၄ နှစ်အတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ ကျော်သေဆုံးပြီး လူနေအိမ် ၁၃၀၀ ကျော်ပျက်စီးခဲ့

၄၊ မတ်လ၊ ၂၀၂၅

Zalen

အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၄ နှစ်ကျော်ကာလမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၂၈၀ ကျော်သေဆုံးခဲ့ရသလို လူနေအိမ် ၁၃၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က မတ်လ ၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။

Institute of Chin Affairs – ICA ရဲ့စာရင်းပြုစုချက်တွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးများနေထိုင်တဲ့ဒေသများကို လေကြောင်းတိုက်ခိုက် ခဲ့တဲ့ အချက်အလက်တွေဖြစ်ပါတယ်။

၄ နှစ်တာကာလမှာ အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈၀ ကျော်ပြုလုပ် ခဲ့ပြီး ရဟတ်ယာဉ် အစီး ၃၀ ကျော်၊ တိုက်လေယာဉ်နဲ့အခြားစစ်တပ်သုံးယာဉ် ၃၃၀ ကျော် အားလုံးပေါင်း လေယာဉ်အစီး ၄၀၀ ကျော်ဖြင့် ဗုံးအလုံးရေ ၉၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းက လူနေအိမ် ၄၀၆ ကျော်၊ ဘာသာရေးအဆောက်အအုံ ၂၃ လုံး နဲ့ အစိုးရအဆောက်အအုံ ၃၀ ကျော်ပျက်စီးခဲ့ပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၀၀ ကျော်၊ ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၂၅၀ ကျော် ဒဏ်ရာရခဲ့ တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးများနေထိုင်တဲ့ အရပ်ဒေသမှာ ၄ နှစ်တာကာလအတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော်ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ် အစီး ၂၀၊ တိုက်လေယာဉ် နဲ့ အခြားသေစစ်တပ်သုံးယာဉ် ၈၀ ကျော် အားလုံးပေါင်းလေယာဉ် အစီး ၁၀၀ ကျော်ဖြင့် ဗုံးအလုံးရေ ၄၀၀ ကျော် ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ် ၉၇၈ ကျော်၊ ဘာသာရေးအဆောက်အအုံ ၁၆ လုံးနဲ့အစိုးရအဆောက်အအုံ ၁၀ လုံးကျော်ပျက်စီးခဲ့ရပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုးအရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ထက်နည်းသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၂၄၀ ကျော်ရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ၄ နှစ်တာကာလ အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ကက ချင်းလူမျိုးအရပ်သားပြည်သူ ၂၀၀ ကျော်၊ ချင်းအမျိုးသားတော်လှန်ရေးတပ်ဖွဲ့ ၈၀ ကျော် အားလုံးပေါင်း ၂၈၀ ကျော်သေဆုံးခဲ့ရပြီး ၄၅၀ ကျော်ဒဏ်ရာရခဲ့သလို ချင်းလူမျိုးများရဲ့လူနေအိမ် ၁၃၈၄ ကျော်၊ ဘာသာရေးအဆောက်အအုံ ၃၉ လုံးနဲ့ အစိုးရအဆောက်အအုံ ၄၀ ကျော်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။

ICA ရဲ့စာရင်းအရ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူများထဲမှာ ၂၉ ရာခိုင်နှုန်း ဖြစ်တဲ့ ၈၀ ဦးသာတော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်ကြပြီးတော့ ကျန်တဲ့ ၂၀၀ ကျော် ၇၁ ရာခိုင်နှုန်းက အရပ်သား ပြည်သူများဖြစ်တာကြောင့် စစ်ကောင်စီဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းအများ အရ International Humanitarian Law- IHL နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ စည်းမျဉ်း များကိုချိုးဖောက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်