ဇူလိုင် ၁၃၊ ၂၀၂၆
Zalen
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အချက် (၅) ချက်ပါဝင်တဲ့ ဘုံသဘောတူညီချက် (5PC) ကို ယနေ့တိုင် အကျုံးဝင်ကြောင်း ထပ်လောင်းအတည်ပြုလိုက်ပါတယ်လို့ CNAအင်တာဗျူးတွင် စင်ကာပူနိုင်ငံခြားရေဝန်ကြီးကဖြေဆိုထားပါတယ်။
အဆိုပါအချက် (၅) ချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ အာဆီယံက အလေးပေး တောင်းဆိုထားပါတယ်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာမှာ ကဏ္ဍ (၃) ခုမှာ ထင်ရှားသော တိုးတက်မှုတွေ မြင်တွေ့လိုကြောင်း ထုတ်ပြန်ထားပါတယ်။
အရပ်သားပြည်သူတွေ ထိခိုက်နစ်နာစေတဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို အမြန်ဆုံးနဲ့ အပြီးအပိုင် ရပ်တန့်ဖို့ အာဆီယံက တောင်းဆိုထားပြီး ပဋိပက္ခများအတွင်း အရပ်သားတွေရဲ့ လုံခြုံရေးဟာ အဓိက ဦးစားပေးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လည်လွှတ်ပေးဖို့ အာဆီယံက တိုက်တွန်းတယ်။
၎င်းတို့ရဲ့ လွတ်မြောက်မှုဟာ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ နိုင်ငံတဝန်းရှိ လိုအပ်နေတဲ့ နေရာအားလုံးသို့ အကူအညီတွေ ပေးအပ်နိုင်ရမှာဖြစ်ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းရေးဌာန (AHA Centre) မှတစ်ဆင့် အဲဒီကူညီမှုတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ပေးအပ်နိုင်ဖို့ အာဆီယံက ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
အာဆီယံအနေဖြင့် လာမယ်လများအတွင်း 5PC အကောင်အထည်ဖော်မှုမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အဓိကပါဝင်သူအားလုံးအကြား အပြန်အလှန် အကျိုးရှိစေမယ့် တည်ဆောက်မှုဆိုင်ရာ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာစေဖို့လည်း အာဆီယံက တိုက်တွန်းထားပါတယ်။
ကိုးကား-Vivian Balakrishnan
သတင်း-ဆလိုင်း




