ပလက်ဝနဲ့ ရခိုင်စစ်ဘေးရှောင်တွေကို ကန်ဒေါ်လာ ၁၂ မီလီယံကျော်ကူညီမယ်

ပလက်ဝနဲ့ ရခိုင်စစ်ဘေးရှောင်တွေကို ကန်ဒေါ်လာ ၁၂ မီလီယံကျော်ကူညီမယ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂ မီလီယံကူညီမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက သြဂုတ်လ (၂၉)ရက်တွင်ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာပြောကြားပါတယ်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ (၂၉.၈.၂၀၁၉)တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ မှုများ ပေးရန်” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဖြေကြားလိုက်တာပါ။

ဒေါက်တာဝင်းမြတ်အေးက “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပေါ်လာသော နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများအတွက် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများမှ Supplemental Response Plan For Myanmar(New Displacement In Rakhine and Chin States)(SRP) မူကြမ်းကို ရေးဆွဲတင်ပြခဲ့ပြီး အဆိုပါအစီအစဉ်၌ အစားအသောက်လုံခြုံမှု၊ အစာအာဟာရ၊ အခိုအကာနှင့် အစားအသောက် မဟုတ်သည့် အခြားပစ္စည်းများထောက်ပံ့ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေး၊ ပညာရေး စသည့်လုပ်ငန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ပူးပေါင်းကာ မြန်မာနိုင်ငံအစိုးရနှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လျာထား အမေရိကန်ဒေါ်လာ(၁၂.၂)မီလီယံအနက် (၅)မီလီယံရရှိပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ အသေးစိတ်လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်ရန် လျာထားမှုများအား ဆွေးနွေးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် မိမိတို့ဝန်ကြီးဌာန၌ Supplemental Response Plan For Myanmar(New Displacement In Rakhine and Chin States)(SRP)နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးတွေ့ရှိချက်များနှင့် ပတ်သက်၍ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ပြီးဖြစ်သည့်အတွက် လုံခြုံရေး အခြေအနေအရ ဆောင်ရွက်နိုင်သည်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်ကာ ဆောင်ရွက်ခြင်းဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီပံ့ပိုးသွားမည်ဖြစ်ပါကြောင်း” လို့ဖြေကြားထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AAတို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ(၁၃၄၀)ဦးတို့သည် နေရပ်စွန့်ခွာ၍ နီးစပ်ရာကျေးရွာများ၌ ခေတ္တအခြေချ နေထိုင်လျက်ရှိပြီး တိုက်ပွဲရှောင်စခန်း သီးခြားဖွင့်လှစ်ထားခြင်း မရှိသေးပါ။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်