ဇူလိုင် ၁၆ ၊၂၀၂၆
Zalen
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက ဘာလိုချီစတန် (Balochistan) ပြည်နယ်ဟာ ပါကစ္စတန်ကနေ ခွဲထွက်ပြီး “ဘာလိုချီစတန်သမ္မတနိုင်ငံ (Republic of Balochistan)” အဖြစ် လွတ်လပ်ရေးကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ထုတ်ပြန်ချက်တစ်စောင် လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။
ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်အရ ဘာလိုချီစတန်ဘက်က ပြည်နယ်နယ်မြေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုထားပြီး၊ ကိုယ်ပိုင်အစိုးရ၊ အုပ်ချုပ်ရေးယန္တရား၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းနဲ့ ငွေကြေးစနစ်တို့ကိုလည်း ထူထောင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရွှေ၊ ကြေးနီသတ္တုတွင်းတွေ၊ သဘာဝဓာတ်ငွေ့လုပ်ကွက် ၁၅၀ ကျော်နဲ့ ကျောက်မီးသွေးတွင်း ၁,၂၀၀ ကျော် အပါအဝင် သယံဇာတပေါများတဲ့ ဒေသတွေကို ထိန်းချုပ်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ပါကစ္စတန်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ဟာ နုတ်ထွက်ပြီး ဘာလိုချီစတန်ဘက်ကို ပူးပေါင်းလာတယ်လို့လည်း ဖော်ပြထားပါတယ်။ လက်ရှိမှာ ဘာလိုချီစတန်စစ်တပ်၊ ရေတပ်၊ လေတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအပါအဝင် အင်အား ၅ သိန်းရှိတဲ့ တပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ၂၀၂၆ ခုနှစ်မကုန်ခင် ပါကစ္စတန်တပ်တွေကို တိုက်ထုတ်မယ်လို့လည်း ကြေညာထားပါတယ်။
ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘာလိုချီစတန်ကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပြီး၊ လွတ်လပ်ရေးရရှိပါက ပါကစ္စတန်စစ်တပ်၊ ရေတပ်နဲ့ လေတပ်တို့ကို ဘာလိုချီစတန်ရဲ့ နယ်မြေ၊ ကမ်းရိုးတန်းနဲ့ လေပိုင်နက် အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
သို့သော် အဲဒီထုတ်ပြန်ချက်ပါ အချက်အလက်အားလုံးကို လက်ရှိအချိန်အထိ လွတ်လပ်တဲ့ သတင်းဌာနတွေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဘာလိုချီစတန်က တရားဝင် လွတ်လပ်ရေးကြေညာခဲ့တယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချရတဲ့ အထောက်အထားတွေ မတွေ့ရသေးသလို ပါကစ္စတန်အစိုးရဘက်ကလည်း ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တရားဝင်တုံ့ပြန်မှု မရှိသေးပါ။
ဘာလိုချီစတန်ပြည်နယ်ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပြီး ရွှေ၊ ကြေးနီ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးအပါအဝင် သယံဇာတအရင်းအမြစ် ကြွယ်ဝတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဒေသအတွင်းမှာ ခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားမှုတွေ ဆယ်စုနှစ်များစွာ ဖြစ်ပွားနေပြီး၊ ခွဲထွက်ရေးအဖွဲ့တွေဟာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ကိုးကား – နိုင်ငံတကာသတင်းများ
သတင်း – Mickey




