ပိတ်မိနေတဲ့ ညီမကိုကယ်ထုတ်ဖို့သွားစဉ် ရင်အုံမှာပစ်ခတ်ခံရတာဟုဆို

ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ဒီမနက် ပစ်သတ်ခံရတဲ့ ဆလိုင်းကျူံးလျန်ကျဲအိုဟာ ဆန္ဒပြပွဲတွင်ပိတ်မိနေတဲ့ ၎င်းညီမဖြစ်သူ သွားကယ်ဖို့ဆိုင်ကယ်နဲ့သွားစဉ် ပစ်သတ်ခံရတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ကျဆုံးသူ ဆလိုင်းကျူံးလျန်ကျဲအိုရဲ့ ညီမက “ကျမတို့ ဆန္ဒပြစစ်ကြောင်းကို စစ်တပ် နဲ့ ရဲက ဖြိုခွင်းလို့ သူများအိမ်မှာ လိုက်ပုန်းနေကြတယ်။ ရဲနဲ့ စစ်တပ်ကလည်း လမ်းတွေပိတ်စို့ထားတယ်။ အစ်ကိုနဲ့ ပိတ်မိနေတဲ့အကြောင်း SMS နဲ့စကားပြောကြတယ်။ သိပ်မကြာဘူး။ ကျမအစ်ကိုသေနတ်ထိသွားတဲ့အကြောင်းကြားရတယ်” လို့ပြောပါတယ်။

ဆလိုင်းကျူံးလျန်ကျဲအိုဟာ ကျည်ဆံနဲ့ ညာဘက် ရင်အုံအပေါ်ဘက်တွင်ထိပြီး အနောက်ဘက်သို့ ကျည်ပွင့်ထွက်သွားတယ်လို့ ၎င်းဖခင်ကပြောပါတယ်။

ကျဆုံးသူ ဆလိုင်းကျူံးလျန်ကျဲအိုရဲ့ ဖခင်က “အဖေညီမက ပိတ်မိနေတယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတယ်။ သူက မောင်နှမထဲမှာ အကြီးဆုံး။ မန္တလေးမှာတော့ ဆန္ဒပြတဲ့ထဲပါလေ့ရှိတယ်။ ကလေးမြို့ရောက်လာတာ တစ်ပတ်တောင်မပြည့်သေးဘူး။ သိပ်မကြာဘူး။ သေနတ်ဒဏ်ရာနဲ့အိမ်ကိုရောက်လာပြီး အဖေ ဗိုက်တအားနာတယ်လို့ပြောတယ်။ အသင်းတော်က ကားကိုသွားခေါ်ခိုင်းတာ သူတို့လည်းဒီလိုအခြေအနေဆိုတော့ ချက်ချင်းမရောက်လာနိုင်ဘူး။ အိမ်ကိုကားလည်းရောက်လာရော ကျူံးသဲလည်းအသက်ရှုရပ်သွားတယ်။ ဘယ်နေ့ သဂြိုလ်ရမလဲဆိုတာလည်း မပြောနိုင်သေးဘူး” လို့ပြောပါတယ်။

စစ်သားနဲ့ ရဲတွေဟာ တောင်ဖီလာရပ်ကွက်က အမဲသားခုံက လူ ၃ ယောက်လည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။

မနေ့ညနေ ၆ နာရီခွဲတွင် ဖလမ်းမြို့ကနေ စစ်သားတွေ တင်ဆောင်တဲ့ စစ်ကား ၅ စီးနဲ့ ပစ္စည်းတင်တဲ့ စစ်ကားတစ်စီး အရှေ့ဘက် (ကလေးမြို့ဘက်)ကို ဦးတည်ပြီး မြို့တွင်းမှာ ပုံမှန်ထက်ပိုမြန်တဲ့ တစ်နာရီ ကီလို ၅၀ နှုန်းနဲ့ သွားနေကြတယ်လို့ ဒေသခံတွေထံမှ သတင်းရရှိပါတယ်။ စစ်ကား တစ်စီးတွင် စစ်သား ၃၀ ခန့်လိုက်ပါတယ်လို့ ခန့်မှန်းရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်