ဇူလိုင် ၁၃၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပန်ဆောင်မြို့နဲ့ အိန္ဒိယနိုင်ငံ၊ ချက်လန်း (Changlang) ခရိုင် နန်ပေါင် (Nampong) မြို့တို့ကို ချိတ်ဆက်ထားသည့် အရေးပါသော အိန္ဒိယ-မြန်မာနှစ်နိုင်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ပန်ဆောင်နယ်စပ်ဂိတ်ကို ၆ နှစ်ကျော်ကြာပိတ်ထားရာမှ ဇူလိုင်လ ၂၀ ရက်နေ့မှာပြန်လည် ဖွင့်လှစ်မယ်လို့သိရှိရပါတယ်။
အဲဒီ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်ကို ၂၀၂၀ ခုနှစ်ကိုဗစ်ရောဂါစတင်ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလကတည်းစတင်ပိတ်ထားခဲ့တာဖြစ်ပြီး ၆ နှစ်ကျော်ကြာပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးစတင်နိုင်ရန် ဇူလိုင်လ ၂၀ ရက်နေ့မှာပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။
အဆိုပါ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇူလိုင်လ ၉ရက်နေ့က အိန္ဒိယ-မြန်မာ နှစ်ဘက်တာဝန်ရှိသူများ Nampong ဈေးအနီး နယ်စပ်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ယင်းကုန်သွယ်ရေးဂိတ်ကိုပြန်လည်ဖွင့်လှစ်ပါက လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်(FMR) အရ နယ်စပ်ဒေသရှိ နှစ်ဘက်ပြည်သူများ ၁၀ကီလိုမီတာအတွင်း လွတ်လပ်စွာကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။
” တမူး-မိုးရေးအမှတ်(၁)ဂိတ်ကတော့ ဖွင့်ဖို့ရှိမရှိမသိရသေးပါဘူး။ အာသံရိုင်ဖယ်အဖွဲ့က ကျွန်တော်တို့ကို အကြောင်းမကြားလာသေးဘူး။ သူတို့အကြောင်းကြားလာမှအသေးစိိတ်သိရမှာပါ။ အခုလောလောဆယ်ကျတော်တို့ဘာမှမသိရသေးဘူး” လို့ မိုးရေးမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက Zalen ကိုပြောပါတယ်။
တဖက်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအမှတ်(၁) ကုန်သွယ်ရေးဂိတ် ဖြစ်တဲ့ တမူး-မိုးရေးဂိတ်ကိုတော့ ပြန်လည်ဖွင့်လှစ်ရန်အစီစဉ်ရှိမရှိကို မိုးရေးမြို့မှာအခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းတခုက တာဝန်ရှိသူတစ်ဦးကို Zalen သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ အသေးစိတ်မသိရသေးဘူးလို့ ဖြေဆိုထားပါတယ်။
နယ်စပ်ဒေသလုံခြုံရေးနှင့် သောင်းကျန်းမှုတိုက်ဖျက်ရေးအတွက်ဟုဆိုကာ အိန္ဒိယအစိုးရဘက်မှ ပန်ဆောင်ဂိတ်အနီးတဝိုက်တွင် နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
အိန္ဒိယအစိုးရဟာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ကီလိုမီတာ ၁,၆၁၀ အရှည်ကို ခြံစည်းရိုးကာရံဖို့ ရူပီး ၃၁,၀၀၀ ကုဋေ အသုံးပြုသွားမှာဖြစ်ပြီး နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲမှုကိုလည်း အလေးထားစောင့်ကြည့်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်၊ နယူးဒေလီမြို့မှာ ကျင်းပတဲ့ Land Border District Superintendents of Police Conference 2026 အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
သတင်း – Yongpithong
ပုံစာ – ပန်ဆောင်နယ်စပ်အားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်




