ဇူလိုင် ၁၄၊ ၂၀၂၆
Zalen
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လအစောပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်မယ်လို့ အဆီယံသတင်းအရင်းမြစ်များက ပြောပါတယ်။
မင်းအောင်လှိုင် ဟာ ဧပြီလမှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုကို ဒုတိယအကြိမ်မြောက် သွားရောက်တာဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီး စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးနောက် ၎င်းရဲ့ ပထမဆုံးသော အာဆီယံနိုင်ငံ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ လအစောပိုင်းက လာအိုနိုင်ငံ သွားရောက်ခဲ့ပါတယ်။
သတင်းရင်းမြစ်များကမူ ထိုင်းနိုင်ငံခရီးစဉ်ရဲ့ အသေးစိတ်အစီအစဉ်တွေကို ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီးမှာ မြန်မာနိုင်ငံအား နှစ်စဉ်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေက ပယ်ထုတ်ထားခဲ့ရပါတယ်။
အခုအခါမှာ အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ထိုင်းနိုင်ငံက အားထုတ်ဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ အာဏာသိမ်းမှုအပြီးမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးအပါအဝင် “ဘုံသဘောတူညီချက် ၅ ချက်” ကို ချမှတ်ခဲ့ပါတယ်။
အဆိုပါအချက်အပေါ် တိုးတက်မှုမရှိတာကြောင့် ၂၀၂၁၊ အောက်တိုဘာလမှာ မင်းအောင်လှိုင်ကို နှစ်စဉ်ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးမှာ မြန်မာနိုင်ငံက ဦးတင်မောင်ဆွေ အပါအဝင် တက်ရောက်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မြန်မာနိုင်ငံကို အဆိုပါ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရန်အတွက် ခိုင်မာသော အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဝန်ကြီး Sihasak ဟာ အစည်းအဝေးပွဲအတွင်း ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးရာကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဧပြီလက ဘန်ကောက်မြို့မှာ ကျင်းပတဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။
ကိုးကား-ဘန်ကောက်ပိုစ်း
သတင်း-ဆလိုင်း




