အမေရိကန်အစိုးရက အန္တရာယ်နည်းတဲ့ (Non-high-risk countries) နိုင်ငံတွေက နိုင်ငံရေး ခိုလှုံခွင့် (Asylum) လျှောက်ထားမှုကို ပြန်လည်စိစစ်မယ်

ဧပြီ ၁၊ ၂၀၂၆

Zalen

Zalen ad

အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) က ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှု လုပ်ငန်းစဉ်အချို့ကို ပြန်လည်စတင် စိစစ်တော့မယ့်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကာလအတန်ကြာ ရပ်ဆိုင်းနေတဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအတွက် မျှော်လင့်ချက်တရပ် ဖြစ်လာသော်လည်း လုပ်ငန်းစဉ်တွေ အားလုံးကို ပြန်လည်ဖွင့်လှစ်ပေးခြင်း မဟုတ်ဘဲ အဆင့်လိုက် စိစစ်သွားမယ်ဖြစ်တယ်လို့ သိရပါတယ်။

အခု ကြေညာချက်အရ USCIS အနေနဲ့ “အန္တရာယ်နည်းသော နိုင်ငံများ”  (Non-high-risk countries) ဟု သတ်မှတ်ထားတဲ့ နိုင်ငံတွေက လာရောက်လျှောက်ထားသူများကိုသာ ဦးစားပေးကာ စစ်ဆေးမှုများ ပြန်လည်စတင်မည်ဖြစ်ပါတယ်။

မည်သည့်နိုင်ငံတွေကို အန္တရာယ်နည်းသောနိုင်ငံများအဖြစ် သတ်မှတ်ထားတယ်ဆိုတဲ့ အသေးစိတ်စာရင်းကိုမူ USCIS ဘက်မှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးတဲ့တွက် လျှောက်ထားသူအကြား ဝေခွဲမရဖြစ်နေပါတယ်။

အခုလို Asylum လျှောက်ထားမှု လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းခဲ့ရခြင်းမှာ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။

ထိုစဉ်က Asylum လျှောက်ထားသူတဦးဟာ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) အဖွဲ့ဝင်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေးကို ရှေးရှုပြီး လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းခဲ့တာပါ။

အစိုးရဘက်က အခုလုပ်ငန်းစဉ်တွေ ပြန်လည်စတင်တဲ့ခါမှာ လုံခြုံရေးစစ်ဆေးမှုတွေကို ယခင်ကထက် ပိုမိုတင်းကျပ်တဲ့ “အမြင့်ဆုံးအဆင့်” နဲ့ ဆောင်ရွက်သွားမယ်ဖြစ်တယ်လို့ အတိအလင်း သတိပေးထားပါတယ်။

လျှောက်ထားသူတွေရဲ့ နောက်ခံအချက်အလက်တွေ၊ ရာဇဝတ်မှုမှတ်တမ်းတွေနဲ့ အခြားသော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အသေးစိတ် ဇကာတင်စစ်ဆေးသွားမည်ဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေမှာ ယခင်ကထက် ပိုမိုကြာမြင့်နိုင်ဖွယ်ရှိပါတယ်။

လက်ရှိမှာ ကမ္ဘာတဝန်းလုံးမှ Asylum လျှောက်ထားလိုသူမှာ အဆိုပါ “အန္တရာယ်နည်းသောနိုင်ငံများ” စာရင်းမှာ မိမိတို့နိုင်ငံ ပါဝင်ခြင်း ရှိ၊ မရှိကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

သတင်း-ဆလိုင်း

ကိုးကား-www.uscis.gov

ဓာတ်ပုံ- Ai

#USCIS #Asylum #Non-high-riskcountries #Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဗုဒ္ဓဟူးနေ့တိုင်း ယာဉ်သွားလာခွင့် လုံးဝပိတ်၊ ကျန်ရက်တွေမှာ စုံ/မ စနစ်နဲ့ စစ်ဆေးနေ

ဧပြီ ၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ လုံးဝ သွားလာခွင့်မရှိတဲ့နေ့အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေမှာလည်း “စုံ/မ” စနစ် နဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက ...

ဆက်ဖတ်ရန်