
ဇူလိုင် ၁၀၊ ၂၀၂၆
Zalen
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဒေသခံများ စစ်ဘေးရှောင်ရာမှနေရပ်ပြန်လာပြီးနောက် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်သေးပေမယ့် ဆန်ဈေးနှုန်းများ စစ်ဘေးမရှောင်မီကာလကထက် သိသိသာသာ မြင့်တက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
လက်ရှိတွင် ကလေးမြို့မှ တင်သွင်းလာတဲ့ ARB ကော်ချက်ဆန် တအိတ်ကို ၁၈၀,၀၀၀ ကျပ်ရှိပြီးကော်ချက်မွှေးဆန် တအိတ်မှာ ၂၀၀,၀၀၀ ကျပ်ဖြင့် ရောင်းချနေပါတယ်။ စစ်မရှောင်မီ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ARB ကော်ချက်ဆန် တအိတ်ကို ကျပ် ၈၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့သဖြင့် လက်ရှိတွင် ဆန်ဈေးနှုန်း နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
“အစားအသောက်က မခက်ခဲဘူး။ ကိုယ့်ဟာကိုယ် ဝယ်စားတယ်။ ဈေးနှုန်းတော့မြောက်တာပေါ့ စစ်မရှောင်ခင်ကထက်ဈေးပိုကြီးလာတယ်၊ ARB ကော်ချက်က ၁၈၀,၀၀၀ ကျပ်ရှိတယ်။ ကော်ချက်မွှေးက ၂၀၀,၀၀၀ ကျပ်ရှိတယ်။ အကုန်လုံးက ကလေးမြို့ကနေ လာတာ” လို့ ဒေသခံတဦးက Zalen ကို ပြောပါတယ်။

ဖလမ်းမြို့သို့ သယ်ယူပို့ဆောင်ရေးအနေဖြင့် ဇွန်လ ၂၆ ရက်မှစတင်ကာ လိုင်းကားများ ပြန်လည်ပြေးဆွဲခဲ့ပေမယ့် လက်ရှိတွင် ယာယီရပ်နားထားတယ်လို့ဆိုပါတယ်။
ဖလမ်းမှ ကလေးမြို့သို့ ခရီးသည်ကားခမှာ ကျပ် ၂၀၀,၀၀၀ခန့်ရှိပြီး ကလေးမြို့မှ ဖလမ်းသို့ ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိရှိပါတယ်။
ဒါ့အပြင် လက်ရှိအချိန်အထိ ဖလမ်း-ကလေး လမ်းကြောင်းတွင် သွားလာရေးအခက်အခဲ မရှိသေးဘဲ ပုံမှန်သွားလာနိုင်ကြောင်း အဆိုပါဒေသခံက ပြောပါတယ်။
Vessy
ဓာတ်ပုံ-ပုံဟောင်း
#ဖလမ်းမြို့ #အခြေခံစားသောက်ကုန် #ဆန်ဈေး #Zalen













