
ဇူလိုင် ၁၆၊ ၂၀၂၆
ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမှာ ထိခိုက်နစ်နာခဲ့ရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနဲ့ မရာနယ်မြေကာကွယ်ရေးတပ် (MTC/MDF) တို့က ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
အဆိုပါ လှူဒါန်းငွေတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ထံ ကို တရားဝင် ပေးအပ်လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလှူငွေ လက်ခံရရှိမှုအတွက် HDCO ဘက်ကလည်း MTC/MDF အဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
MTC/MDF အဖွဲ့ဟာ အာရက္ခတပ်တော် (AA) ရဲ့ အဓိက မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းကြား ခိုင်မာသော စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီသဘာဝဘေးဒဏ်ကြောင့် လူထိခိုက်သေဆုံးတဲ့အပြင် ပြည်သူသိန်းနဲ့ချီ ရေဘေးသင့်ခဲ့ရပါတယ်။
လက်ရှိမှာ ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း ရေဘေးသင့်ဒေသတွေမှာ အရေးပေါ် လိုအပ်နေတဲ့ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေအတွက် ပြင်ပအကူအညီတွေ လိုအပ်လျက်ရှိနေဆဲ ဖြစ်ပါတယ်။
သတင်း-ဆလိုင်း




