Chin National Front (CNF) ကို လေ့လာ သုံးသပ်ခြင်း

R.Lakher

ကျနော်တို့ ချင်းပြည်နယ်၏ ကံကြမ္မာ ၆၀ရာခိုင်နှုန်း နီးပါးသည် CNF ၏ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးချဉ်းကပ်ပုံ၊ ကိုင်တွယ်ပုံ၊ ရည်မှန်းချက် (vision)၊ ခေါင်း​ဆောင်မှု (leadership) နှင့် သဘောထားကြီးမှုပေါ်တွင် မူတည် သည်။ ထို့ကြောင့် CNF ကို ချင်းပြည်သူများ နားလည်ရန် အင်မတန် အရေးကြီးသည်။ CNF ကို မသိပါက မိမိကိုယ်ကို မသိခြင်း၊ မိမိ၏ ချင်းပြည်အရေးကို မသိရာရောက်သွားနိုင်ပါသည်။ အကြောင်းမှာ CNF ၏ မူဝါဒများသည် မိမိတို့ ချင်းလူမျိုးတစ်ဦးချင်းစီအပေါ်တွင် တိုက်ရိုက်(သို့) သွယ်ဝိုက်အားဖြင့် အနည်းနှင့် အများ အကျိုးသက်ရောက်နေသော ကြောင့်ဖြစ်သည်။

CNF သည် ချင်းပြည်နယ်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို နှစ်ပေါင်း ၃၀ ကျော်ဆွဲကိုင် လာခဲ့ပြီး ဖြစ်သည်။ ထို့အပြင် နွေးဦးတော်လှန်ရေးတွင် ပေါ် ပေါက်လာသော CDFs အဖွဲ့ အများစုကို စစ် သင်တန်းပေးခြင်း၊   လက်နက်များ မရှိသည့်ကြားမှ တပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့သည်။ ထို့ကြောင့် CNF ၏ ချင်းပြည်နယ် နှင့် ချင်းလူမျိုးများ အတွက် ပေးစပ်မှုများကို ဦးစွာအသိမှတ်ပြု တန်ဖိုးထားကြောင်း ဖော်ပြလိုပါသည်။ သို့သော် ကျနော်တို့သည် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပစ္စုပ္ပန်တွင် တိုက်ပွဲဝင်ကြရခြင်း ဖြစ်သောကြောင့် လက်ရှိ CNF ၏ဖြစ်တည်မှုအခြေအနေ နှင့် သူ၏မူဝါဒများ ကို လေ့လာသိရှိရန်အင်မတန် အရေးကြီးသည်။ အတိတ်တွင် ကောင်းသောအမှုများ မည်မျှပင် ပြုခဲ့စေကာမူ ပစ္စုပ္ပန်တွင် ဆိုးသောအမှုများပြုလုပ်ပိုင်ခွင့် ရှိခြင်းမဟုတ်ပေ။ ထို့ကြောင့် CNF ၏မှားယွင်းသော နိုင်ငံရေးအယူဆများ နှင့် လုပ်ငန်းများကို ထောက်ပြရန် နှင့် လွဲချော်နေသော ခြေလှမ်းများကို တည့်မတ်ပေးရန် ချင်းပြည်သူများတွင် တာဝန်ရှိသည်။ CNF ကို အောက်ပါ အချက်များအပေါ် အခြေပြီး သုံးသပ်ထောက်ပြပေးသွားချင်ပါသည်။ ဤအချက်များသည် လုံးဝ ပြည့်စုံသည်ဟု မဟုတ်ပဲ စာရေးသူ၏ အရေးကြီးသည်ဟု ယူဆသော အချက်များသာ ဖြစ်သည်။

၁။ ခေါင်းဆောင်မှု (Leadership):

