ZCD ပါတီဝင် ပြည်နယ်အမတ်တစ်ဦး NLD ပါတီသို့ကူးပြောင်း

 

ဦးထန်ဒိတ်ခုပ် ဒီချုပ်ပါတီသို့ဝင်ရောက်တဲ့အစီအစဉ်ပြုလုပ်စဉ်

ZCD ပါတီဝင် ပြည်နယ်အမတ်တစ်ဦး NLD ပါတီသို့ကူးပြောင်း

ZCD (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)ပါတီဝင် တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဒိတ်ခုပ်ဟာ ဧပြီလ (၆)ရက်နေ့တွင် NLD ပါတီသို့ကူးပြောင်းလိုက်တယ်လို့သတင်းရရှိပါတယ်။

ဦးထန်ဒိတ်ခုပ်က “ZCD ပါတီနဲ့ လုပ်ငန်းကိုင်ငန်းမှာ သဘောထားကွဲလွဲတာတွေရှိလို့ပါ။ ကျနော်လုပ်သမျှကို အကောင်းရှိရင်တောင်မှ ကောင်းတယ်လို့မပြောဘူး။ နှောက်အယှက်တော်တော်များတယ်လေ။ လုပ်ရည်ကိုင်ရည်မှာ ကျနော်တို့ အိုင်ဒီယာမတူလို့ပေါ့။ အဓိက လူကြီးလာရင်တင်ပြတဲ့ဟာတွေကို လူကြီးနဲ့စကားပြောရင် တင်ပြတယ်။ ဒါကို ZCDပါတီရဲ့ ဆုံးဖြတ်ချက်လည်းမဟုတ်။ ဆွေးနွေးတိုင်ပင်မှုလည်းမရှိပဲ ဘာလို့အဲ့ဒါတွေတင်ပြတာလဲ ဆိုတာမျိုးပေါ့။ တားမြစ်တာတွေတော်တော်များတယ်။ ကျနော်လည်း လူကြီးနဲ့မတွေ့ခင်ဘာတွေတင်ပြမလဲဆိုတာ သတိမထားမိဘူးလေ။ တွေ့တဲ့ခါကျမှ စကားစပ်မိတာတွေ၊ အကူအညီတောင်တာတွေ တော်တော်များတယ်။ ဘုရားသခင်ကျေးဇူးတော်ကြောင့် ရှေ့ရောက်တဲ့ဟာတွေများတဲ့တွက်ကြောင့် သူတို့က မကျေမနပ်ဖြစ်သွားတာ။ ဒီချုပ်အမတ်တွေက ကျနော့်စွမ်းဆောင်ရည်ကို ပေါက်ရောက်တယ်လို့ချီးကျူးကြတယ်။ သူတို့က အဲ့လိုမလုပ်နဲ့ဆိုတာများတော့ ကျနော်လည်း အဲ့လိုမလုပ်ရင် ဒေသတွက်ဘာမှမစွမ်းဆောင်နိုင်ဘူးဆိုပြီး ကျနော်လည်း သူတို့နဲ့လက်မတွဲချင်တော့ဘူး။ သူတို့က ဖက်ဒရယ်။ ဒီမိုကရေစီပဲပြောနေတာလေ။ ဒေသတွက်လိုအပ်တာတွေမပြောဘူးလေ။ ဒါတွေလုပ်စရာမလိုဘူး။ အလိုလိုလာမယ်လို့ပဲပြောတယ်” လို့ပြောပါတယ်။

ဦးထန်ဒိတ်ခုပ် (၆၁နှစ်)ဟာ အရင်က ဧဝံဂေလိတရားဟောဆရာလုပ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ZCDပါတီက ၎င်းတို့ပါတီကိုယ်စားလှယ်အနေနဲ့ဝင်ရောက်အရွေးခံရန် ဖိတ်ကြားခဲ့တာကြောင့် နိုင်ငံရေးလောကထဲသို့ဝင်ရောက်လာတာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအရွေးခံတော့မှာမဟုတ်ဘဲ ဘုရားအမှုတော်ပြန်ဆောင်မယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး ဦးထန်ဒိတ်ခုပ်က “ကျနော်လုပ်သမျှ ဒီချုပ်ပါတီကချီးကျူးတယ်။ ပြည်ထောင်စုမှာလည်း ဆွေးနွေးတာတွေ အားလုံးကထောက်ခံတယ်။ ချင်းပြည်နယ်အစိုးရ အဆိုတွေထောက်ခံတယ်။ ဒါကြောင့် သူတို့နဲ့ လက်တွဲလို့ရတဲ့သဘောပေါ့” လို့ပြောပါတယ်။

သုံးနှစ်ကြား သက်တမ်းအတွင်း ပြည်နယ်လွှတ်တော်မှာ မေးခွန်း (၃၀)ကျော်၊ အဆို (၂)ခုတင်ပြထားပါတယ်။ ZCDပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၄)ဦး နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦးရရှိခဲ့တယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်