ကိုဗန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို (၁၅)နှစ်ကျော်ကြာ အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှတ်ဟာဆီနာဟာ ရာထူးကနေ နှုက်ထွက်ပြီး အိန္ဒိယကို တိမ်းရှောင်ထွက်ပြေးသွားပါပြီ။
ဘင်္ဂလားဒေ့ရှ် လူဦးရေသည် သန်း(၁၇၀)နီးပါးရှိပြီး (၂၈)ရာခိုင်နှုန်းဟာ အသက်(၁၈)ကနေ (၂၉)နှစ်ကြား လူငယ်တွေပါ။
ဒီလို လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွက် ရုန်းကန်နေရစဉ် လစာကောင်းမွန်တဲ့ နိုင်ငံအစိုးရဝန်ထမ်းအလုပ်(၃၀)ရာခိုင်နှုန်းကို သီးသန့်ပေးဖို့ ပြင်ဆင်ရာကနေ နိုင်ငံတဝှမ်းအကြီးအကျယ်ဆန္ဒပြမှုတွေကို စတင်တွေ့ကြုံခဲ့ရတာပါ။
တကယ်တမ်းကြတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံရေးပဋိပက္ခဟာ ၂၀၂၃ ခုနှစ်ကတည်းက တာစူနေပါပြီ။ တအုံအုံ ဖြစ်လာရတဲ့ နိုင်ငံရေးပြဿနာဟာ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်နေရာတွက် တချိန်က နိုင်ငံတွက် အကျိုးပြုခဲ့တဲ့ ဝန်ထမ်းသားသမီးတွေ၊နည်းပါးတဲ့ မျိုးနွယ်စုတွေနဲ့ တခြားလူတန်းစားတချို့ကို (၃၀)ရာခိုင်နှုန်းပေးဖို့ အတည်ပြုတဲ့ ကိစ္စကြောင့် နောက်ဆုံး ဝန်ကြီးချုပ်ဟာ ရာထူးကနေ နှုက်ထွက်ပြီး နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့အထိဖြစ်လာပါတယ်။
(၁၅)နှစ်တိုင် အာဏာကိုင်စွဲ အုပ်ချုပ်လာခဲ့တဲ့ ဆီနာ ဟာ နောက်ဆုံးရွှေးကောက်ပွဲမှာလည်း အတိုက်အခံတွေ ဝင်မပြိုင်တာကြောင့် အပြတ်အသက် အနိုင်ရခဲ့တယ်။
သို့သော်လည်း တဖက်မှာ အတိုက်အခံတွေကို ဖိနှိပ်ခဲ့တဲ့ သူမဟာ နောက်ဆုံး တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့ရပါပြီ။
ဝန်ကြီးချုပ်ဟောင်း ဟာ ရာထူးက ထွက်သွားလို့ နောက်တက်မယ့် အစိုးရသစ်အတွက်လည်း စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။
အထိကရုန်းတွေကြောင့် နစ်နာသွားခဲ့ရတဲ့ စီးပွားရေးကဏ္ဍများ
လူဦးရေသန်း(၁၇၀)ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ကာလနောက်ပိုင်း စီးပွားရေးကဏ္ဍမှာ နလန်ပြန်ထူဖို့ အတော်ကို ရုန်းကန်နေခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ တဟုန်းထိုး မြင့်တက်လာပြီး လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့ရတယ်။
ဝန်ကြီးချုပ် ရှက်ဟာဆီနာ ကို ထောက်ခံသူအုပ်စုတွေကလည်း တန်ပြန်ရမ်းကားခဲ့ကြတော့ ပိုဆိုးဝါးလာကုန်တာပါ။
တဟုန်းထိုးကြီးထွားလာတဲ့ အထိကရုန်းဖြစ်စဉ်ကြောင့် နိုင်ငံတဝှမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နားသွားခဲ့တယ်။ မြို့တော် ဒါကာ ကို ကုန်စိမ်းသီးနှံတင်ပို့တဲ့ ကားတွေ အကုန်ရပ်ဆိုင်းသွားလို့ တောင်သူတွေ အထိနာသွားခဲ့တယ် လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားတယ်။
