Chain of Command တစ်ခုအောက်ကနေ ခရီးဆက်မှ တော်လှန်ရေးပန်းတိုင် ရောက်မယ်

ဒေမီယံ/စက်တင်ဘာ ၂ရက်၊၂၀၂၃

ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းတို့ကို နယ်နိမိတ်ချင်းထိကပ်ထားပေးတဲ့ ကလေးမြို့ဟာ အာဏာသိမ်းမခံရခင် ကာလတွေကတည်းက ချင်းတိုင်းရင်းသား လူမျိုးစုပေါင်းများစွာနဲ့အတူဗမာတိုင်းရင်းသားများအပြင် အခြားသောတိုင်းရင်းသားများစွာ ချစ်ချစ်ခင်ခင်ယှဥ်တွဲနေထိုင်ခဲ့ကြတဲ့ ဒေသဖြစ်ပါတယ်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ကလေးမြို့သူမြို့သားတွေဟာ နည်းအမျိုးမျိုးနဲ့ တရားမဝင် စစ်တပ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီး စစ်ကောင်စီတပ်အနေနဲ့ သတိထား ကိုင်တွယ်ခဲ့ရတဲ့ မြို့လည်းဖြစ်ပါတယ်။ ဒီလိုမျိုး တရားမဝင်အာဏာရယူထားတဲ့ စစ်တပ်ကို ငြိမ်းချမ်းစွာနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ ၂၀၂၁၊ မတ်လ ၂ရက်နေ့ ကလေးမြို့ လမ်းဆုံ အရှေ့၊အနောက်၊တောင်၊မြောက် အသီးသီးကနေ ဆန္ဒပြချီတက်လာတဲ့ လူအုပ်ကြီးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ချိန်မှာတော့ ကလေး၊စက်မှုဇုံမှာ နေထိုင်တဲ့ ကျောင်းသား မောင်ဇွန်ထူးမောင် ကျဆုံးခဲ့ရပြီး ပြည်သူအများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီချိန်ကနေစလို့ စစ်တပ်ဟာ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်လာပြီး မတ်လ ၁၇ ရက်နေ့ မှာတော့ ကျည်ဆံများ ပေါ်ပေါ်ထင်ထင် အသုံးပြုပစ်ခတ်ဖြိုခွင်းမှုတွေလုပ်ခဲ့လို့ အရပ်သားလူငယ် ၄ဦး အသက်ဆုံးရှုံးခဲ့ရုံမက ဆန္ဒပြပြည်သူ ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဖမ်းဆီးနှိပ်စက်ခံရလို့ စစ်ကြောရေးမှာ အသက်ဆုံးရှုံးခဲ့ရသူတွေလည်း မနည်းခဲ့ပါဘူး။ မတ်လ ၁၇ရက်နေ့နောက်ပိုင်းမှာတော့ ကလေးပြည်သူ့တပ်မတော်(Kalay Civil Army – KCA) ကို ဖွဲ့စည်းခဲ့ကြပြီး ရရာလက်နက်မျိုးစုံနဲ့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံခဲ့ကြပါတယ်။ သို့သော်လည်း လက်နက်အင်အား၊ စစ်ရေးပညာ စသဖြင့်ကွာဟမှုတွေကြောင့် ခုခံစစ်နဲ့ မတောင့်ခံနိုင်တော့ဘဲ ဧပြီ၊ မေ လ နောက်ပိုင်း ကလေးမြို့ခံနဲ့ အနီးနားက ကျေးရွာနေ လူငယ်အများအပြားဟာ တောခိုခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေထံမှာ စစ်ပညာသင်ကြားကာ ခံယူချက်တစ်ခုအတွက် ပင်ပန်းဆင်းရဲခံပြီး တော်လှန်ရေးတပ်သားဘဝကို ခံယူခဲ့ကြပါတယ်။

၂၀၂၁ နှစ်လယ်ပိုင်းကနေစလို့ စစ်ကောင်စီတပ်ကို စစ်သားချင်း ယှဥ်တိုက်လာခဲ့ကြပြီး အောင်မြင်မှုတွေရခဲ့သလိုပေးဆပ်လိုက်ရတဲ့ အသက်တွေလည်းအများအပြားရှိခဲ့ပါတယ်။ လူမျိုးစုပေါင်းစုံ၊ဘာသားစကားပေါင်းစုံ၊ ယုံကြည်မှု၊သဘောထားအမျိုးမျိုးတွေနဲ့ တော်လှန်ရေးတပ်တွေကြားမှာ အကွဲအပြဲ ပြဿနာပေါင်းများစွာရှိခဲ့ကြပြီး တစ်ယောက်တစ်ပေါက် တစ်ဖွဲ့တစ်ခုနဲ့ ပြည်သူတွေဆီကအလှူခံကာ များများရတဲ့လူ၊ နည်းနည်းရတဲ့လူ၊ လုံးဝမရတဲ့လူ စသဖြင့် တော်လှန်ရေးရဲ့ထုံးစံအခက်ခဲပြဿနာများစွာနဲ့ အလျှိုလျှိုရပ်တည် တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ပြည်သူတွေအနေနဲ့လည်း များပြားလွန်းလှတဲ့ တပ်ရင်းတပ်ဖွဲ့တွေကြားထဲ ဗျာများခဲ့ရပြီး စိတ်ဓာတ်ကျကာ တော်လှန်ရေးကို စိတ်ကုန်သွားကြသူတွေလည်းရှိခဲ့ပါတယ်။

