ဇူလိုင် ၁၀၊ ၂၀၂၆
Zalen

ဆီးချိုရောဂါအတွက် ကမ္ဘာ့ပထမဆုံးအဖြစ် တပတ်ကို တကြိမ်ပဲ ထိုးဖို့လိုတဲ့ အင်ဆူလင်အသစ်ကို အိန္ဒိယက စတင်မိတ်ဆက်လိုက်ပါတယ်။
“Awiqli” လို့ ခေါ်တဲ့ ဒီဆေးအသစ်ဟာ ကမ္ဘာကျော် Novo Nordisk ဆေးဝါးကုမ္ပဏီကနေ ထုတ်လုပ်လိုက်တာပါ။
ဆီးချိုရောဂါ အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဝေဒနာခံစားနေရတဲ့လူနာတွေ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
အရင်က ဆီးချိုရောဂါအတွက် တစ်နှစ်ပတ်လုံး နေ့စဉ် ၃၆၅ ကြိမ်တောင် အပ်နဲ့ အင်ဆူလင် ထိုးနေရတာပါ။
အခု ဆေးအသစ်ကတော့ တစ်ပတ် တစ်ကြိမ်နှုန်းနဲ့ တစ်နှစ်မှာ ၅၂ ကြိမ်ပဲ ထိုးရတော့မှာမို့ ဆေးထိုးရမယ့်အကြိမ်ရေ သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။
နေ့တိုင်း ဆေးထိုးရမှာကို ကြောက်တဲ့ စိုးရိမ်စိတ်တွေ လျော့သွားမှာဖြစ်သလို၊ မေ့ကျန်ခဲ့တာမျိုးမရှိဘဲ ဆေးပတ်လည်အောင် ကုသမှုခံယူဖို့ ပိုပြီး လွယ်ကူသွားစေမယ်လို့ ဆိုပါတယ်။
သုတေသနတွေအရ ဒီဆေးက ခန္ဓာကိုယ်ထဲရောက်ရင် ဆေးအာနိသင်ကို တစ်ပတ်လုံး တည်ငြိမ်အောင် ဖြည်းဖြည်းချင်း ထွက်ပေးနိုင်ဖို့ သိပ္ပံပညာရှင်တွေ နှစ်ပေါင်းများစွာ ကြိုးစားပြီး အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယမှာ အခုလို မရောင်းချခင်ကတည်းက ဥရောပသမဂ္ဂ (EU)၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတွေရဲ့ ကျန်းမာရေးထိန်းချုပ်မှုဆိုင်ရာအဖွဲ့အစည်းတွေက ဘေးကင်းစိတ်ချရကြောင်း စစ်ဆေးပြီး ခွင့်ပြုချက်တွေ ပေးထားပြီးသား ဖြစ်ပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံမှာ ဆီးချိုဝေဒနာရှင်ဦးရေ သန်း ၁၀၀ (၁၀ ကုဋေ) ကျော်အထိ ရှိနေပြီး ကမ္ဘာပေါ်မှာ ဆီးချိုရောဂါဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံဖြစ်လို့ ဒီဆေးပေါ်လာတာဟာ လူနာတွေရဲ့ နေ့စဉ်ဘဝ လူနေမှုအဆင့်အတန်းကို အများကြီး မြှင့်တင်ပေးနိုင်မယ်လို့ ကျန်းမာရေးပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။
Helen
ကိုးကား – TIMESNOW
#Insulin#Injection#Onceweekly#India#Zalen


