ဤကနေ့ကမ္ဘာသည် Information Technology (IT) ခေတ်ကိုကျော်လွန်းပြီး Social Media၊ Artificial Intelligence (AI) များဖြင့် လျှင်လျှင်မြန်မြန်တိုးတက်ပြောင်းလဲနေကာ ကမ္ဘာတဝှမ်း နိုင်ငံရေးနှင့် တော်လှန်ရေးများအပေါ်တွင် ကြီးမားသော ရိုက်ခေတ်မှုများရှိနေသည်။ ဤကဲ့သို့ လျှင်မြန်သော တိုးတက်ပြောင်းလဲမှုများကို အမှီလိုက်ရန် မိမိကိုယ်ကို အဆင့်မြင့်တင် (upgrade) နိုင်မှသာ အဆင်ပြေ​မည်ဖြစ်ပြီး မဟုတ်ပါက ” မသိသူကျော်သွားသိသူဖော်စား” သွားမည်ဖြစ်သည်။ ယနေ့ ခေတ် နိုင်ငံရေးစဥ်းစားပုံစဥ်းစားနည်းများသည် လွန်ခဲသော ဆယ်စုနှစ်များကဲ့သို့ စဥ်းစား၍ မရတော့ပေ။ CDFs ခေါင်းဆောင်အများစုသည် G-Z လူငယ်များဖြစ်ကြပြီး မိုဘိုင်းဖုန်းခေတ်တွင် မွေးဖွားကြီးပြင်းကြသောကြောင့် လျှင်မြန်သော နည်းပညာတိုးတက်ပြောင်းလဲမှုများ နှင့် ခေတ်ပေါ် နိုင်ငံရေးအတွေးအခေါ်များ၊ သီအိုရီများ နှင့် အိုင်ဒီယာများကို အမှီလိုက်နိုင်စွမ်းရှိကြသည်။

စိတ်မကောင်းစွာဖြင့် CNF ခေါင်းဆောင်အများစုသည် လိုင်မီးလူမျိုးစု (Hakha နှင့် Thangtlang) လွမ်းမိုး (dominate) နေသည် သာမက အသက် ၅၀ ကျော်ခေါင်းဆောင်များဖြစ်နေကြသည်ကို တွေ့ရသည်။ CNF တွင် အဖိုးတန်သော နိုင်ငံရေး နှင့် တော်လှန်ရေး အတွေ့အကြုံများစွာရှိနေသော်လည်း ခေတ်နှင့်အညီ လိုက်လျော့ညီထွေအောင် လျှင်မြန်စွာတွေးခေါ် စဥ်းစားနိုင်သော (Fast Brain) များမရှိခြင်းသည် ပြဿနာ ဖြစ်သည်။ ထို့ကြောင့် CNF ခေါင်းဆောင်မှု (leadership) ကိုလေ့လာကြည့်ပါက တခြားသော အချက်များ​သည် ပြောစရာမရှိအောင် ကောင်းနိုင်သော်လည်း ဤအချက်သည် သိသာသော အားနည်ချက်​​​ ဖြစ်နေသည် ဟု မြင်ပါသည်။ ထို့အပြင်လက်ရှိခေါင်းဆောင်များ၏နေရာကို အစားထိုးမည့် လူငယ်ခေါင်းဆောင်များ ပြင်ဆင်မွေးထုတ်ခြင်းအပိုင်းတွင်လည်း အားနည်းချက် ရှိနေသည်။

၂။ CNFနိုင်ငံရေးနှင့် စစ်ရေး (Politic and Military)

CNF သည် နှစ်ပေါင်း ၃၀ ကျော်ရပ်တည်လာသော်လည်း ချင်းပြည်သူများကို မည်ကဲ့သို့စည်းရုံးပြီး ချင်းပြည်ကို မည့်ကဲ့သို့တည်ဆောက်မည်ဟူသော အချက်များကို နစ်ပေါင်း၃၀ အတွင်း လေးလေးနက်နက် စဥ်းစားခဲပုံမရ။

CNF ၏ နိုင်ငံရေးခံယူချက် အတွေးအခေါ်များ (Ideologies)၊ ချင်းနိုင်ငံရေးကို ရှုမြင်ပုံ နှင့် ချဥ်းကပ်ပုံများ ( Political Views and Approaches)၊ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်(vision)၊ စစ်သည် အင်အား (Military strength) များသည် ချင်းပြည်သူများအတွက် အင်မတန်အရေးကြီးသော အချက်များဖြစ်ကြသည်။ လက်ရှိတွင် CNF သည် Principles and Ideology အပေါ် အခြေခံသော အဖွဲ့အစည်းမဟုတ်သည် ကိုတွေ့ရသည်။ ၎င်း၏ နိုင်ငံရေး ပန်းတိုင် နှင့် နိုင်ငံရေးလမ်းစဥ်များကို ချင်းပြည်သူများထံ ရှင်းရှင်းလင်းလင်း  မရှိပေ။ ဥပမာ- ချင်း​ပြည် Confederate state ဖြစ်စေချင်တာလား၊ Federal State လား၊ Independent state ဖြစ်စေချင်တာလား ဆိုတာမျိုး တိကျသော နိုင်ငံရေး ပန်းတိုင်မရှိသည်ကို တွေ့ရသည်။