သို့ပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ စုဖွဲ့ပြီးတဲ့နောက် KIA ကနေ စစ်ရေးဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ အောက်ကနေ (CoC-Chain of Command) ဆိုတဲ့ အမိန့်အာဏာတစ်ခုအောက်ကနေ အမှတ် (၁) စစ်ဒေသ၊ကလေးခရိုင်တပ်ရင်းတပ်ဖွဲ့ များအားလုံး စုဖွဲ့ပေါင်းစပ်ကာ အတူတကွ တိုက်ပွဲဝင်နိုင်လာတဲ့ အနေအထားတစ်ခုကို ခက်ခက်ခဲခဲတည်ဆောက်လာနိုင်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း စစ်တိုက်မှ၊စစ်အောင်မှ သာလျှင် တော်လှန်ရေးဟာ အောင်မြင်စွာ ပြီးမြောက်မှာဖြစ်ပါတယ်။ ဒီလိုစစ်ပွဲအောင်ဖို့ လက်နက်ကိုင်တိုက်နေကြသူတွေချည်းနဲ့ ဘယ်လိုမှမအောင်နိုင်ပါဘူး။ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံတိုက်မယ့် “တော်လှန်ရဲဘော်တွေ”ရဲ့ နောက်တန်းကနေ မားမားမတ်မတ်နဲ့ ရပ်တည်ပြီး ထောက်ပံ့ကူညီမယ့် “တော်လှန်ပြည်သူ” တွေဟာလည်း အရေးကြီးလှပါတယ်။ စစ်ကောင်စီရဲ့ အကြောက်တရားမျိုးစုံနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကနေ လွတ်မြောက်ဖို့ ကျွန်တော်တို့မှာ တစ်ခြားရွေးချယ်စရာမရှိပါဘူး။ သန်းခေါင်ထက်ပို ညဥ့်နက်စရာလည်းမရှိတော့ပါဘူး။ တော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ဖို့အတွက် အလျှိုလျှိုဖြစ်နေကြတဲ့ ထင်းချောင်းလေးများကို စုစည်းပြီး ကျစ်လျစ်ခိုင်မာတဲ့ “ထင်းစည်း” တစ်ခုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာရဲ့ ကွပ်ကွဲမှုအောက်ကနေ စည်းစည်းလုံးလုံး တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

ရှေ့တန်းကနေ လက်နက်ကိုင်တိုက်မယ့် ရဲဘော် “ထင်းစည်း” ကြီးကို ချည်နှောင် ရစ်ပတ်မယ့် နွယ်ကြိုးလေးတစ်ချောင်းအဖြစ် ပြည်သူလူထုရဲ့ ကူညီထောက်ပံ့မှုတွေဟာ အရေးကြီးလှပါတယ်။ ရဲဘော်တွေလည်း တစုတစည်း စုဖွဲ့အင်အား ရှိနေပြီ။ပြည်သူလူထုအနေနဲ့လည်း တစုတစည်းနဲ့ စုဖွဲ့အင်အားကို ပြသနိုင်ဖို့အတွက် ဒီပရောဂျက်မှာ နိုင်ရာနေရာကနေ ပါဝင်ရင်း စစ်ကောင်စီကို အမြစ်ဖြတ်ကြရအောင်လား။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ CoC အောက်ကနေပြီး အမှတ်(၁) စစ်ဒေသ၊ကလေးခရိုင်တပ်ရင်းတပ်ဖွဲ့တွေ အားလုံး ပါဝင်အလှူခံတဲ့ “ထင်းစည်း” သိန်း၃ထောင် ပရောဂျက်ကမ်ပိန်း ကြီးကိုစက်တင်ဘာ ၁ရက်နေ့ကစလို့ စက်တင်ဘာ ၃၀ အထိ ပြုလုပ်သွားမှာဖြစ်ပြီး မိမိပါဝင်လိုက်တဲ့ ငွေကြေးအနည်းငယ်ဟာ တော်လှန်ရေးတပ်ဖွဲ့များအပြင် စစ်ဘေးရှောင်ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွေမှာလည်း ထည့်ဝင်ပြီးသားဖြစ်သွားမှာပါ။ ဒီပရောဂျက်အကြောင်း အသေးစိပ်ကို Kalay Region Support Center ရဲ့ တရားဝင် Facebook page မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ စုစည်းထားရင် ဘယ်အရာမဆို ကျွန်တော်တို့အောင်မြင်နိုင်ပါတယ်။ “ဒီအောင်ပွဲ မဝေးတော့ပါဘူး”

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်