ဇူလိုင် ၁၇၊ ၂၀၂၆
Zalen
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတဲ့အပြင် အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်း၊ ဂျက်ခမ်းပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ချင်းပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်အတော်များများမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီနေ့ကနေ လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့အတွင်း ချင်းပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၂ ပေခန့်အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ နှိုးဆော်ထားပါတယ်။
တပြိုင်နက်တည်းမှာပဲ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု သွားလာကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။
Emily
#Weather#မိုးကြီးမည်#ချင်းပြည်နယ်#မြေပြိုမှုအန္တရာယ်#Zalen