ဒါအပြင် ဘင်္ဂလားဒေ့ရှ် ရဲ့ အကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ စစ်တကောင်းဆိပ်ကမ်းလည်း ကုန်တင်ပို့နိုင်မှု လျော့ကျသွားတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက် ဖြတ်တောက်ပစ်လိုက်တာကြောင့် နိုင်ငံတကာငွေကြေးလွဲပြောင်းမှုတွေ၊ ဘဏ်လုပ်ငန်းတွေ နဲ့ Digital payment စနစ်တွေ အကုန်ရပ်ဆိုင်းသွားခဲ့တယ်။
ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ခဲ့တာမို့ ထုတ်ကုန်စက်ရုံ၊အလုပ်ရုံအများစုဟာ အလုပ်ချိန်တွေ လျော့ချလိုက်ရတဲ့ ဖြစ်စဉ်ကြောင့် ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ မြင့်တက်လာတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက နိုင်ငံခြားငွေရရှိမှု လမ်းကြောင်းဟာ အထည်ချုပ်လုပ်ငန်း ဖြစ်ပြီး နိုင်ငံလူဦးရေ(၆၀-၈၀)ရာခိုင်နှုန်းကို အကျိုးပြုနေတာပါ။ အလုပ်ချိန်တွေ လျော့ချလိုက်ရမှု၊စက်ရုံတွေ ပိတ်ထားမှုအပြင် အင်တာနက်ပြတ်တောက်မှုကြောင့် နိုင်ငံတကာက အဝတ်အထည်လုပ်ငန်းတွေနဲ့ ချိတ်ဆက်နိုင်မှုတွေပါ ပြတ်တောက်သွားခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထိကရုန်းကြောင့် နိုင်ငံရဲ့ အကြီးမားဆုံး ပြည်ပပို့ကုန်လုပ်ငန်းဖြစ်တဲ့ အထည်လိပ်လုပ်ငန်းကိုလည်း ထိခိုက်သွားစေတာ တွေ့ရတယ်။
ပိတ်ဆို့တားဆီးမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးဟာ တစ်ရက်ကိုတာကာငွေ (၆၅) ဘီလီယံ (ဒေါ်လာ ၅၈၈ သန်း) ဆုံးရှုံးစေခဲ့တယ် လို့လည်း ဘင်္ဂလားဒေ့ရှ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FBCCI) က ပြောထားပါတယ်။
နောက်အရေးကြီးဆုံးအချက်က နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှု လျော့ကျသွားစေခဲ့တာပါ။ ဒါဟာ နိုင်ငံခြားအရံငွေကြေးလိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စိုးရိမ်စရာကောင်းနေပါတယ်။
နှစ်စဉ်ငွေကြေးဖောင်းပွမှုက ၂၀၂၃-၂၄ဘဏ္ဍာရေးနှစ်မှာ (၉.၇၃)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး (၁၂)နှစ်အတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှု ဖြစ်လာခဲ့တယ်။
နိုင်ငံရဲ့ အရံငွေကြေးကလည်း ကိုဗစ်ကာလမတိုင်ခင်က အမေရိကန်ဒေါ်လာ(၂၄)ဘီလီယံကျော် ရှိနေရာကနေ ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ဒေါ်လာ (၂၁.၇၈)ဘီလီယံကျော်သာ ကျန်ရှိနေပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအခြေအနေဟာ အလုပ်လက်မဲ့ များပြားနေမှု၊ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုတို့ရဲ့ ဂယက်ကို ဖော်ပြနေပြီး လူငယ်တွေဟာ အပြောင်းအလဲကို ပိုလိုလားနေကြတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။
