ဇူလိုင် ၁၆၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက အိမ်စီးကားများအသုံးပြုကာ မြို့တွင်း လမ်းမကြီးများနှင့် ရပ်ကွက်များတွင် နေ့စဉ် ပေါ်တာလိုက်လံဖမ်းဆီးမှုများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုများကို မုံရွာမြို့ အမှတ် (၁) ရဲစခန်း၊ မုံရွာစက်မှုဇုန် (၁) ရှိ အမှတ် (၂) ရဲစခန်းနှင့် ကျောက်ကာလမ်းဘေးအနီးရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့မှ ရဲတပ်ဖွဲ့ဝင်များက အရပ်ဘက်သုံး အိမ်စီးကားများနဲ့ထွက်လာပြီး လမ်းသွား လမ်းလာများကို ပေါ်တာဆွဲဖမ်းဆီးနေကြတာလို့ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များဟာ အဓက ပြည်သူများ အလုပ်သွား၊ အလုပ်ပြန်လုပ်ကြတဲ့ မနက်အစောပိုင်းနဲ့ ညနေပိုင်း အချိန်များတွင် အဓိကထား ဖမ်းဆီးနေကြတာလို့သိရပါတယ်။
ဒေသတွင်းသတင်းအရင်းအမြစ်များ အဆိုအရ မုံရွာမြို့ ကမ်းနားလမ်း၊ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ ပေ ၈၀ လမ်း၊ သာစည်လမ်း၊ ကျောက်ကာလမ်း၊ အမြင့်လမ်းများနဲ့ ရပ်ကွက်နဲ့ လမ်းသွယ်များ ထန်းတောရွှေဝါရောင်လမ်း၊ အောင်မဟာလမ်း၊ သမ္မစိတ္တလမ်း၊ နတ်လူထိပ်ပန်အုပ်စု၊ ဗိုလ်တေဇလမ်းများမှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များပေါ်တာဆွဲဖမ်းဆီးမှု အဆိုးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စက်မှုဇုန်ဧရိယာ စက်မှုဇုန် အေးရိပ်သာလမ်း၊ စက်မှုဇုန် (၁) အတွင်း၊ စက်မှုဇုန် (၂) နွားဇုန် နှင့် မုံရွာနန္ဒဝန်ရပ်ကွက်တွေလည်းအဆိုးဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့ကြောင့်မုံရွာမြို့ ဒေသတွင်းသတင်းအရင်းအမြစ်ဖော်ပြချက်အရ “စစ်အာဏာရှင်စနစ် မပြုတ်သရွေ့တော့ ဒီလို ပေါ်တာဆွဲတာတွေက နေ့တိုင်း ရှိနေဦးမှာပဲ။ အပြင်ထွက်ရင် ဘယ်အချိန် ဖမ်းခံရမလဲဆိုပြီး စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်” လို့ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ လူအင်အား လိုအပ်ချက်ရှိနေတဲ့အတွက် အခုလို လမ်းပေါ်တွင် ပေါ်တာဆွဲ လိုက်လံဖမ်းဆီးမှုများကို နည်းမျိုးစုံနဲ့ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းများအရ သိရပါတယ်။
သတင်း – S-L
ပုံစာ – မုံရွာမြို့တွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များ ပေါ်တာဆွဲဖို့အသုံးပြုတဲ့ အိမ်စီးကားများ
ဓာတ်ပုံ – လူမှုကွန်ယက်