အားလုံးပါဝင်နိုင်ရေး (All inclusiveness) နှင့်ချင်းပြည်အားလုံး လွမ်းခြုံနိုင်မည့် တော်လှန်ရေးအဖွဲ့စည်း တရပ်ဖြစ်ပေါ်လာနိုင်ရေးအတွက် ကြိုးပမ်းမှု (efforts) မရှိပေ။ ထို့ပြင် CNFသည် တိကျသောနိုင်ငံရေး လမ်းစဥ်များ (Political Framework) မရှိပေ။ ချင်းပြည်သူများ အားကိုးရမည့် တော်လှန်ရေးအဖွဲ့အစည်းသည် သေချာသော နိုင်ငံရေးလမ်းစဥ်များ ပန်းတိုင်များမရှိပဲ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် လက်နက်ကိုင်တိုက်ပွဲ ဝင်နေသည်ဟူသော ကြွေးကြော်သံ များနှင့် ယူဆချက်များလောက်ဖြင့် လုံလောက်မှုမရှိပေ။ထိုကဲ့သို့တော်လှန်ရေးအဖွဲ့သည် တနေ့တွင် “ကျားကြောက်လို့ ဆင်ကြီးကိုး ဆင်ကြီးကျားထက်ဆိုး” ဆိုသလို ရန်သူကဲ့သို့  ပြည်သူများအပေါ် အန္တရာယ် ပြုလာနိုင်သည်။

၃။ ချင်းအရေး ချဥ်းကပ်ပုံ နှင့် ကိုင်တွယ်ပုံ (Approach towards Chin Affairs)

လက်ရှိ CNF ၏ချင်းအရေးချဥ်းကပ်ပုံများနှင့် ကိုင်တွယ်ပုံများသည် ချင်းပြည်သူများကိုမစည်းရုံးသည့်အပြင် ပိုမိုကွဲထွက်မှုများဆီကို ဦးတည်စေနေသည်ကို တွေ့ရသည်။ ဥပမာ- CJDC တွင် ချင်းလက်နက်ကိုင်အဖွဲ့များနှင့် ချင်းပြည်သူများအကြား ယနေ့ထက်ပိုပြီး စည်းရုံးခဲ့ကြသည်။ လက်ရှိအချိန်တွင်မူ ချင်းပြည်နယ် တွင် လက်နက်ကိုင်အဖွဲ့ အစိပ်စိပ်အမွှာမွှာကွဲသည့်အပြင် မိသားစု အဆင့်ထိ ကွဲပြားမှုရှိလာသည်။ ဥပမာ CDFအဖွဲ့အချို့တွင် Chinland Council(CC) ကို ထောက်ခံသော တပ်ရင်း နှင့် Chin brotherhood ကိုထောက်ခံသော တပ်ရင်းများ အဖြင့်ကွဲလာကြသည်။ ထို့အပြင် မိသားစု အဆင့်တွင် ပင်လျှင် အကိုက CC ၊ ညီက Chin brotherhood စသဖြင့် မိသားစု တစ်စု ကို ကွဲပြဲစေသည်အထိ ရိုက်ခေတ်မှုရှိလာသည်ကို တွေ့ရသည်။ ဤကဲ့သို့ဖြစ်လာရခြင်း၏ ပြဿနာ အရင်းမြစ်ကို ခြေရာခံကြည့်ပါက CNF နှင့် ၇၀ရာခိုင်နှုန်းတိုက်ရိုက် သက်ဆိုင်နေသည်။ အဘယ့်ကြောင့် ဆိုသော် CNF၏ ဦးဆောင်မှုဖြင့်သာ ချင်းပြည်သူအားလုံးမလွှမ်းခြုံသော Chinland Council ၊ Chinland Constitution၊ Chin State Government များပေါ်ပေါက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် CNF တွင် ချင်းပြည်သူအားလုံးလွမ်းခြုံနိုင်သော ချင်းပြည်တည်ဆောက်ရေး အတွက် ရိုးသားပြီး မှန်ကန်သော နိုင်ငံရေး လမ်းစဥ်များ မရှိသည်ဟု သံသယများစွာဖြစ်စေသည်။ ယနေ့ CC တွင် မပါဝင်​သောအဖွဲ့များသည် Chinland Constitution ကို မကြိုက်တာထက် CNF အပေါ်အယုံအကြည် ကင်းမဲ့မှုများကြောင့်ဖြစ်သည်။