အစိုးရသစ်က ဦးစားပေးလုပ်ရမယ့် စီးပွားရေးလုပ်ငန်းစဉ်တွေ
ဝန်ကြီးချုပ်ဟောင်းဆီနာ နှုက်ထွက်ပြီးနောက် နိုင်ငံကို ဦးဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေက နိုဘယ်ဆုရှင် လည်း ဖြစ် စွန့်ဦးတီထွင်လုပ်ငန်းရှင်လည်း ဖြစ်တဲ့ မိုဟာမက်ယူနွယ်ကို တောင်းဆိုထားကြပါတယ်။
လက်ရှိကာလမှာတော့ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးပေါင်းပြီး နိုင်ငံရဲ့ ယာယီအစိုးရအဖြစ်တာဝန်ယူမယ် လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
အစိုးရသစ်ရဲ့ စိန်ခေါ်မှုတွေက ငွေကြေးဖောင်းပွမှု မြင့်မားတာ၊ နိုင်ငံခြားငွေ အရံငွေများ ကျဆင်းတာ၊ ပုံသေချေးငွေများ၏ အတိုးနှုန်းမြင့်နေတာ၊ဘဏ်လုပ်ငန်းကဏ္ဍမှာ အုပ်ချုပ်မှု ညံ့ဖျင်းနေတာနဲ့ နိုင်ငံမှာ ရှိတဲ့ အကျင့်ပျက်ခြစားမှုတို့ကို ပြုပြင်ပြောင်းလဲ ဖို့တွေ ဖြစ်တယ် လို့ ဆိုပါတယ်။
နိုင်ငံကနေ စွန့်ခွာသွားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှတ်ဟယဆီနာဟာ သူအုပ်ချုပ်ခဲ့တဲ့ (၁၅)နှစ်အတွင်း စီးပွားရေးတွေ တိုးတက်သင့်သလောက် တိုးတက်ခဲ့ပါတယ်။
သို့သော် အာဏာရှင်ဆန်လာပြီး အတိုက်အခံတွေကို နှိမ်နင်းတာ၊ သူ့လူတွေကို ပိုပြီး နေရာပေးလာတာ၊ ဆန့်ကျင်သူတွေကို ဖိနှိပ်တာတွေကြောင့် အခုလို နိုင်ငံကနေ ထွက်ပြေးရတဲ့ အဆင့် ဖြစ်လာခဲ့တာပါ။
ဝန်ကြီးချုပ်ဟောင်း ရှတ်ဟာစီနာဟာ သူအုပ်ချုပ်ခဲ့စဉ် သက်တမ်းတလျှောက် တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်းထူထောင်ခဲ့သလို ချေးငွေအများအပြားကိုလည်း ရယူခဲ့တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်ဆီကနေ အမေရိကန်ဒေါ်လာ(၆.၁)ဘီလီယံ ချေးယူထားပြီး တရုတ်ဆီက ချေးငွေအများဆုံးယူထားတဲ့ နိုင်ငံစာရင်းမှာ အဆင့်(၇)ရပ်တည်ထားတယ်။
အာဏာရှင် တဖြေးဖြေးဆန်လာတဲ့ ဝန်ကြီးချုပ်ဟောင်း ရှတ်ဟာစီနာ ဟာ နောက်ထပ် ရာထူးသက်တမ်းကို လက်ခံနေချိန်မှာကတည်းက နိုင်ငံရေးအပြောင်းအလဲကို လူထုက လိုချင်နေကြတာပါ။
ပုဂ္ဂလိကစီးပွားရေးကဏ္ဍက အားကောင်းလာနေပေမယ့် နှစ်စဉ် ဘွဲ့ရလူငယ်(၄)သိန်းကျော်ဟာ အစိုးရအလုပ်နေရာ(၃၀၀၀)ကျော်အတွက် ပြိုင်ဆိုင်နေကြရချိန် နေရာ(၃၀)ရာခိုင်နှုန်းကို သီးသန့်ပေးဖို့ ပြင်ဆင်မှုက ကြီးမားတဲ့ ရိုတ်ခတ်မှု ဖြစ်သွားစေခဲ့တယ်။
နောက်ဆက်တွဲ စီးပွားရေးဆုံးရှုံးမှုတွေကို နလန်ထူနိုင်ပါ့မလား
လက်ရှိ ယာယီအစိုးရအဖြစ် ခေါင်းဆောင်နေရာ ရယူတဲ့ မိုဟာမက် ယူနွက်အတွက်လည်း ကြီးမားတဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ရင်ဆိုင်ရမှာပါ။
