ကလေးမြို့နယ်မှာ ဝက်နာကျဖြစ်ပြီးဝက်အချို့သေဆုံး

ကလေးမြို့နယ်မှာ ဝက်နာကျဖြစ်ပြီးဝက်အချို့သေဆုံး

ကလေးမြို့နယ် အချို့ဒေသများတွင် Actinobacillus Suis ဆိုတဲ့ရောဂါတစ်မျိုးကျနေပြီး ဝက်အချို့သေဆုံးနေကြောင်း သတင်းရရှိပါတယ်။

ဇူလိုင်လ တတိယပတ်ကစပြီး ကလေးမြို့နယ် ချင်းစုကျေးရွာမှဝက်များစတင်ဖျားနာပြီး ရောဂါကြောင့်သေဆုံးသွားတဲ့ဝက်ရဲ့အသားဝကို မန္တလေးမြို့ဓာတ်ခွဲခန်းသို့ ဇူလိုင်လ ၂၇ ရက်နေ့တွင်ပို့ကြပါတယ်။

ကလေးမြို့အနောက်မြောက်မှာရှိတဲ့ ချင်းစုကျေးရွာက ဝက်နာကျတွေရဲ့ရောဂါလက္ခာဏာကတော့ အရေးပြားပေါ်မှာအဖုလေးတွေပေါ်လာကာ ရက်ကြာလာတဲ့ချိန်မှာအစားမစားတော့ဘဲသေဆုံးကြပါတယ်။

ချင်းစုကျေးရွာရှိ ဝက်နာပိုင်ရှင်တစ်ဦးက “အစမှာတော့ အိမ်ဘေးနားကဝက်တွေဖျားကြတယ်။ သိပ်မကြာဘူး ကျနော်တို့ဝက်လည်းကူးလာတယ်။ သူတို့က အရေးပြာပေါ်မှာ အဖုလေးတွေပေါက်တယ်။ အစားလည်းသိပ်မစားချင်ကြဘူး။ လှုပ်ရှားမှုလည်းသိပ်မရှိဘူး။ အခုတော့ရောင်းလိုက်ပြီး ညနေပိုင်းလာဆွဲသွားမယ်။ အခုကျနော်တို့ရွာက ဝက်တွေရဲ့ သုံးပုံနှစ်ပုံကဝက်နာကျဖြစ်နေတယ်။ သေတာလည်းမနည်းဘူး” လို့ပြောပါတယ်။

လက်ရှိအချိန်ထိ ကလေးမြို့ အနောက်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်တောင်ဘက်နေရာက ဝက်များတွင် အခုလိုမျိုးရောဂါဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရပါတယ်။

ကလေးမြို့နယ် တိ၊ကုဦးစီးဌာနဦးစီးမှူး ဦးဇီးရာက “၂၀၁၆ ခုနှစ်ကဖြစ်တဲ့ရောဂါတွေပြန်ပေါ်လာတာပါ။ ဒီရောဂါက ဝက်ပေါက် ၈ လအောက်တွေရိုးတွင်းချည်ဆီရောဂါတစ်မျိုးပါ။ ဒါပေမယ့် ထူးခြားကတာ အခုတော့ ဝက်ကြီးတွေလည်းဖြစ်နေတယ်။ ဒီရောဂါက ရိုးတွင်းချည်ဆီထဲမှာရှိတော့ ဆေးထိုးရင်လည်းသိပ်မထိရောက်ဘူး။ သူက နှလုံးသွေးကြောရောင်ပြီးတော့ နှလုံးလည်ပတ်မှုမကောင်းလို့သေဆုံးကြတာဖြစ်တယ်။ ဒီရောဂါက လူတွေကို မကူးစက်နိုင်ဘူး။ ချင်းစုရွာမှာ ကျနော်သွားမကုခင် ဝက် ၁၄ ကောင်သေပြီ။ သွားကုပြီးတဲ့နောက် တစ်နေ့ ၂ ကောင်နှုန်းသေပြီးတော့အခုတော့ တော်တော်လေးသက်သာသွားပြီ” လို့ပြောပါတယ်။

ကလေးမြို့ အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာကျေးရွာ)က ဝက်ပိုင်ရှင်တစ်ဦးက “ဝက်နာကျဖြစ်တဲ့နေရာတွေသိသလောက်တော့ စက္ကန့်ရွာ၊ ရှားတော၊ စီးစံ၊ မွန်လိုင် တွေမှာဖြစ်နေတယ်လို့ကြားတယ်။ အခုလည်း ကျမတို့အိမ်ဘေးကပ်ရပ်က ဝက်တွေလည်း တစ်အိမ်ထဲ ၄ ကောင်သေပြီ။ ကျမတို့ဝက်မလည်း ကိုယ်ဝန်လွယ်ထားပေမယ့် ရောဂါမိတာကြောင့်ကိုယ်ဝန်လည်းပျက်ကျတယ်။ ရောဂါဖြစ်တာက အရင်ကပတ်ကစတင်ဖြစ်တာ။ ရောဂါလက္ခဏာက နှာစေးကြတယ်၊ ကိုယ်ပူတယ်၊ အစားမစားချင်တော့ကြာလာရင် အားပျက်သေသွားတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်