Actions speak louder than words ဆိုသလို လက်ရှိ CNF ၏ မရာအရေးကို စစ်ရေးအရ ကိုင်တွယ်နေပုံကို ကြည့်ခြင်းအားဖြင့် စာဖတ်သူသည် Brainwash ခံထားရသူတစ်ယောက်မဟုတ်ပါက CNF ၏ လုပ်ရပ်အပေါ်လက်ခံနိုင်မည် မဟုတ်ပေ။ ချင်းပြည်နယ်တွင် တိုက်စရာ ရန်သူများစွာ ရှိလျှက် တော်လှန်ရေးအဖွဲ့ ချင်းညီအကိုအချင်းချင်းအပေါ် လက်နက်အင်းအားများစွာသုံးပြီး တိုက်ခိုက်မှုသည် CNF ခေါင်းဆောင်များ ၏ ကျဥ်းမြောင်းသော နိုင်ငံရေးအတွေးအခေါ်ကို ပြသနေခြင်းဖြစ်သည်။ ဤ မရာအရေး သည် ဥပမာ ပြဿနာ တစ်ခုမျှသာဖြစ်ပြီး ယနေ့ Chinland Council ကို အဖွဲ့အစည်း တစ်ဖွဲ့လောက်မှ ကန့်ကွက်လျှင် တော်သေး၊ ချင်းပြည်နယ်၏ ထက်ဝက်ကျော်နီးပါး လက်မခံခြင်းကို သိလျှက်နဲ့ ညှိနှိုင်းမှုများ မလုပ်ပဲ ရှေ့ဆက်နေခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်များဖြစ်ပြီး အင်မတန် အံ့သြစရာ ကောင်းပါသည်။ ဤကဲ့သို့ လုပ်ရပ်များကို နှစ်ပေါင်း ၃၀ ကျော်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ အနေ ဖြင့်မလုပ်သင့်ပေ။

နိဂုံး

CNF ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှိနေမည်ဖြစ်ပြီး မိမိတို့ ချင်းပြည်သူများအနေဖြင့် မည်သည့် အာဏာရှင်ဆန်သည့် ချင်းလက်နက်ကိုင်အဖွဲ့ နှင့် လုပ်ရပ်ကိုမဆို ရှုပ်ချ ထောက်ပြဝေဖန် တည့်မတ်ပေးရန် တာဝန်ရှိသည်။ ထို့ကြောင့် CNF အနေဖြင့် အမှားများမပြုလုပ်ရ ဟုမဆိုလိုပဲ အမှားများ၊ အားနည်းချက်များကို ပြင်ပြီး မိမိ၏မူဝါဒများကို ပြန်လည်သုံးသပ်ရန်အရေးကြီးမည်ဟုမြင်ပါသည်။ ချင်းပြည်တည်ဆောက်ရေးကို စိတ်စေတနာအမှန်ဖြင့် ချင်းပြည်သူအားလုံး တစ်ဖွဲ့မကျန်၊ တစ်ယောက်မကျန် လွှမ်းခြုံနိုင်သော နိုင်ငံအရေးအဖွဲ့ တစ်ရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် CNF အနေဖြင့် ချဥ်းကပ် စေလိုပါ ကြောင်းဆန္ဒပြုရင်း ဆောင်းပါးကိုအဆုံးသတ်ပါသည်။

R.Lakher

Chin Revolution and Political Observer

Policy Analyst

နောက်ဆုံးရသတင်းများ

ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ...

ဆက်ဖတ်ရန်