ဆင်းရဲတဲ့ လူထုနဲ့ အမျိုးသမီးတွေကို ချေးငွေဖန်တီးပေးပြီး အောင်မြင်တဲ့ စီးပွားရေးစနစ်ကို လုပ်နိုင်ခဲ့တဲ့ သူ့အတွက် နိုင်ငံ့စီးပွားရေးကို ထိန်းကြောင်းဖို့ ကြိုးစားရတော့မှာပါ။
တစ်လအတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ပျက်သွားခဲ့သလို စီးပွားရေးကဏ္ဍမှာလည်း ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရေးဟာ မြန်မာအတွက်လည်း စဉ်းစားစရာတွေ ပေးနေမှာပါ။
ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်ကဏ္ဍဟာ အမေရိကန်ဒေါ်လာဘီလီယံချီ နစ်နာဆုံးရှုံးခဲ့ရတယ် လို့ ခန့်မှန်းထားတာမို့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ တသီကြီးခံစားလာရနိုင်တယ်။
ငွေကြေးဖောင်းပွမှု၊အရံငွေကြေးလျော့နည်းနေမှုကို ကြုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် နောက်ထပ် ငွေကြေးဖောင်းပွမှုဒါဏ်ကို ခံရလာနိုင်ခြေ မြင့်မားနေပါတယ်။
အကယ်လို့ နိုင်ငံရေးဟာ ဆက်ပြီး မတည်မငြိမ်ဖြစ်နေအုံးမယ်ဆိုရင် ပို့ကုန်ရငွေအတွက် အကြီးအကျယ်အားထားနေရတဲ့ အထည်ချုပ်လို ကဏ္ဍတွေ ဆက်ဒုက္ခရောက်သွားနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍကို အစားထိုးဝင်ယူဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယလို နိုင်ငံကြီးတွေအပြင် အာဆီယံနိုင်ငံတွေ၊ အာဖရိက ကနိုင်ငံတွေလည်း ရှိနေတာမို့ အသေအချာပြင်ဆင်ထားဖို့ လိုပါတယ်။
မည်သို့ဆိုစေ ဘင်္ဂလားဒေ့ရှ် ကတော့ သမိုင်းသစ် မှတ်တမ်းရေးထိုးသွားခဲ့ပြီ ဖြစ်သလို ယာယီအစိုးရက စီးပွားရေးကို ထိန်းကြောင်းနိုင်ပါမလား ဆိုတဲ့ မေးခွန်းက စိန်ခေါ်မှုပါ။
တဖက်မှာ အိမ်နီးချင်း မြန်မာအရေးကလည်း ရှိနေတာမို့ မြန်မာလို ဖြစ်မသွားဖို့ သူတို့လည်း ကြိုးစားပြင်ဆင်ကြရမှာ ဖြစ်သလို လူငယ်တွေ မျော်လင့်နေတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းကို အချိန်မှီ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေတယ်။
တကယ်လို့ စီးပွားရေးကဏ္ဍကို ဘင်္ဂလားဒေ့ရှ် အစိုးရသစ်က တိုးတက်အောင် မလုပ်နိုင်ရင် နောက်ထပ် ဆန္ဒပြမှုတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေ ရင်ဆိုင်ရဖွယ် ရှိနေတယ်။
ဒါအပြင် ဘင်္ဂလားဒေ့ရှ် စစ်တပ်အနေနဲ့ကလည်း တကြော့ပြန်အာဏာရယူသွားတာမျိုးလည်း ကြုံရနိုင်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ပြဿနာက အာရှတလွားကို ကြီးကြီးမားမား ရိုတ်ခတ်သွားနိုင်တဲ့ အခြေအနေမျိုးပါ။
ဒီလို မဖြစ်လာဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရဟာ စီးပွားရေးကို ဘယ်လိုစွမ်းဆောင်ရည်မျိုးနဲ့ ဦးဆောင်ပေးနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာပါ။