်က မြို့အရှေ့ခြမ်းတွေကို Y-12 နဲ့ ကြဲတယ်။ပြီးတော့ဂျက်ဖိုက်တာနဲ့လည်းလာကြဲတယ်။ မြို့အနီးအနားတွေလည်းကြဲတယ် ပြောတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။
ကန်ပက်လက်ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ၂စီးနဲ့ ညနေ ၅ နာရီခွဲ ၀န်းကျင်မှာ ၃ ကြိမ်၊၆ လုံး နဲ့ နေ့လည် ၁၂ နာရီ၀န်းကျင်မှာ နေပြည်တော် အေလာလေတပ်ကနေ၃ ကြိမ် ၊၆ လုံး နဲ့ကြဲချတိုက် ခိုက်ခဲ့တာလို့ ရှင်းပြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ တွေကတော့ ကန်ပက်လက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မေလ ၁၆ ရက်ကတည်းကနေ စတင်ပြီး မြေပြင် ၊ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ကန်ပက်လက်ကိုလေကြောင်းတိုက်ခိုက်ပြီးနောက် မင်းတပ်မြို့ကိုလည်း Y-12 ၁စီးနဲ့ နဲ့အတွဲလိုက်ဗုံးသီး ၃၀ ၀န်းကျင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာလည်း ကျောက်ထု အမတ ၃၆၈ တပ်ရင်းကနေ ဖောကား ၃ စီး နဲ့ ဘိလပ်မြေအိတ်တွေကို မင်းတပ်အရှေ့ဘက်ခြမ်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
သတင်း – မိုင်လှူးလှူး
#ကန်ပက်လက်၊မင်းတပ် #စစ်ကောင်တပ် #ဗုံးကြဲ #Y-12/JetFighter #Zalen




